Thursday, April 25, 2024

တိုင်းရင်းသားအရေး ဦးစားပေးလုပ်ဆောင်မယ်ဆိုတဲ့ ဥပဒေပညာကျွမ်းကျင် SNLD လူငယ် တောင်ကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့အိပ်မက်

Must read

တိုင်းရင်းသားပေါင်းစုံ နေထိုင်ပြီး၊ စိုက်ပျိုးရေးနယ်မြေ၊ နိုင်ငံတကာ ခရီးသွားစိတ်ဝင်စားတဲ့ဒေသ ဖြစ်သလို သဘာဝအလှတရားတွေနဲ့ ပြည့်နှက်နေတဲ့ သျှမ်းပြည်ရဲ့ မြို့တော် တောင်ကြီးခရိုင် မှာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှ ဉ်ပြိုင်မယ့် သူကတော့ စိုင်းအောင်မြင့်ဦးဖြစ်ပါတယ်။

သူကတော့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ကိုယ်စားပြု အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။

စိုင်းအောင်မြင့်ဦး ဟာ ၂၀၁၃ -၂၀၁၅ ခုနစ်မှာ မြန်မာနိုင်ငံတိုင်းရင်းသားလူငယ်ပေါင်းစုံ ရှမ်းလူငယ်ညီလာခံသို့ တက်ရောက်ခဲ့ပြီး ဦးဆောင် ကော်မတီဝင် ၂၇ ဦး ပါဝင်သည့် ရှမ်းလူငယ်ကွန်ရက် (Tai Youth Network) မှာ ၂ နှစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဒ့ါအပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ်များမဟာမိတ် (NEYA) ကို ပူးပေါင်းတည်ထောင်ခဲ့သူတဦးလည်းဖြစ်ပါတယ်။

၂၀၁၇ ခုနစ် ပြည်ထောင်စုနေ့မှာလည်း အစိုးရကနေကြီးမှူးကျင်းပတဲ့ ငြိမ်းချမ်းရေး စကားဝိုင်းမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် နဲ့အတူ ပါဝင်ဆွေးနွေးခဲ့သူတဦးဖြစ်ပါတယ်။

လက်ရှိမှာတော့ SNLD ရဲ့ ဥပေဒ အကြံပေး အဖွဲ့ဝင်တဦးဖြစ်ပြီး၊ Tai Kadai International Company Limited နဲ့ Chan Chan Thar Thar Company Limited တို့မှာ ဒါရိုက်တာ အဖြစ်တာဝန်ယူဆောင်ရွက်နေသူတဦး ဖြစ်ပြီး၊ ကိုယ်တိုင် စိုက်ပျိုးရေးနဲ့အသက်မွေးဝမ်း လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသူ လည်းဖြစ်ပါတယ်။

သူအနေနဲ့ စိုက်ပျိုးရေးထွန်းကားတဲ့နေရာဒေသမှာ ဘယ်လို ဆောင်ရွက်မှုတွေ ပြုလုပ်ချင်လဲ၊ ပြည်သူတွေ ပြုပြင်ချင်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ ပတ်သက်ပြီးတော့ကော သူဘယ်လို ဆောင်ရွက်ဖို့ရှိနေလဲ သျှမ်းသံတော်ဆင့် သတင်းထောက် နန်းဆိုင်ဖူး က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ပထမဆုံးအနေဖြင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ( SNLD) ထဲကနေ ဘာကြောင့် ဝင်ရောက်ယှဉ်ပြိုင်ရ ပါသလဲရှင့်။

ဖြေ။ ။ လွန်ခဲ့တဲ့ ၇ နှစ် ၈ နှစ်ကတည်း က စေတနာ့ ဝန်ထမ်း ဝင်ကူညီရင်းနဲ့ နိုင်ငံရေးအကြောင်း စိတ်ဝင်စားလာ တော့ ကျနော်လည်း လေ့လာဖြစ်ခဲ့ပါတယ်။ အဲ့မှာ လေ့လာချိန်တုန်းက ကျနော် စိတ်အဝင်စားဆုံး ကတော့ မူဝါဒတွေ ဖြစ်တယ်။ ကျနော်တို့ SNLD ရဲ့ မူဝါဒ က ပင်လုံကို အခြေခံတဲ့ မူဝါဒ ဖြစ်တယ်။

ပြီးတော့ အမျိုးသား တန်းတူရေးကို ဖော်ဆောင်နေတဲ့ ပါတီ တခုဖြစ်တယ်။ ကျနော်တို့က သျှမ်းတိုင်းရင်းသား တစ်ခုတည်းမဟုတ်ဘဲ နဲ့ အမျိုးသားအားလုံး၊ တိုင်းရင်းသား အားလုံး ပြည်ထောင်စုမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူတွေ အားလုံးရဲ့ တန်းတူအခွင့်အရေးကို ဖော်ဆောင်နေတဲ့ ပါတီ ဖြစ်တယ်။

အဲ့ကြောင့် မူဝါဒတွေ ၊ခေါင်းဆောင်ရဲ့ နစ်နာခံမှုတွေ ပြီးတော့ လုပ်ဆောင်နေတဲ့ အပိုင်းတွေ အားလုံးက ကျနော့် လူငယ်တွေရဲ့ အားကိုးစရာဖြစ်တယ်။ အနာဂတ်တခုမှာလည်း ဒါဟာ လုပ်စရာအများကြီးရှိတယ်ဆိုတာကိုတွေ့ရလို့ ကျနော် ဝင်ပြိုင်ရခြင်း ဖြစ်တယ်။

မေး။ ။ စိုင်းအောင်မြင့်ဦး အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း မဝင်ပြိုင်ခင် လူမှုရေး ကိစ္စနဲ့ ပတ်သက်ပြီး ဘာတွေလုပ်ဆောင်ခဲ့ဖူးပါသလဲရှင့်။

ဖြေ။ ။ ကျနော် အရင်တုန်းကတော့ ရှမ်းစာပေယဉ်ကျေးမှု အသင်းမှာ စာ ပို့ချပေးတယ်။ NGO တွေ INGO တွေ နိုင်ငံတကာ အဖွဲ့အစည်းမှာ လုပ်တယ်။ နာဂစ် ရေဘေးသင့်ပြည်သူများအတွက်လည်း လုပ်ခဲ့ပေးတယ်။

နောက်ပိုင်းမှာကျတော့ လူငယ်ပိုင်းတွေ အများကြီး လုပ်ခဲ့ပေးတယ်။ အဓိက တိုင်းရင်းသားလူငယ်များ မဟာမိတ်ကို ဖော်ဆောင်ခဲ့တယ်။ အဲ့ဒါလေးတွေကို သမိုင်းတင်စရာဖြစ်အောင် လုပ်ဆောင်ခဲ့တဲ့ လူမှုရေးအပိုင်း အဲ့ဒါတွေပါမယ်။ ပြီးတော့ သျှမ်းလူငယ်တွေ ဖွဲ့စည်းထားတဲ့ သျှမ်းလူငယ် ကွန်ယက်ကိုလည်း ကျနော်တို့ ပါခဲ့တာပေါ့နော်။ အဲ့လိုမျိုးလုပ်ရင်းနဲ့ ကျနော်တို့ နိုင်ငံရေးထဲကို ပါဝင်ခဲ့တာပါ ခင်ဗျာ။

မေး – စိုင်းအောင်မြင့်ဦး ဝင်ပြိုင်မယ့် နေရာက ဘယ်လို အခက်ခဲတွေ စိန်ခေါ်မှုတွေ ရှိပါသလဲရှင့်။

ဖြေ – ဝင်ပြိုင်မယ့် နေရာက တော်တော်များများ ကြည့်ရမယ်ဆိုရင် ပါတီကြီးတွေ လွှမ်းမိုးထားတဲ့ နယ်မြေ ပြည်မ ပါတီတွေ လွှမ်းမိုးခဲ့တဲ့ နေရာဖြစ်နေတယ်။ နောက်တခုက အခက်ခဲက ဘာလဲဆိုတော့ ဒီနယ်မြေက သူက အဓိက လုပ်နေတဲ့ လုပ်ငန်းတွေ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ မှီတင်းနေထိုင်ကြတဲ့ ဒေသတွေဖြစ်တယ်။

သျှမ်းပြည် မြို့တော်လည်း ဖြစ်တယ်။ မြို့တော်ဖြစ်တဲ့အတွက် စိန်ခေါ်မှုလည်း ပိုကြီးတယ်။ ပိုပြီးတော့ ခက်ခဲတယ်။ ပိုပြီးတော့ ကြိုးစား အားထုတ်ရတယ်။

နောက်တခုကတော့ ပညာရေးပိုင်းကလည်း တော်တော်မြင့်တယ်။ မြို့တော်ဖြစ်တဲ့အတွက် လမ်းပန်းဆက်သွယ်ရေး လည်း ကောင်းတယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းတော့ ပြည်သူတွေက ပိုပြီးတော့ ဉာဏ်ရည်ပိုမြင့်ကြပါတယ်။

ကျနော်တို့ ပိုပြီးတော့ ကြိုးစားရမယ်။ ပြီးတော့ ကျနော်တို့က လွှတ်တော်ကိုယ်စားလှယ်ထဲမှာမှ ကျနော်တို့က လူငယ်တွေဖြစ်တယ်။ လူငယ်တွေက ၂ ယောက်၊ ၃ ယောက်ပါတယ်။ ကျနော်တို့က လူကြီးတွေနဲ့ ယှဉ်ပြိုင်ရရှိတယ်။ အဲ့ထဲမှာ အာဏာရှိတဲ့သူရှိတယ်။ လွှတ်တော်အတွေ့အကြုံရှိဖူးတဲ့သူတွေ ပေါ့။

အဲ့ကြောင့် ကျနော်တို့ အခက်ခဲက ပေါင်းစုံတွေ့ရတယ်။ နောက်တခုက လက်ရှိမှာ ကျန်မာရေးအရ ပြည်သူတွေဆီကို အရောက်သွားနိုင်ဖို့က အခက်ခဲရှိတယ်။ အခက်ခဲတော်တော်များတယ်။ အဲ့တခုကတော့ အခက်ခဲရှိတယ်။ ကျနော် ယှဉ်ပြိုင်တဲ့ မြို့နယ်တွေ မှာ ကိုဗစ်-၁၉ လူနာတွေ ဆက်တိုက်တွေ ပေါ်နေတယ်။ ကျနော်တို့ အခက်ခဲက ပေါင်းစုံရှိနေပါတယ် ခင်ဗျာ။

မေး။ ။ အခက်အခဲတွေကို ဘယ်လို ရင်ဆိုင်ကျော်လွှားဖို့ စိတ်ခွန်အားဖြစ်စေတာလဲရှင့်။

ဖြေ။ ။ ကျနော်တို့ကတော့ အဓိက ကတော့ ကျနော်တို့ အားသာချက် နဲ့ အားနည်းချက်တွေကို ကျနော်တို့က ပြည်သူကို ရိုးရိုးသားသား ချပြပါတယ်။

အွန်လိုင်းကနေဖြစ်စေ၊ မီဒီယာကနေဖြစ်စေ ကျနော်တို့ မူဝါဒဖြစ်စေ အဓိကကတော့ ဒါကို ကျနော်တို့ ယုံယုံကြည်ကြည်နဲ့ ပြည်သူအားကိုးနိုင်တဲ့ ကျနာ်တု့ိရဲ့ အရည်အချင်းတွေ ၊ ပါတီမှာရှိတဲ့ မူဝါဒတွေ အရမ်းအက်ဆက်တဲ့အတွက် ဒါကိုပဲ ကျနော်တို့က အားယူပြီးတော့မှ သွားနေပါတယ်။

ပြီးတော့ နောက်တခုက ဘာလဲဆိုတော့ မြို့နယ်မှာ ကျနော်တို့ မူဝါဒမှာရှိတဲ့ လူတန်းစားမရွေး ဘာသာမရွေး ကျနော်တု့ိကတော့ အားလုံးနဲ့ တန်းတူအတွက် လုပ်တယ်ဆိုတာ ဒါတွေကို ယုံကြည်မှု အပြည့်နဲ့ ရှေ့ဆက်သွားနေပါတယ်။ ယှဉ်ပြိုင်နေပါတယ်။

နောက်တ ခုက ဘာလဲဆိုတော့ ကျနော့်ကို ကျနော် ကိုယ့်ကိုယ် ယုံကြည်မှုရှိတာပေါ့။ မြို့တော်မှာ မယှဉ်ပြိုင်နိုင်စရာ အကြောင်း မရှိဘူး။ ကျနော်တု့ိက ပြည်သူအတွက် လုပ်တဲ့ နိုင်ငံရေး ဖြစ်တယ်။ ပြည်သူတွေကို ကိုယ်စားပြုဖို့အတွက် လုပ်တဲ့အတွက် ဝင်မပြိုင်နိုင်စရာ အကြောင်းမရှိဘူး။

ဒီနေရာမှာက ကျနော်ရဲ့ ငယ်ကတည်း ကျောင်းပြီး ပညာသင်ယူခဲ့တဲ့ နေရာဖြစ်တဲ့အတွက် ကျနော် ဝင်ပြိုင်တာပေါ့ အဲ့လိုမျိုး။ အဲ့တစ်ခုရှိတာပေါ့ အဲ့ကြောင့် ကျော်ဖြတ်တဲ့နေရာ ကြိုးစားနေတုန်းပဲ။ အားလုံးကိုတော့ မထိရောက်ပေမယ့်လည်း တတ်နိုင်သမျှ အစွမ်းကုန်ကြိုးစားနေပါတယ် လို့ ပြောချင်ပါတယ်။

မေး။ ။ တကယ်ကို လွှတ်တော်ထဲ ရောက်သွားရင် ဘယ်အရာကို ပြုပြင်ချင်ပါသလဲရှင့်။

ဖြေ။ ။ ကျနော်တို့က ကျနော်တို့ရဲ့ မူဝါဒ ကျနော်တို့ရဲ့ပါတီရဲ့ အသိအမှတ် ပန်းတိုင်အမျိုးသားတန်းတူရေးအတွက်ကို ကျနော် ဖော်ဆောင်ဖို့အတွက် အမျိုးသားတန်းတူရေး နဲ့ ပတ်သက်တဲ့ အရာမှန်သမျှကို လွှတ်တော်ထဲမှာ ကျနော်တု့ိ တင်ပြမှာပါ။

ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လုံးဝ ပြင်ဖို့ လိုတာပေါ့။ အစ အဆုံး ပြင်ဖို့ လိုတယ်ဆိုတဲ့အကြောင်း ကိုတော့ ကျနော်တို့ ခေါင်းဆောင်တွေ ပြောသွားတာတွေရှိတယ်။ ကျနော်တို့ရဲ့ မူဝါဒတွေမှာလည်းရှိတယ်။ ကျနော် ကိုယ်တိုင်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ကျနော်တို့ရဲ့ အဟန့်အတားဖြစ်တယ် ဆိုတဲ့အကြောင်း ကျနော် ကောင်းကောင်းလေ့လာခဲ့တဲ့အတွက် ဒါကတော့ ထိပ်ဆုံးဖြစ်နေတာပါ။

ကျနော်တို့ လွှတ်တော်ထဲ ရောက်ရင်တော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်မယ့် ဘယ်သူမဆို ကျနော်တို့ ပေါင်းပြီးတော့ လုပ်ဖို့အတွက်ကတော့ အဆင်သင့်ရှိပါတယ်။ အဲ့ဒါကို ရည်မှန်းထားပါတယ် ခင်ဗျာ။ ပြည်သူ့အကျိုးပေါ့နော်။

မေး။ ။ ဝင်ပြိုင်မယ့် မဲဆန္ဒနယ်မှာဆိုရင် ဘယ်လို ပြဿနာရှိပါသလဲရှင့်။ အဲ့ဒီ ပြဿနာတွေကို ဘယ်လို ဖြေရှင်းပေးချင်ပါသလဲရှင့်။

ဖြေ။ ။ ကျနော်ကတော့ တွေ့တာပေါ့နော်။ ရေတို ရေရှည်ရှိတာပေါ့နော်။ ၂ ခုရှိတာပေါ့နော်။ ရေတိုရေရှည်ရှိတဲ့အတွက် သျှမ်းပြည်တောင်ပိုင်း က ငြိမ်းချမ်းတယ်။ လက်နက်ကိုင်တွေလည်း သိပ်အများကြီး အနှောက်အယှက်မရှိဘူး။

ကျနော် မြို့နယ်မှာဆိုရင် သယံဇာတတွေများတယ်။ စိုက်ပျိုးရေးတွေ ရှိတယ်။ အောင်ပန်း ကလောမြို့နယ်ဆိုရင် စိုက်ပျိုးရေး အထွန်းကားဆုံး နေရာဖြစ်တယ်။ ပြီးတော့ ပြည်မတွေကကို အများဆုံး ပို့တဲ့ ကုန်သွယ်တွေဖြစ်တယ်။ ဥပမာ ရပ်စောက်မြို့နယ်ဆိုရင် သရက်သီးတို့ တခြားသီးနှံတွေဆိုရင် နှစ်ရှည်ပင် သီးနှံတွေဆိုရင် နိုင်ငံခြားကို ပို့နေတဲ့ နိုင်ငံတော် ဝင်ငွေ တစ်ခုဖြစ်နေပါတယ်။

ပြီးတော့ တောင်သူ လယ်သမားတွေ ရဲ့ ဘဝ ရှေ့ရေးတွေ အခက်ခဲတွေ ရှိနေတာကို ကျနော်တို့ တွေ့နေရပါတယ်။

ညောင်ရွှေမြို့နယ်မှာဆိုရင် ရေအရင်းအမြစ် အဲ့လောက်ရှိရဲ့သားနဲ့ ဘာကြောင့် ကျနော်တို့ နိုင်ငံ ဒေသ မဖွံ့ဖြိုးတာလဲ။

နိုင်ငံတကာ လာပြီးတော့ အာရုံစိုက်နေတဲ့ ခရီးသွားတွေ ဖြစ်ထွန်းတဲ့ နေရာတစ်ခုဖြစ်တယ်။ အဲ့ဒါကို ဘာကြောင့် မတိုးတက်ဘဲ ဒီနေရာမှာ ပြည်သူတွေရဲ့ ရပိုင်ခွင့် ဘာကြောင့် ဆုံးရှုံးနေရတာလဲ ဆိုတာ ကျနော်တို့က တွေ့နေရတယ်။

တောင်ကြီးမြို့နယ်ဆိုရင်လည်း တောင်ကြီးဆိုရင်လည်း မြို့ပြ စီမံကိန်းတွေက အရမ်းကို မရှိဖြစ်နေတယ်။ မူဝါဒတွေ မရေးဆွဲဘူး။ ပြီးတော့လည်း အစိုးရ ဆက်ဆက်လည်း တောင်ကြီးမြို့ကို အာရုံစိုက်မှုက အားနည်းနေတယ်။

အဲ့ဒါတွေ ကျနော်တို့က ဖြေရှင်း ချင်ပါတယ်။ ဒီဟာတွေ ကျနော်တို့ မြင်တယ်။ ကျနော်တို့ မဲဆန္ဒနယ် နယ်မြေမှာ အဲ့ဒါတွေ တော်တော်လိုအပ်တယ်။ ဖယ်ခုံ ဆိုရင်လည်း ရေစီးတဲ့ နေရာ ညောင်ရွှေကနေ စပြီး စီးဆင်းသွားတဲ့နေရာ အာလုံးက ဟိုဘက်အကုန်ရောက်တယ်။ ဒီဟာတွေ မခံစားရဘူး။ အဲ့ခါကတော့ ကျနော်တို့အနေနဲ့ ဒါတွေကိုဖော်ဆောင်ဖို့ လိုတယ်။ ဖြေရှင်းဖို့ လိုတယ်။ ရေရှည်မှာလည်း ကျနော်တို့ရဲ့ ပြည်နယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကျနော်တို့က ရေးဆွဲဖို့ လိုပါတယ်။ Federal Nation State ဖက်ဒရယ်ကို ဖော်ဆောင်တဲ့ ပါတီဖြစ်တဲ့အတွက် ပြည်နယ်ရဲ့ ဖွဲ့စည်းပုံ အခြေခံ ရေးဆွဲမယ်ဆိုရင် ပိုပြီးတော့ ကျနော်တို့ရဲ့ ကိုယ်ပိုင် စီမံပိုင်ခွင့် ပိုများလာမှာပေါ့။ အဲ့လိုမျိုးတော့ မြင်ပါတယ်။ အဲ့လိုဆို ကျနော်တို့ ဖြေရှင်းဖို့ လိုတယ်လို့ ကျနော် မြင်ပါတယ်။

မေး။ ။ လူငယ်တွေ နိုင်ငံရေးထဲ များများ ပါဝင်လာဖို့ ဘယ်လို တိုက်တွန်းချင်ပါသလဲရှင့်။

ဖြေ။ ။ လူငယ်တွေ နိုင်ငံရေးထဲ ပါဝင်လာဖို့ဆိုရင် အထိုက်အလျောက် စာများများဖတ်ပြီးတော့ ကျနော်တို့ရဲ့ဒီနိုင်ငံရေးရဲ့ သမိုင်းကို သိဖို့ လိုတယ်။ နိုင်ငံရေးကို မှတ်ရ မတ်ရမယ်။ အဲ့မှသာ ကျနော်တို့ရဲ့အနာဂတ်ကို ဘာဖြစ်ချင်လဲဆိုတာကို ဖော်ဆောင်နိုင်တာပေါ့။ ကျနော်တု့ိ လုပ်နိုင်တယ်လို့တော့ မြင်တယ်။ လူငယ်တွေ အနေနဲ့တော့ ကိုယ်တတ်နိုင်တဲ့ နေရာ ကိုယ်ရောက်တဲ့ နေရာ ကနေပြီးတော့ အားစိုက်ဖို့ လိုတာပေါ့။ နိုင်ငံအကြောင်း ပြည်နယ်အကြောင်း ရပ်ကွက်ကျေးရွာအကြောင်း ထိုက်သင့်တဲ့ နေရာကို ကူညီပြီးတော့ လေ့လာပြီးတော့ ဒီပေါ်မှာ ဘယ်လိုရှေ့ဆက်သွားမလဲဆိုတာကို တိုင်ပင်မယ်။ စုစည်းမယ်။ ပြီးတော့ ဒီအပေါ်မှာ သုံးသပ်မယ်ဆိုရင် ပိုပြီးတော့ ထိရောက်တဲ့ လူငယ်တွေရဲ့ ပါဝင်မှုက ပိုပြီးတော့ ရောက်ရှိလာမှာပါ။

ဒီနိုင်ငံရေးမှာ အားစိုက်ရမယ်။ ကျနော်တို့ လုပ်နိုင်စရာ အများကြီးရှိပါတယ်။ လူငယ်တွေ လူမှုရေးတွေ လုပ်နေတာ အများကြီးရှိတယ်။ နိုင်ငံရေးလည်း အများကြီး ကိုယ်စိတ်ဝင်စားတဲ့နေရာမှာ ဝင်ပါပေါ့နော်။ နိုင်ငံရေးဆိုရင်လည်း နိုင်ငံရေး နဲ့ ပတ်သက်တဲ့ ဟာတွေကို အကူညီတောင်းလို့ အများကြီးရပါတယ်။ လူမှုရေးဆိုရင်လည်း ဝင်ပါမယ်ဆိုရင် ပိုပြီးတော့ လူငယ်တွေ တက်လာမယ်။ နိုင်ငံတော်ကို ကူညီဖို့အတွက် အဆင့်သင့် ဖြစ်လာမှာပေါ့နော်။ ယုံကြည်မှု အပြည့်နဲ့ လုပ်ပါလို့ တိုက်တွန်းချင်ပါတယ်။ ကျနော်တု့ိလည်း အဲ့လိုပဲ ကြိုးစားခဲ့ပါတယ်။ ရေသာမခိုပဲနဲ့ ရောက်တဲ့ နေရာမှာ အစွမ်းကုန်ကြိုးစား အစွမ်းကုန်ဆွေးနွေး လေ့လာတယ်။ အဲ့မှ ကိုယ့်ရောက်ချင်တဲ့ ရည်မှန်းချက် ရောက်မှာပေါ့။ အဲ့လို တိုက်တွန်းချင်ပါတယ်ခင်ဗျာ။

မေး။ ။ စိုင်းအောင်မြင့်ဦး အနေနဲ့ မဲဆန္ဒရှင်တွေကို ဘာများ ပြောချင်ပါသလဲရှင့်။

ဖြေ။ ။ မဲဆန္ဒရှင်တွေကိုတော့ ကျနော်တို့ကတော့ ပြည်သူတွေကို ကျနော်တို့ ဦးထိပ်ထားပါတယ်။ ကျနော်တို့ကို လာမယ့် ရွေးကောက်ပွဲမှာ ကျနော်တို့ကို အားပေးပါ။ ကျနော်တို့ိကို ခိုင်းကြည့်ပါ။ ကျနော်တို့ လူငယ်တွေကို တာဝန်ပေးကြည့်ပါ။ ကျနော်တို့ရှိတဲ့ အရည်အချင်းနဲ့ ကျနော်တို့ရဲ့ သဘောထား မူဝါဒတွေ အကောင်အထည်ဖော်ပြီးတော့ ပြည်သူတွေအတွက် လုံးဝကို အာမခံတယ်။ ပုဂ္ဂိုလ်ရေး ဖြစ်စေ ပါတီဖြစ်စေ ကျနော်တို့ အာမခံပါတယ်။ ကျနော်တို့ရဲ့ ပါတီ အာမခံတယ်။ ဒါကြောင့် မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ မမှားဖို့အတွက် ကျနော်တို့ တိုက်တွန်းချင်ပါတယ်။ မဲထည့်တဲ့အခါမှာလည်း ပယ်မဲ မဖြစ်ဖို့ အတွက်ကိုလည်း ဂရုစိုက်ပေးပါ။ ကျနော်တို့ကိုချစ်တယ်။ မဲထည့်ပါတယ်။

သို့သော်လည်း ခိုင်လုံမဲ မဖြစ်ဘဲနဲ့ ပယ်မဲဖြစ်သွားလို့ရှိရင် ပြည်သူတစ်ယောက်ရဲ့ ရပိုင်ခွင့် ဟာ ဆုံးရှုံးသွားနိုင်တယ်။ ၅ နှစ်မှ တစ်ကြိမ် ကိုယ်စားလှယ်တွေကိုလည်း ကျနော်တို့က ကောင်းကောင်းရွေးနိုင်တဲ့ အခြေအနေ ဒီချိန်မှာက ဒီရွေးကောက်ပွဲက ပြည်သူတွေရဲ့ အာဏာရှိချိန် ဖြစ်တာပေါ့နော်။ အဲ့လိုမျိုး တိုက်တွန်းချင်ပါတယ်။ ကျန်းမာရေး ဂရုစိုက်ပါ။ ကျနော်တို့ရဲ့ ကျန်းမာရေးလည်း ဂရု မစိုက်လည်း မရဘူး။ မဲသွားထည့်ချိန်မှာလည်း လိုအပ်တဲ့ Social Distancing ကွာကွာနေပါ။ Mask တွေ တပ်ပေးပါ။ ဂရုစိုက်ပြီး တော့ မဲထည့်စေချင်တယ်။ ပြည်သူတွေကိုလည်း လေးစားကြောင်းလည်း တိုက်တွန်းအကြံပြုလိုပါတယ်ခင်ဗျာ။

မေး – နောက်ဆုံး အနေနဲ့ ဘာများ ဖြည့်စွက်ပြောချင်ပါသလဲရှင့်။

ဖြေ – ကျနော်တို့ရဲ့ပါတီကို အားပေးပါ။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် မှာ ရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ် အသီးသီး ဝင်ပြိုင်တဲ့ နေရာကို အားပေးပါ။ ကျနော်တို့ရဲ့မူဝါဒလည်း ပြည်သူအတွက်ဖြစ်တယ်။ ပြည်သူကနေ ပြည်သူ တင်မြောက်ထားတဲ့ ကိုယ်စားလှယ် လည်း ဖြစ်သလို ပြည်သူကနေ ပူးပေါင်းပါဝင်တဲ့ ပါတီလည်းဖြစ်တယ်။ အဲ့ကနေ နိဂုံးချုပ်ချင်ပါတယ်ခင်ဗျာ။

အခုလို အချိန်ပေး ဖြေကြားပေးတဲ့အတွက် ကျေးဇူးပါရှင့်။

Leave a Comments

- Advertisement -spot_img

Latest article