ဟုမ္မလင်းမြို့နယ် ကျားနီပါတီမဲဆွယ်စည်းရုံးရေးမှူး ကို အစိုးရတပ်ကဖမ်းဆီးရိုက်နှက်

0

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် မိုင်းကိုင်းအုပ်စု ပုံနွဲ့ကျေးရွာ ကျားနီ ပါတီ စည်းရုံးရေးမှူး ဦးမောင်သိန်း ကို အရပ်ဝတ်ဖြင့် အစိုးရတပ်သားများ လာရောက် ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (အောက်တိုဘာ ၂၇)ရက် ည ၈နာရီခွဲက ဟုမ္မလင်းမြို့နယ် မိုင်းကိုင်း အုပ်စု ပုံနွဲ့ကျေးရွာ ၌ တိုင်းနီ (ရှမ်းနီ) အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (ကျားနီ) စည်းရုံးရေးမှူး ဦးမောင်သိန်းကို အရပ်ဝတ်ဖြင့် တပ်သား များက လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ကျားနီ ပါတီ ဥက္ကဌ ဦးဌေးအောင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အရပ်ဝတ်နဲ့ တပ်သားတွေက ည ၈နာရီခွဲလောက်မှာ ကျနော်တို့ ရဲ့ ပုံနွဲ့ကျေးရွာ စည်းရုံးရေးမှူးကို အိမ်ပေါ်ကနေ လာပြီးဖမ်းတယ်။ ပါတီကွဲတာခင်ဗျားသိရမယ်ဆိုပြီး ရိုက်နှက် နောက်ပြန်ကြိုးတုတ်ပြီး ဖမ်းခေါ်သွားတယ်” ဟု ဦးဌေးအောင် က ပြန်လည် ပြောပြသည်။

ဖမ်းဆီးခေါ်ဆောင်သွားပြီး တပ်ကုန်းရောက်ချိန်တွင် လူသတ်မှုနှင့် ပတ်သက်ပြီး ထပ်မံစွပ်စွဲကာ ရိုက်နှက်မှုပြုလုပ်ပြီး အတင်းအဓမ္မဝန်ခံခိုင်းကြောင်း၊ ထို့အပြင် ရှမ်းနီ တပ်ဖွဲ့ နှင့် ချိတ်ဆက်မှု ရှိသည်ဟုလည်းစွပ်စွဲပြောဆိုကာ ကျားနီပါတီ နာမည်ပျက်အောင် ပြုလုပ်နေ ကြောင်း ဦးဌေးအောင် က ပြောသည်။

“ တပ်မတော်ကတော့ ဒီလို ရိုက်တာ မလုပ်သင့်ဘူး။ တကယ်ဆိုရင်ဖမ်းတာ ရဲရှိရမယ်။ ဖမ်းဝရမ်းပါရမယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးပါရမယ်။ အခု က ဘာမှ မပါဘဲ အိမ်ကို ဝင်စီး၊ အကြမ်းဖက်ပြီး လူကို ဖမ်းတာပါ” ဟု ဦးဌေးအောင်က ဆိုသည်။

ယခုကဲ့သို့ မဲဆွယ်စည်းရုံးရေးမှူးကို ဖမ်းဆီးရိုက်နှက်စွပ်စွဲခြင်းသည် ကျားနီပါတီ နာမည်ပျက်အောင်ပြုလုပ်နေခြင်းဖြစ်ပြီး၊ ကျားနီကို ထောက်ခံ သည့် ပြည်သူများအား မဲမပေးရဲအောင် ခြောက်လှန့်နေသည့်သဘောဖြစ်ကြောင်း သူက ပြောသည်။

လက်ရှိမှာ ဦးမောင်သိန်းကို ဟုမ္မလင်းမြို့နယ် နမ့်တော ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်းထားကြောင်း၊ ဦးမောင်သိန်း ပြန်လွှတ်ပေးရန် အတွက် ကြိုးစားနေကြကြောင်းလည်း သိရသည်။

ကျားနီပါတီသည့် လာမည့် ၂၀၂၀ ပါတီစုံ ရွေးကောက်ပွဲ တွင်စစ်ကိုင်းတိုင်း ဒေသကြီး တွင် ၁၀ နေရာ၊ ကချင်ပြည်နယ် တွင် ၃၁ နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Comments

SHARE