ကိုဗစ်-၁၉ ကြောင့် အင်းလေးဖောင်တော်ဦး ဘုရား ဒေသစာရီ ကြွချီခြင်းမပြုလုပ်

0

ကိုဗစ်-၁၉ ကြောင့် သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားဒေသစာရီ ကြွချီခြင်းမရှိသည့် အတွက် စက်လှေသမားများ မျှော်လင့်ချက်မဲ့နေကြကြောင်း စုံစမ်းသိရသည်။

အင်းလေးဒေသတွင်နေထိုင်သည့် ပြည်သူများသည် တနှစ်တကြိမ် အင်းလေး ဖောင်တော်ဦး မြတ်စွာ ဘုရာ ရုပ်ရှင်တော်မြတ် လေးဆူ ဒေသစာရီ ကြွချီခြင်းကို သာ အားကိုးပြီး ရှာဖွေစားသောက်ကြကြောင်း၊သို့သော် ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါကြောင့် မကျင်းပ နိုင်သည့် အတွက် စက်လှေသမားများ အခက်အခဲဖြစ်နေကြကြောင်း အင်းလေးဒေသခံ မြန်မာခရီးသွား စက်လှေ အသင်းများ က ပြောဆိုကြသည်။

“ ဒေသခံ အနေနဲ့တော့ တော်တော်လေးကို ဝမ်းနည်းကြေကွဲဖွယ် တစ်ခုဖြစ်ပါတယ်။ ဒီဖောင်တော်ဦး ဘုရားဒေသစာရီ ကြွတော်မူတယ်ဆိုတာက နိုင်ငံနဲ့ အဝှမ်းက သိနေတော့ ဒီလိုအချိန်မျိုးမှာ ဝင်ငွေ ရှိတာပေါ့။ အခု ဘုရားမကြွဖြစ်ဘူးဆိုတော့ စားဝတ်နေရေးကော အလုပ်တွေကော အားလုံးဟာ သဲထဲရေသွန်ဖြစ်သွားတာပေါ့” ဟု မြန်မာခရီးသွား စက်လှေအသင်း ဦးစိန် ကပြောသည်။

ဖောင်တော်ဦး ဘုရားဒေသစာရီ ကြွတော်မူမည် အထင် မျှော်လင့်ချက်ဖြင့် စက်လှေသမားများ က စက်လှေများကို သစ်စေးဖြင့် ဆေးသုတ်ခြင်း စက်အင်ဂျင်များ ပြန်လည် ပြုပြင်ထားကြောင်း ဦးစိန် ကပြောသည်။

“စက်တစ်စီးကို လေးလေးတို့ ပြင်ဆင်ရတယ်ဆိုလို့ရှိရင် အနည်းဆုံး မကုန်ဘူးဆိုရင် ဒီချိန်မှာ ၅ သိန်း ၆ သိန်း ဝန်းကျင်လောက်ကုန်တယ်။ သစ်စေးက တစ်ပိဿ ၂ သောင်းလောက်ရှိပြီ။ မျှော်လင့်ချက်တွေ တော်တော်လေး ကင်းမဲ့သွားတယ်” ဟု ဦးစိန် ကပြောသည်။

အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များသည် နှစ်စဉ် သီတင်းကျွတ်လဆန်း ၁ ရက်မှ သီးတင်းကျွတ်လပြည့်ကျော် ၃ ရက်ထိ အင်းလေးဒေသ ၂၁ ဌာသို့ ဒေသစာရီ ကြွချီပူဇော် ကြကြောင်းသိရသည်။

အင်းလေးဒေသခံများသည် ခရီးသွားလုပ်ငန်းများကို အဓိက လုပ်ကိုင်စားသောက်ကြသဖြင့် ယခုခါမှာ ကိုဗစ်-၁၉ ဖြစ်သည့်အတွက် ဘုရားများကို ပိတ်ထားပြီး ခရီးသွားလာခြင်းကို ခွင့်မပြုသည့်အတွက် ဒေသခံများ စားဝတ်နေရေးအတွက် များစွာ ကြပ်တည်းကြောင်း ဒေသခံများက ပြောဆိုကြသည်။

“ ကျမတို့ ဒေသက ခရီးသွားလုပ်ငန်းကို မှီပြီး ရှာရတာလေ။ ဒီတနှစ်တော့ ကျမတို့ အခက်အခဲဆုံးနှစ်ပဲ။ ခရီးသွားဧည့်သည်လည်းမလာ။ စိုက်ပျိုးရေးလုပ်ပြန်တော့လည်း အဆင်မပြေဘူး” ဟု ဒေသခံအမျိုးသမီး တဦးက ပြောသည်။

အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ရှင်တော်မြတ်ကို ဒေသစာရီ ကြွချီပူဇော်ခံရေးနှင့် ပတ်သက်ပြီး သြဂုတ် ၁၇ ရက် တွင် အင်းလေးဖောင်တော်ဦးဘုရား ထိန်ထိန်လင်းကျောင်းမှာ ကျင်းပသည့် သြဝါဒစရိယ ဆရာတော်ကြီးများ၊ မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့များက ယခုနှစ်တွင် ဒေသစာရီ ကြွချီပူဇော်ခံခြင်း မပြုတော့ကြောင်း ဆုံးဖြတ်ခဲ့ကြကြောင်းသိရသည်။

ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်နေသည့် ကာလဖြစ်ခြင်း၊ လူစုလူဝေး နှင့် ပွဲလမ်းသဘင်များကို ရှောင်ကြဉ်ခြင်း စသည်တို့ကြောင့် ဒေသစာရီ ကြွချီ ပူဇော်ခံခြင်း မပြုရခြင်းဖြစ်ကြောင်း သိရသည်။

အင်းလေးဖောင်တော်ဦး ဘုရားပွဲသည် မြန်မာလူမျိုးသာမက နိုင်ငံတကာမှ စိတ်ဝင်စားသည့် ပွဲတော်ဖြစ်ပြီး၊ ခရီးသွားဧည့်သည်များစွာ လာရောက်လည်ပတ်သည့် ပွဲတော်တစ်ခုလည်း ဖြစ်သည်။

အင်းလေးဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်မြတ်များ ဒေသစာရီ ကြွချီ အပူဇော်ခံပွဲတွင် အင်းလေးဒသ ၂၁ ဌာနဖြစ်သည့် မူလစံကျောင်းတော်မှ ကျေးပေါခုံ၊ အင်းတိန်၊ ဟဲယာရွာမ၊ ငါးဖယ်ချောင်း၊ ကြေးစားကုန်း၊ ပွဲစားကုန်၊ လင်းကင်း၊ ညောင်ရွှေမြို့၊ နန်းသဲ၊ မိုင်းသောက်၊ သလဲဦး၊ ကေလာ၊ ဇရပ်ကြီး၊ အလိုတော်ပေါက် နန်းပန်၊ မကျည်းဆိပ်၊ ကျိုင်းခမ်း၊ မိုင်းပျိုး၊ နောင်တော၊ အင်းပေါခုံ၊ ရေသာ သို့ ဒေသစာရီ ကြွချီ အပူဇော်ခံ သွားခြင်း ဖြစ်သည်။

Leave a Comments

SHARE