Thursday, April 25, 2024

သျှမ်းပြည်ငြိမ်းချမ်းတဲ့နေရာတွေကို မဲပေးခွင့်ပိတ်တာဟာ သျှမ်းပြည်သူတွေရဲ့အခွင့်အရေးကိုချိုးဖောက်တာ

Must read

ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်နေတဲ့ ရန်ကုန်၊ မန္တလေးတွေမှာ ရွေးကောက်ပွဲ မရပ်ဆိုင်းဘဲ ကိုဗစ်ကူးစက်မှုလူဦးရေ နည်းတဲ့ တိုင်းရင်းသားဒေသ အဓိက သျှမ်းပြည်မှာ ရွေးကောက်ပွဲ မကျင်းပတဲ့ နေရာများတဲ့ အပေါ် နိုင်ငံရေးသမားများ၊ ပါတီခေါင်းဆောင်များနှင့် လူမှု အဖွဲ့အစည်းများက တရားမျှတမှုမရှိဘူးလို့ပြောဆိုကြပါတယ်။ ဒီအပေါ် ဒေသခံလူထု ဘယ်လောက်ထိ အခွင့်အရေးဆုံးရှုံးနေသလဲ။ သျှမ်းသံတော်ဆင့် မှ သတင်းထောက် နန်းဆိုင်ဖူး နှင့် စိုင်းဆိုင်လှိုင်း က နေ ဆက်သွယ်မေးမြန်းပြီးစုစည်းတင်ပြထားပါတယ်။

“ပြေလည်မှုမရှိရင်နားလည်မှုလွဲမယ်၊ နားလည်မှုလွဲရင်မဖြစ်သင့်တာဖြစ်လာနိုင်တယ်”

ဦးမောင်မောင်စိုး သျှမ်းပြည်နိုင်ငံရေး လေ့လာ သုံးသပ်သူ

အဓိက သျှမ်းပြည်မှာ ၆ မြို့နယ် နဲ့ ကျေးရွာအုပ်စု တစ်ချို့ ရွေးကောက်ပွဲ မကျင်းပဘူး။ အဲ့တော့ ၅ မြို့နယ်က အရင်ကတည်းက မကျင်းပတာ “ဝ” ၄ မြို့နယ် နဲ့ မိုင်းလား တစ်မြို့နယ် ၂၀၁၀ ကတည်းက မကျင်းပတာပါ။

မိုင်းကိုင်နဲ့ ပတ်သက်လို့ကတော့ လက်နက်ကိုင် တပ်တွေရဲ့ စွက်ဖက်မှုတွေရှိတယ်လို့ ပြောတာမျိုးလည်းရှိနေတယ်။


စည်းရုံးရေးအလုပ်နိုင်အောင်ကန့်သတ်တာလို့ပြောတာတွေလည်းရှိတယ်။ ဒါမယ့် အဲ့ဒါတွေကလည်း တရားဝင်မဟုတ်ဘူးဗျ။ ဘာကြောင့်လဲဆိုတဲ့ အကြောင်းကတော့ ဒီနေ့ ရွေးကောက်ပွဲ ကော်မရှင် က သတင်းစာရှင်းလင်းပွဲ လုပ်မယ်ပြောတယ်။ အဲ့ကျမှပဲ အကြောင်းရာ သိရမှာပဲ ထင်တယ်။

ဒါမယ့် နှိုင်းယှဉ်မှု အရကတော့ ဒေသခံတွေ အားလုံးရဲ့ ပြောအရကတော့ စစ်ပွဲ မဖြစ်ပဲ တည်ငြိမ်တယ်။ ကိုဗစ်ကလည်း တည်ငြိမ်တယ် ဆိုတဲ့ အခြေနေအောက်မှာ ရွေးကောက်ပွဲ လုပ်သင့်တယ်လို့ အားလုံးက ယူဆကြတာပေါ့။

ရွေးကောက်ပွဲ မကျင်းပတဲ့ တချို့ ကျေးရွာအုပ်စုတွေမှာလည်း လားရှိုးမြို့နယ် မယ်ဟန်ကျေးရွာအုပ်စုတို့ မူဆယ်မြို့နယ် တော်ရွက်ရပ်ကွက်တို့ မကျင်းပတာတွေ မေးခွန်းထုတ်စရာတွေရှိတယ်။ အဓိကကတော့ UEC ရဲ့ လုပ်နည်းလုပ်ဟန် နဲ့လည်း ဆိုင်တယ်။

လက်ရှိ UEC ကတော့ သူ့ဟာသူပဲ ရတဲ့ အချက်အလက်ပေါ် ဆုံးဖြတ်တဲ့ခါကျတော့ ဝေဖန်ပြောဆိုစရာ အရမ်းများသွားတယ်လို့ ထင်ပါတယ်။

အဲ့တော့ အားလုံး ထောက်ပြနေလို့ပဲ တကယ် စစ်ဖြစ်နေတဲ့ နေရာတွေ နောက် ကိုဗစ် တွေ ပြင်းထန်တဲ့ နေရာတွေ ရွေးကောက်ပွဲ လုပ်ပြီးတော့ စစ်လည်းမဖြစ် ကိုဗစ်လည်းနည်း တဲ့ နေရာမှာ ရွေးကောက်ပွဲမလုပ်တဲ့ ပြောဆိုစရာတွေအများကြီး ဖြစ်လာတယ်။

အဲ့တော့ ဒီနယ်တွေကလည်း တိုင်းရင်းသားပါတီတွေ အနိုင်ရထားတဲ့ နယ်မြေတွေ ဖြစ်တော့ တိုင်းရင်းသား ပါတီတွေနဲ့တော့ ရွေးကောက်ပွဲ ကော်မရှင် ကြေညာချက်တွေပေါ်မှာ မပြေလည်ကြဘူး။ ပြေလည်မှု မရှိဘူး။ အဲ့ပြေလည်မှု မရှိ ကနေပြီးတော့ ပြည်မ ပါတီ နဲ့ တိုင်းရင်းသား ပါတီ တွေကြားထဲမှာ ပိုပြီးတော့ နားလည်မှု ပိုပြီးတော့ လွဲချော်စေတယ်။ မဖြစ်သင့်မှုတွေ ဖြစ်လာမယ်လို့ပဲ ထင်ပါတယ်။

“လုံခြုံရေးအကြောင်းပြ ရွာချင်းကပ်ရက်နဲ့ တရွာပါပြီး တရွာမပါတာဟာ နိုင်ငံသားအခွင့်အရေးဆုံးရှုံးစေတယ် ”

လွေးပို့လဘား

တအောင်းအမျိုးသမီးအဖွဲ့အစည်း (TWO) တွဲဖက် အထွေထွေ အတွင်းရေးမှူး (၂)

သျှမ်းပြည်နယ်မှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့ ကြေညာထားတဲ့ မြို့တွေမှာ ကြည့်မယ်ဆိုလို့ရှိရင် ကျမတို့က အပိုင်း (၃) ပိုင်း တွေ့ရတယ်။

အဲ့အပေါ်မှာ မူတည်ပြီးတော့မှ ပြည်သူလူထုတွေအတွက်ရော ဝင်ရောက် ယှဉ်ပြိုင်မယ့် ပါတီတွေရော လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအတွက်ရော Fair (တရားမျှတမှု) မဖြစ်ဘူးလို့တော့ ကျမတို့ မြင်မိတယ်။

တကယ်လို့များ တချို့ဒေသ တချို့မြို့နယ်တွေမှာ ရွေးကောက်ပွဲ ကော်မရှင်ကနေ ပြန်လည်ပြင်ဆင်ပေးနိုင်တယ်ဆိုလို့ရှိရင်တော့ ပိုပြီးတော့မှ ကောင်းတယ်လို့ ကျမတို့က မြင်တယ်။

ကြည့်ကြည့်လိုက်တဲ့ အခါကျတော့ သျှမ်းပြည်နယ် တချို့မြို့နယ်မှာဆိုလို့ရှိရင် တိုက်ပွဲ လုံးဝ မဖြစ်ဘူး။ ပြီးလို့ရှိရင် ကိုဗစ် လည်းမများဘူး။ အဲ့ဒီလို နေရာတွေမှာ သူတို့ရွာရဲ့ ဘေးနားရွာကျတော့ ရွေးကောက်ပွဲ ကျင်းပပိုင်ခွင့်ရှိတဲ့ အထဲမှာပါသွားပြီးတော့မှ ရွာက နီးနီးကပ်ကပ်လေးရယ် ။ တရွာပါပြီးတော့မှ တရွာမပါဘူး ဆိုတဲ့ ပုံစံမျိုးကိုတော့ တွေ့ရတယ်။

နောက် တစ်ချို့ပိုင်းတွေမှာကျတော့ ရွေးကောက်ပွဲ ကျင်းပမယ့် တချို့ မဲရုံတွေက ကျင်းပပိုင်ခွင့်မရှိဘူးလို့ မကျင်းပတော့ဘူးလို့ သူတို့ကြေညာထားတဲ့ ရွာကို ဖျက်ပြီးတော့မှပဲ တချို့ မဲရုံတွေမှာ သွားထည့်ရမယ့် အနေအထားမျိုး တွေမှာ ရှိတယ်။ တကယ်လို့များ လုံခြုံရေး မကောင်းဘူး ဆိုလို့ရှိရင်တော့ သူတို့ အဲ့ဒီရွာတွေကို ဖြတ်ကျော်ရမယ်။

ဒုတိယအနေနဲ့ စဉ်းစားမိတာက နိုင်ငံရေး ကစားကွက်များလား။ အဲ့လိုမျိုးဖြစ်တော့ အဲ့မှာ နေထိုင်နေတဲ့ နိုင်ငံသားတွေကလည်း နိုင်ငံသား အခွင့်အရေးကို ဆုံးရှုံးရတယ်။ ၅ နှစ်မှ တစ်ခါ ကြိုက်နှစ်သက်တဲ့ ကိုယ်စားလှယ်ခေါင်းဆောင်ကို ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြောက်တဲ့ အခါကျမှ သူတို့အခွင့်အရေးဆုံးရှုံးသွားတယ်လို့တော့ ကျမတို့က မြင်တယ်။

တစ်ချို့နေရာတွေမှာကျတော့ နည်းနည်း conflict(ပဋိပက္ခ) ဧရိယာတွေ ဖြစ်ပေမယ့် လည်း ဒါကလည်း အခုလက်ရှိ အစိုးရနဲ့ တပ်မတော်ပေါ်မှာလည်း အများကြီး မူတည်တယ်လို့တော့ ကျမတို့ မြင်တယ်။

တိုက်ပွဲဖြစ်နေတဲ့ ဧရိယာဖြစ်တယ်လို့ ပြောနေတဲ့ ဧရိယာတွေ အရမ်းကြီး စိုးရိမ်စရာ အနေအထားမရှိဘူး။

တကယ်လို့များ တပ်ဘက်ကနေပြီးတော့မှ ဒီလိုမျိုး ထိုးစစ်မဆင်ဘူး တပ်အင်အား မတိုးချဲ့ဘူးဆိုလို့ရှိရင်တော့ ဒါက ကောင်းကောင်းမွန်မွန် ရွေးကောက်ပွဲလုပ်နိုင်တဲ့ အနေအထားရှိတယ်။

တချို့နေရာတွေမှာကျတော့ အရင်ကတည်းကလည်း တိုက်ပွဲကတော့ မဖြစ်ဘူး ပြီးလို့ရှိရင် ကိုဗစ်လည်း မဖြစ်ဘူး ဒါပေမယ့် တိုင်းရင်းသား လက်နက်ကိုင်တွေကနေပြီးတော့မှ ပါတီတွေကို ဘယ်ပါတီပဲ ဝင်ပြိုင်ခွင့်ရှိတယ် အဲ့မြို့နယ်မှာ ဘယ်ပါတီ ဆိုလို့ရှိရင် လုံးဝ ဝင်ပြိုင်လို့မရဘူး ပါတီ ဆိုင်းဘုတ်တွေကို လိုက်ဖျက်ဆီးတာတွေ ရှိတယ်။

ပါတီတွေကို နည်းမျိုးစုံ နဲ့ ခြိမ်းခြောက်တာတွေ ရှိတယ်။ စာပို့ပြီးတော့မှ ခြိမ်းခြောက်တာတွေရှိတယ်။ ပါတီ စည်းရုံးရေးမှူးတွေကို လိုက်ဖမ်းတဲ့ဟာတွေ ရှိတယ်။အဲ့ဒီလိုမျိုးတွေလည်း ကျမတို့ တွေ့ရတယ်။

“စိစစ်မှုမရှိပဲ ထင်မြင်ယူဆချက်တစ်ခုတည်းနဲ့ရွေးကောက်ပွဲပေးမလုပ်တာကတော့ ပြည်သူလူထုရဲ့ ဒီမိုကရေစီ အခွင့်အရေး ဆုံးရှုံးစေတယ်”

ဉီးညီမိုး ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့

တိုင်းရင်းသား ဒေသတွေမှာ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ကိစ္စ အဓိက သူတို့က လုံခြုံရေး အကြောင်းပြတာပေါ့နော်။ လုံခြံုရေး အကြောင်းပြတဲ့ ကျနော်တို့ မြန်မာနိုင်ငံမှာဆိုရင် ရခိုင်ပြည် နဲ့ သျှမ်းပြည်ရှိမှာပေါ့နော်။

တကယ်ပဲ ရွေးကောက်ပွဲ ကျင်းပလို့ မရလောက်အောင် လုံခြံုရေး အားနည်းချက်ရှိတဲ့ ဒေသတွေ ရှိကောင်း ရှိမှာပေါ့နော်။

ဒီဟာက တကယ်ပဲ ရွေးကောက်ပွဲ ကျင်းပလို့ မရနိုင်တဲ့ အနေအထားရှိိိလို့ မကျင်းပတာလား ဒါက သဘာဝ ကျတယ်လေ။

ရွေးကောက်ပွဲ ကျင်းပလို့ရတဲ့ အနေအထားရှိရဲ့သားနဲ့ မကျင်းပနိုင်ဘူးဆိုရင်တော့ ဒါ နိုင်ငံသားတွေရဲ့ မဲပေးပိုင်ခွင့် ရှုံးတာပေါ့။

ဥပမာ ရခိုင်မှာဆိုရင် ဥပမာ ပဋိပက္ခတွေဖြစ်နေတယ်။ တိုက်ပွဲတွေ ဖြစ်နေတဲ့ ဒေသ အဲ့ဒီဒေသတွက် ရွေးကောက်ပွဲ ကျင်းပဖို့တွက် မလုံလောက်ဘူး ဆိုတဲ့ အနေအထားရှိတယ်။ မကျင်းပတာ ပြဿနာမရှိဘူး။ ကျင်းပလို့ ရတဲ့ ဒေသမှာ ကျင်းပရမှာပေါ့။ မြေပြင်အချက်အလက်တွေ တကယ်ပဲ ကျင်းပလို့ ရမရ မြေပြင် အချက်လက်တွေ ခိုင်မာဖို့တော့ လိုတာပေါ့။

ဥပမာ သျှမ်းပြည်မှာ ဆိုလို့ရှိရင် မိုင်းကိုင်လိုမျိုး မြို့နယ်တစ်ခုလုံးကို ရွေးကောက်ပွဲ ကျင်းပမယ့် ဒေသကနေ ဖယ်လိုက်တဲ့ ကိစ္စမျိုးဆိုရင်တော့ ဒါက မသင့်တော်ဘူးလို့ ထင်တယ်။

အဲ့မှာ ပဋိပက္ခဘာမှ မရှိတာ။ ရွေးကောက်ပွဲ ရပ်ခိုင်းထားရလောက်အောင် အခြေအနေ ဆိုးဆိုးဝါးဝါးဖြစ်နေတဲ့ ဒေသမှ မဟုတ်တာ။ မငြိမ်းချမ်းဘူးဆိုတာ ဘယ်အချက်နဲ့ပြောတာလဲပေါ့။ တိုင်းရင်းသား လက်နက်ကိုင် စွက်ဖက်မှုရှိတယ် ဆိုတဲ့ သံသယလေး တစ်ခုနဲ့ ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုက်တယ် ဆိုတဲ့ ဟာမျိုးကလည်း ဒါ မဖြစ်သင့်ဘူး။

ရွေးကောက်ပွဲက ဗမာပြည်မှာ ၂၀၁၅ ကလည်းလုပ်ခဲ့ပြီ ကြားဖြတ်ရွေးကောက်ပွဲ လည်းလုပ်ခဲ့တယ်။ ၂၀၁၀ လဲ လုပ်ခဲ့တယ် ကြားဖြတ်တွေလည်း လုပ်ခဲ့တာပဲ အတွေ့အကြံုအများကြီးရှိပြီးပါပြီ။ တကယ်လို့ ရွေးကောက်ပွဲ မလုပ်ဖြစ်ရတဲ့ ကိစ္စက ခိုင်လုံတဲ့ အကြောင်းပြချက်တော့ လိုတာပေါ့။ နောက်ပြီး ရွေးကောက်ပွဲ block လုပ်လိုက်တဲ့ ဒေသတွေမှာ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်မယ့် နိုင်ငံရေး ပါတီတွေကော ဘယ်လောက် ဆွေးနွေးခဲ့တာ ရှိသလဲ။

ဒီကိစ္စတွေ ပတ်သက်လို့ ကော်မရှင်တွေ ဆွေးနွေးချက်တွေ ညှိနှိုင်းချက်တွေ ရှိသလားပေါ့။ ခုလက်ရှိ ဒီလိုမျိုး UEC ကနေပြီးတော့ ကော်မရှင်ကနေ မကျင်းပတဲ့ ဒေသတွေမှာ ကြေညာတဲ့ ကိစ္စတွေမှာတော့ တစ်ချို့ ကိစ္စတွေမှာတော့ သိပ်သဘောမကျဘူး။

တချို့ကိစ္စဆိုတာ သျှမ်းပြည်မှာဆိုရင် သဘောက မိုင်းကိုင်လိုနေရာမျိုးမှာ သျှမ်းမြောက်မှာဆိုရင် ပြောလို့ရပါတယ်။ ကျောက်မဲ ပတ်ဝန်းကျင် နမ်ဆန် ဒီဘက်မှာ ရှိတဲ့ တချို့ရွာတွေမှာ သူတို့ block လိုက်တဲ့နေရာတွေက ငြိမ်းချမ်းရေးအရ ပဋိပက္ခအရ စိုးရိမ်ရတဲ့ အနေအထားမှ မရှိတာ။ မရှိဘဲနဲ့ ပယ်လိုက်တဲ့ဟာတွေရှိတယ်။

ရွေးကောက်ပွဲ မကျင်းပဖို့ သတ်မှတ်လိုက်တဲ့ နယ်မြေနဲ့ ပတ်သက်ရင်တော့ အများကြီး စိစစ်ဖို့ လိုတယ်ထင်တယ်။

စိစစ်မှု မရှိပဲနဲ့ ထင်မြင်ယူဆချက်တစ်ခုတည်းနဲ့ ဒီလိုမျိုး နယ်မြေ မဲပေးခွင့် ရွေးကောက်ပွဲ နယ်မြေအဖြစ် မသတ်မှတ် ဘူးဆိုလို့ရှိရင် အဲ့ဒီဒေသမှာရှိတဲ့ ပြည်သူလူထုလည်း သူ့ရဲ့ ဒီမိုကရေစီ အခွင့်အရေး ဆုံးရှုံးတယ်။

နိုင်ငံသား အခွင့်အရေး ဆုံးရှုံးတယ်။ အများကြီး နစ်နာတာပေါ့။ နို်င်ငံသား အခွင့်အရေး ဆုံးရှုံးတယ် နိုင်ငံရေး ပါတီတွေ အနေနဲ့လည်း လွှတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဆိုတဲ့ စံချိန်စံညွှန်းကနေလည်း သွေဖီတယ်။

“ပြည်သူတွေကို ကိုယ်စားပြုပြီးတော့ပြောပေးဆိုပေး ရပ်တည်ပေးမဲ့လူကို ရွေးချယ်ဖို့ အခွင့်လမ်းဆုံးရှုံးတာ ”

စိုင်းကျော်ညွန့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရစေ အဖွဲ့ချုပ် (SNLD) တွဲဖက်အထွေထွေ အတွင်းရေးမှူး(၁)

အဓိကတော့ ရွေးကောက်ပွဲဆိုတာ ပြည်သူတွေရဲ့ မဲပေးပိုင်ခွင့်ကိုလေ။ ၅ နှစ်တစ်ကြိမ် အစိုးရကို ရွေးချယ်တဲ့ ပွဲလဲဖြစ်တယ်။ အကြောင်းပြချက်အမျိုးမျိုးပေါ့ဗျာ။

တချို့နေရာကျတော့ လုံခြုံရေးကို အကြောင်းပြချက်ပြတယ်။ တစ်ချို့နေရာကြတော့ တစ်ခြားအရာကို အကြောင်းပြပြီးတော့ ရွေးကောက်ပွဲ မကျင်းပဖြစ်ဘူးဆိုတဲ့ မဲန္ဒနယ်တွေကို ကြေညာတယ်။

တချို့တွေဆို ကျေးရွာအုပ်စုတွေကို ကြေညာတယ်။ အဲဒါတွေကို မလုပ်သင့်ပါဘူး။ အတတ်နိုင်ဆုံးက နိုင်ငံသားတိုင်းမဲပေးလို့ရအောင် လုပ်ဆောင်ရမှာ ဖြစ်တယ်။

ဘာဖြစ်လို့လဲဆိုတော့ ဒါကနိုင်ငံသား အခွင့်ရေးလဲဖြစ်တယ်။ နောက်ပြီးတော့ အခြေခံ လူအခွင့်ရေးကိုလည်း ဖြစ်တယ်။ ဒါအရမ်းလဲ အရေးကြီးပါတယ်။

နောက်ပြီးတော့ မိုင်းကိုင်လိုမျိုးဆိုရင် မြိို့နယ်တစ်မြို့လုံး ပိတ်လိုက်တယ်ဆိုတော့ မဲဆန္ဒနယ် ၃ ခုကို ဆုံးရှုံးလိုက်ရတယ်။ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော် (၂) နေရာ ပေါ့။

ဆိုတော့ပေါ့ ဒါက ပြည်သူတွေရဲ့ ကိုယ်စားပြုခွင့်ကို ရွေးချယ်ဖို့ ကိုယ်စားပြုပြီးတော့ ပြောပေးဆိုပေး ရပ်တည်ပေးမဲ့လူူကို ရွေးချယ်ဖို့ အခွင့်လမ်းဆုံးရှုံးတာဖြစ်တယ်။

မိုင်းကိုင်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်တယ်။

အဲဒီလိုဘဲ ရှမ်းပြည်တွေမကဘဲနဲ အခြားပြည်နယ်တွေ မှာကော ရခိုင်မှာကော အခြားခြားသော ပြည်နယ်တွေမှာပါ ပြည်သူတွေကို မဲပေးပို်င်ခွင့် ဆုံးရှုံးအောင် မဲပေးခွင့်မရအောင် လုပ်တဲ့ကိစ္စကို မလုပ်သင့်ပါဘူးလို့ မြင်ပါတယ်။

“ရန်ကုန်မှာ ကိုဗစ် အကြီးအကျယ်ဖြစ်နေတာတောင် ရွေးကောက်ပွဲလုပ်နေသေးတာဘဲ သျှမ်းပြည်မှာငြိမ်းချမ်းတဲ့နေရာတွေအများကြီးကိုမဲပေးခွင့်ပိတ်တာဟာ သျှမ်းပြည်သူတွေရဲ့အခွင့်အရေးကိုချိုးဖောက်တာ ”

နန်းမွန်းကိန် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေး အသင်း (SWAN) ညွန်ကြားရေးမှူး

ဒါက မတရားဘူးလို့မြင်တယ်။ ဒီမိုကရေစီလမ်းကြောင်း သွားနေတဲ့အချိန်မှာ နေရာတိုင်းက လူတိုင်းက မဲတချပ် မဲတစ်ပြားဆိုတာ ပေးပိုင်ခွင့် ရှိတယ်။

မဲပေးပိုင်ခွင့်က လူတိုင်းရဲ အခွင့်ရေးဘဲလေ။ လူတစ်ယောက်ရဲ ဒီစနစ်ကို ကျင့်သုံးနေတဲ့ဆိုရင် လူတိုင်းကတော့ ပေးပိုင်ခွင့်ရှိရမယ်။

ဒီမဲပေးပို်င်ခွင့်ကို အဟန့်အတား သွားလုပ်တာက လူအခွင့်ရေးကို ချိုးဖောက်ရာ မြောက်တယ်။ အခုလက်ရှိအစိုးရတွေ ငြိမ်းချမ်းနေတဲ့နေမြေမှာ မဲမပေးနိုင်ခြင်းအားဖြင့် ကျမတို့ ဒီမိုကရေစီလမ်းကြောင်းသွားတဲ့ တချို့ နိုင်ငံတွေ ကျတော့ ဒီကျင်းပလို့မရတဲ့ နယ်မြေတွေတော့ ရှိတော့ရှိလိမ့်မယ်။

ဒါပေ့မဲ့ သူကဘာလဲဆိုရင် စစ်ပွဲဖြစ်နေတာလား၊ ဒါမှမဟုတ်ရင်လည်း စိုးရိမ်ဖွယ် လုံခြံုရေးပိုင်းတွေ ရှိနေတာလား ဒါတွေကတော့ရှိတာပေါ့လေ။

ဒါပေမဲ့ ကျမတို့က ခုနက သျှမ်းသံတော်ဆင့်က ပြောလာသလိုဘဲ ရန်ကုန်မှာ ကိုဗစ် အကြီးကျယ်ဖြစ်နေတဲ့ နေရာမှာတောင် ရွေးကောက်ပွဲလုပ်နေသေးတာဘဲ။ ကျမတို့ သျှမ်းပြည်နယ်မှာဆို တော်တော်များများ ငြိမ်းချမ်းနေတဲ့ နယ်မြေမှာ မဲပေးခွင့် မပေးခြင်းအားဖြင့် သျှမ်းလူထုတွေရဲ့ မဲပေးပိုင်ခွင့်တွေကို ချိုးဖောက်တယ်။ သျှမ်းပြည်သူတွေရဲ့ လူအခွင့်ရေးတွေကို ချိုးဖောက် တယ်လို့ပြောလို့ရတယ်။

“ပုံမှန်မဟုတ်တဲ့ အနေထားကို ကျနော်တို့ ကန့်ကွက်သွားမယ်”

နန္ဒာလှမြင့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ပြောရေးဆိုခွင့်ရှိသူ

ဒါကတော့ ကျနော်တို့ ပုံမှန်မဟုတ်ဘူး။ အားလုံးမဲပေးခွင့်ရှိရမယ်။ နိုင်ငံသားအားလုံးက မဲပေးခွင့်ရှိရမယ်။ မဲပေးနိုင်အောင်လဲ အစိုးရနဲ့ ကော်မရှင်ကလည်း စီမံပေးရမယ်။ အခုလိုဆောင်ရွက်တဲ့ကိစ္စက ပွင့်လင်းပြောရင် ပုံမှန်မဟုတ်တဲ့ အနေထားတစ်ခုဖြစ်တယ်။ ဒီဟာကိုလည်း ကျနော်တို့ ကန့်ကွက်သွားမှာလေ။

Leave a Comments

- Advertisement -spot_img

Latest article