Saturday, April 20, 2024

မူဆယ်တွင် ကားသမား ၃ဦးထံ ကိုဗစ်-၁၉ တွေ့

Must read

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ယနေ့ ကိုဗစ်-၁၉ အတည်ပြု လူနာ ၃ ဦး ထပ်မံတွေ့ရှိကြောင်း စုံစမ်း သိရှိရသည်။

မူဆယ် Quarantine စင်တာတွင် ယနေ့ (အောက်တိုဘာ ၂၀ ရက်)၌ ကားသမား ၃ ဦး ထံ ကိုဗစ်-၁၉ ပိုး ထပ်မံတွေ့ရှိကြောင်း ဂရုဏာ လူမှုကူညီရေးအသင်း ဦးသောင်းထွန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ပိုးတွေ့လူနာ မနေ့ကထိဆို ၁၉ ယောက် ဒီနေ့ ၃ ယောက်ထပ်တွေ့တယ်။ အားလုံး ၂၂ ယောက်။ မနေ့က စစ်လိုက်တာ ကားသမားတွေပဲ ဗျ။ သူတို့ကို Q စခန်းမှာ ထားထားတယ်။ ဆေးရုံမှာ အဆင်သင့်ဖြစ်ရင် ဆေးရုံကို ပို့မယ်ဗျ။ သူတို့နဲ့ ထိတွေ့ဆက်စပ်သူ ၅ ဦးကိုလည်း အသွားအလာ ကန့်သတ်ထားပါတယ်။” ဟု ဦးသောင်းထွန်း ကပြောသည်။

ထို ပိုးတွေ့လူနာ ၃ ဦး ကိုလည်း မူဆယ်ဆေးရုံမှာ ဆေးကုသပေးမည်ဖြစ်ပြီး လက်ရှိ မူဆယ် ဆေးရုံမှာ စုစုပေါင်း ကိုဗစ် ပိုးတွေ့လူနာ ၂၂ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ထိုနည်းတူ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် အောက်တိုဘာ ၁၉ ရက်နေ့မှာ အတည်ပြု လူနာ ၁ ဦး ရှိကြောင်း လားရှိုး ကျန်းမာရေးမှူး ဒေါက်တာလှထွန်း ကပြောသည်။

“လားရှိုးဆေးရုံကြီးမှာ ပိုးတွေ့ လူနာ ၁ ဦးပဲ ရှိပါတယ်။ အမျိုးသမီး ၂၉ နှစ်အရွယ် မူဆယ်ဘက်က ဝင်လာတယ်လို့ ကြားတယ်။ တရုတ်နိုင်ငံ ဝမ်ကျိုင်း အဲ့မှာ အလုပ်လုပ်တာ ၁ နှစ်ခွဲလောက်ရှိပါပြီ။ လားရှိုးမှာ Quarantine ဝင်နေတယ်။ အသွားအလာ ကန့်သတ်ထားတဲ့သူပါပဲ” ဟု ဒေါက်တာလှထွန်း ကပြောသည်။

အောက်တိုဘာ ၁၉ ရက်နေ့ထိ လက်ရှိ သျှမ်းပြည်အတွင်း ကိုဗစ် ၁၉ ကူးစက်ခံရလူနာ စုစုပေါင်း ၇၈ ဦး ရှိပြီး ၁ ဦးသေဆုံးကာ ၅၁ ဦး ဆေးရုံမှ ဆင်းခွင့် ရကြောင်း သျှမ်းပြည်အစိုးရထံ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၃၇၂၀၅) ဦး ရှိပြီး ပြန်လည် သက်သာလာသူ ( ၁၇၅၆၈) ဦး ရှိကြောင်း နှင့် သေဆုံးသူ (၉ ၁၄) ဦး ရှိကြောင်း အောက်တိုဘာ ၁၉ ရက် ည ၈ နာရီ အချိန်တွင် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ထုတ်ပြန်ချက် အရ သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article