Friday, April 19, 2024

သျှမ်းမြောက် ကားသမား ၃ဦးထံ ကိုဗစ်-၁၉ တွေ့ရှိ

Must read

သျှမ်းပြည်မြောက်ပိုင်း မူဆယ် ကုန်တင်ကားသမား ၃ဦးထံ ကိုဗစ်-၁၉ ထပ်မံတွေ့ရှိကြောင်း စုံစမ်းသိရသည်။

အောက်တိုဘာ (၁၇)ရက် ည ၈နာရီ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ထုတ်ပြန်ချက် အရ ကိုဗစ်-၁၉ အတည်ပြု လူနာ (၁,၃၈၇) ဦးထဲမှာ မူဆယ်ရောက် ကုန်တင်ကားသမား ၃ဦး ပါဝင်ခဲ့ကြောင်း မူဆယ် ဂရုဏာလူမှု ကူညီရေးအသင်းမှ ဦးသောင်းထွန်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ မနေ့က ကိုဗစ်-၁၉ Positive လူနာ ၃ဦးတိုးပါတယ်။ ကုန်ကားမောင်းတဲ့သူတွေပါ။ နောင်ချိုဆေးရုံမှ ဆေးကုသခံယူနေပါတယ်” ဟု ဦးသောင်းထွန်း က ပြောသည်။

အဆိုပါ ကုန်ကားမောင်းသူ ၃ဦး ကို မူဆယ်-တရုတ်နယ်စပ် ကျင်ဆန်းကျော့ဂိတ်တွင် ဆေးစစ်ခဲ့ပြီး၊ ဆေးစစ်ချက် အဖြေမရခင်၊ မိမိသဘောဖြင့် မူဆယ်မှ မန္တလေး သို့ မောင်းနှင်းသွားသဖြင့် နောင်ချိုဂိတ်တွင် ဌာနဆိုင်ရာများက စစ်ဆေးရှာဖွေတွေ့ရှိကာ နောင်ချိုဆေးရုံကြီးသို့ပို့ ဆောင်ခဲ့ ကြောင်း သိရသည်။

လက်ရှိအချိန်ထိ မူဆယ်မြို့ပြည်သူဆေးရုံတွင် ဆေးကုသခံယူနေသည့် ကိုဗစ်-၁၉ လူနာ ၉ ဦးရှိပြီး၊ ကျန်းမာရေးကောင်းမွန်နေကြောင်း သိရသည်။

သျှမ်းပြည်နယ်တွင် ကိုဗစ်-၁၉ အတည်ပြု လူနာ စုစုပေါင်း (၇၀) ကျော်ရှိပြီး (၁) ဦး သေဆုံး ကြောင်းသိရသည်။

အောက်တိုဘာ ၁၇ ညနေပိုင်း (၈) နာရီ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် (၁,၃၈၇) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၈၉၃) ဦး နှင့် သေဆုံးသူ (၃၉ ) ဦး ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ် -၁၉ အတည်ပြု လူနာ စုစုပေါင်း (၃၄,၈၇၅) ဦး ၊ ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း (၁၆,၃၇၀) ဦး နှင့် သေဆုံးလူနာ (၈၃၈ ) ဦး ရှိကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနထုတ်ပြန်ချက် အရ သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article