ယနေ့အထိ သျှမ်းပြည်တ၀ှမ်း ဆေးကုသမှုခံယူနေဆဲ ကိုဗစ် -၁၉ လူနာ စုစုပေါင်း (၃၇) ဉီးရှိကြောင်း စုံစမ်းသိရသည်။

ထိုအနက်သျှမ်းပြည်မြောက်ပိုင်း မူဆယ်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေဆဲ ကိုဗစ်လူနာ ၆ ဉီးရှိကြောင်းသိရသည်။
သျှမ်းပြည်တောင်ပိုင်းတွင်မူ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း (၄၉) ဦးရှိပြီး လက်ရှိစဝ်စံထွန်းဆေးရုံတွင် ဆေးကုသမှုခံယူနေဆဲ ၃၁ ဦးရှိကြောင်းသျှမ်းပြည်နယ် ပြည်သူ့ ကျန်းမားရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒါက်တာ ဇဝနကို ကသျှမ်းသံတော်ဆင့်ကို ပြောသည်။
“ကိုဗစ်-၁၉ စဖြစ်ကတည်းက ခုချိန်ထိ သျှမ်းတောင်မှာက ၄၉ ဦးရှိတယ်။ ခုက ဆေးကုသခံယူနေတာက ၃၁ ယောက်။ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံမှာက ၂၂ ယောက်ရှိတယ်။ ၉ ယောက်က ကလောဆေးရုံမှာပါ” ဟု ဒေါက်တာ ဇဝနကို ကပြောသည်။
အဆိုပါ ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၃၁) ဦးတွင် Test kit ဖြင့် စစ်ဆေးပြီး ရောဂါတွေ့ရှိသူ (၁၁) ဦးကြောင်း နှင့် အထူးရဲ သင်တန်းတွင် (၃)ဦးရှိကြောင်း သိရသည်။
သျှမ်းတောင်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာများလာရသည့် အပေါ် ဒေါက်တာ ဇဝနကို က “ များလာတယ်ဆိုတာ အခု ကျနော်တို့က များများစစ်လာတယ်။ RDT နဲ့လည်းစစ်လာတာကလည်း များလာတယ်။ အများစုက ခရီးသွားရာဇဝင်ရှိတဲ့သူတွေနားကဘဲ ပိုးတွေ့ရတယ်။ နောက်ပိုင်းမှာက ကုန်ကားသမားတွေမှာ တွေ့ရတယ်” ဟု ပြောသည်။
ထို့အပြင် သျှမ်းပြည် မြောက်ပိုင်း မူဆယ်တွင် (၁၀) ယောက်ရှိပြီး ဆေးရုံတွင် ဆေးကုသခံယူနေသူ (၆) ဦးကျန်ရှိကြောင်း ဒေါက်တာ ဟန်နိုင်စိုး ကပြောသည်။
“ပိုးတွေ့လူနာက ကားသမားနဲ့ကားနောက်လိုက်တွေကနေတွေ့တာပါ။ Test kit နဲ့စစ်ဆေးပြီးတွေ့တာက တော့ (၂) ရှိပါတယ်”ဟု ဒေါက်တာ ဟန်နိုင်စိုးက ပြောသည်။
သျှမ်းပြည် အရှေ့ပိုင်းတွင်မူ ကိုဗစ်-၁၉ ပိုးတွေ့လူနာ မရှိတော့ကြောင်း ဒေါက်တာ ဘစိုးသက်က ပြောသည်။
ကိုဗစ်-၁၉ ပိုးတွေလူနာများသည် သျှမ်းပြည်နယ်တောင်ပိုင်းတွင် (၄၉) ရှိပြီး၊ (၃၁)ဦးကျန်ရှိနေကြောင်း၊ သျှမ်းရှေ့တွင်(၆) ဦးရှိပြီး အားလုံးမှာ ပြန်လည်သက်သာလာသူများဖြစ်ကြောင်းနှင့် သျှမ်းမြောက် မူဆယ်တွင် (၁၀) ဦးရှိပြီး (၆) ဦးကျန်ရှိနေကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ် -၁၉ ပိုးတွေ့လူနာ (၂၇၉၄၇) ဦးရှိပြီး ပြန်လည်သက်သာလာသူ (၉၇၄၂) ရှိကြောင်း သေဆုံးသူ (၆၄၆) ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရသိရသည်။
အလုပ်သင် သတင်းထောက် စိုင်းဆိုင်လှိုင်း ရေးသားသည်။











Leave a Comments