Friday, May 3, 2024

သျှမ်းပြည်တွင် Rapid test kit စစ်ဆေးရာ ကိုဗစ် ပိုးတွေ့လူနာ (၇)ဦးရှိ

Must read

သျှမ်းပြည်အတွင်း ဝင်ရောက်မည့် ကုန်တင်ယာဉ် နှင့် ယာဉ်မောင်းများကို Rapid test kit ဖြင့် စစ်ဆေးထားသည့် ပိုးတွေ့လူနာ (၇) ဦး ရှိကြောင်း စုံစမ်းသိရှိရသည်။

သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ရေယားကျေးရွာအနီးရှိ ကိုဗစ်-၁၉ ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ကုန်တင်ယာဉ် နှင့် ယာဉ်မောင်းများကို test kit ဖြင့် စစ်ဆေးရာ ယနေ့ အောက်တိုဘာ (၅) မနက်ပိုင်းထိ ၆ ဦးတွေ့ရှိကြောင်း သိရသည်။

အောက်တိုဘာ (၃) ရက်တွင် ကုန်တင်ယာဉ် နှင့် ယာဉ်မောင်း (၆၅၃) ဦး စစ်ဆေးရာ ပိုးတွေ့လူနာ (၆) ဦးတွေ့ရှိပြီး ၎င်းတို့ကို ကလောပြည်သူ့ ဆေးရုံတွင် ဆေးကုသမှုပြုပေးနေကြောင်း သျှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇဝနကို က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“Test kit က ဘယ်လောက် ယုံကြည်လို့ရလဲဆိုတော့ တကယ် ပိုးတွေ့လူနာ positive ဖြစ်ရင်တော့ ပိုးတွေ့လူနာ လို့ သတ်မှတ်လို့ရတယ်။ ဒါမယ့် Negative ဖြစ်သွားလို့ရှိရင် ပိုးရှိနေလည်း ပိုးမတွေ့ဘူး။ ဘာလို့လဲဆိုတော့ စစ်တဲ့ခါမှာ သူရဲ့ တိကျမှုတွေ အများကြီး လိုအပ်တယ်”ဟု ဒေါက်တာ ဇဝနကို ကပြောသည်။

Test kit စစ်သည့် သူများသည် ပတ်ဝန်းကျင် အနေအထား၊ဖတ်သည့် နည်းပညာပေါ်မူတည်ပြီး ပိုးရှိနေလည်း ပိုးမတွေ့နိုင်ကြောင်း၊ Test kit ဖြင့် စစ်ပြီး Negative ပင်ဖြစ်နေသော်လည်း စိတ်မချနိုင်ကြောင်း ဒေါက်တာ ဇဝနကို ကပြောသည်။

အလားတူ အောက်တိုဘာ (၄) ရက် က သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင်းရှိ ကုန်တင်ယာဉ် နှင့် ယာဉ်မောင်းများကို ကျန်းမာရေး စစ်ဆေးရေးဂိတ်မှာ test kit ဖြင့် စစ်ဆေးရာမှာ အတည်ပြု လူနာ (၁) ဦး တွေ့ရှိကြောင်း သိရသည်။

“ကားသမား တစ်ယောက်ပါ။ ကျောက်မဲ ကားသမား မဟုတ်ဘူး။ ဟိုက်ဝေး ပြေးတဲ့ ကားသမားပါ။ မြို့ပြင်မှာ စစ်တယ်။ မြို့ထဲတော့ မဝင်ဘူး။” ကျောက်မဲမြို့ ဇိဝိတ လူမှုကူညီရေးအသင်း မှ ဦးတင်မောင်သိန်း ကပြောသည်။

ယနေ့မှ စပြီး တိုင်း နှင့် ပြည်နယ် အသီးသီးမှ သျှမ်းပြည်တွင်းသို့ ဝင်ရောက်လာမည့် ကုန်တင်ကားများကို စစ်ဆေးပေးတော့မည်မဟုတ်ကြောင်း သျှမ်းပြည်နယ် အစိုးရ အဖွဲ့ဝင် စီမံကိန်း နှင့် ဘဏ္ဍရေး ဝန်ကြီး ဦးစိုးညွှန့်လွင် က ၎င်း၏ လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ရေးသားထားသည်။

“သက်ဆိုင်ရာ တိုင်း / ပြည်နယ်တို့၏ ဆေးစစ်ချက် Negative ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထောက်ခံချက်ပါရှိမှသာ ဝင်ရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ ဌာနများသို့ အကြောင်းကြားထားပြီးဖြစ်ပါတယ်။” ဟု ဦးစိုးညွှန့်လွင် ၏ လူမှုကွန်ယက်မှာ ရေးသားထားသည်။

ယနေ့မှစပြီး သျှမ်းပြည်အတွင်း အခြားတိုင်း နှင့် ဒေသကြီး အသီးသီးသို့ ကုန်တင်ပို့မည့် ယာဉ်များကို ကလောမြို့နယ် ရေယားရွာမှာ ဆေးစစ်ပေးသည့် ဂိတ်မှ ရောဂါ ပိုးရှိ မရှိ ( Rapid Antigen Diagnostic Test kit) နှင့် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီအော်ပရေးရှင်း ကို ၁၄ ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပါသည်။ ၁၄ ရက်ပြည့်ပြီး သျှမ်းပြည်နယ် အတွင်း ရောဂါကူးစက်မှု မရှိတော့ပါက ကုန်စည်စီးဆင်းမှု ပိုမိုချောမွေ့စေရန်အတွက် သျှမ်းအစိုးရမှ ပြန်လည်စီစဉ်ပေးသွားမှာဖြစ်ပါတယ်။” ဟု ဦးစိုးညွှန့်လွင် ကပြောသည်။

သျှမ်းပြည်တွင်း ကိုဗစ်-၁၉ ထိန်းချုပ်နိုင်ရန်အတွက် ကုန်တင်ယာဉ် နှင့် ယာဉ်နောက်လိုက်များကို test kit အခုရေ (၃၀၀၀) အသုံးပြုပြီး အောက်တိုဘာ ၃ ရက်နေ့တွင် စတင် စစ်ဆေးခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article