Friday, September 22, 2023

သျှမ်း/မြောက် လားရှိုးမြို့နယ် အတွင်း စစ်ကြောင်းလှုပ်ရှားမှု ပိုများလာ

Must read

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော် ကျေးရွာ အတွင်း အစိုးရတပ်မတော် စစ်ကြောင်းများ လှုပ်ရှားမှု ပိုများလာကြောင်း စုံစမ်းသိရသည်။

အစိုးရ တပ်မတော် စစ်ကြောင်းသည် သြဂုတ်လကုန်၊ စက်တင်ဘာ လဆန်းပိုင်းမှ စတင်ကာ သျှမ်းပြည်မြောက်ပိုင်း လားရှိုး၊ ကွတ်ခိုင်၊ မူဆယ်၊နမ့်ခမ်း နှင့် မန်တုံဘက် စစ်အင်အားဖြည့်ဆည်းမှုများရှိခဲ့ကြောင်း သျှမ်းမြောက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့၏ အသိုင်းအဝန်းက ပြောပြသည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ ပါတီစုံ ရွေးကောက်ပွဲ ကျင်းပရန် ရက်ပေါင်း ၅၀ ကျော်သာလိုတော့သည့်အချိန် ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါလည်း တနေ့ထက် တနေ့ ကူးစက်မှုနှုန်း၊ သေဆုံးမှုနှုန်းမြင့်တက်လာသည်။

တခြားပြည်နယ် ဒေသများတွင် ရွေးကောက်ပွဲအတွက် ပါတီ အသီးသီးမှ မဲဆွယ်စည်းရုံးရေးများပြုလုပ်နေသကဲ့သို့ သျှမ်းမြောက်ပိုင်းတွင်လည်း ကိုဗစ်-၁၉ အန္တရာယ်နှင့် စစ်ရေး အန္တရာယ်ကြား စိုးရိမ်စိတ်ဖြင့် မဲဆွယ်စည်းရုံးရေးဆင်းနေကြကြောင်း လွှတ်တော် ကိုယ်စားလှယ် အသိုင်းအဝန်း က ပြောသည်။

လက်ရှိမှာ သျှမ်းပြည်မြောက်ပိုင်း လားရှိုး မြို့နယ် အတွင်း တိုက်ပွဲ ထိတွေ့မှုများရှိပြီး၊ စည်းရုံးရေး ဆင်းချိန် စစ်ကြောင်းများ သွားလာလှုပ်ရှားမှုကိုလည်း မြင်တွေ့နေရကြောင်း လားရှိုး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

စိုင်းဝမ်းလျန်းခမ်းသည် ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ်(SNLD) လားရှိုးမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

“ တိုက်ပွဲဖြစ်တာတော့ ကြားရတယ်။ ရွာနဲ့ တော်တော်ဝေးတယ်။ တိုက်ပွဲက ပုံမှန်ထိတွေ့မှုတွေဖြစ်နေ တယ်။လမ်းမနဲ့ဝေးတယ်။ ကျနော်တို့ ပြည်သူတွေကတော့ စိုးရိမ်ကြောက်ရွံံ့မှုတော့ရှိပါတယ်။ အရမ်းကြီး စိုးရိမ်ပူပန်မှုတော့ မရှိကြပါဘူး” ဟု စိုင်းဝမ်းလျန်းခမ်း က ပြောသည်။

စည်းရုံးရေး ဆင်းချိန်တွင် စစ်ကြောင်းနှင့်ထိပ်တိုက်တေ့ွဆုံသော်လည်း အခက်အခဲမရှိခဲ့ကြောင်း စိုင်းဝမ်းလျန်းခမ်း က ပြောသည်။

“ အခက်အခဲတော့မရှိဘူး။ သူတို့လည်း သူတို့ စစ်ကြောင်းသွားတယ်။ ကျနော်တို့လည်း ကျနော်တို့ စည်းရုံးရေး ဆင်းနေပါတယ်” ဟု စိုင်းဝမ်းလျန်းခမ်း ကဆိုသည်။

လက်ရှိကာလတွင် တိုက်ပွဲများမဖြစ်စေချင်ကြောင်း၊ အစိုးရ တပ်မတော် အနေဖြင့် စစ်ရေးလှုပ်ရှားမှုကို ရပ်တန့်ပေးစေလိုပြီး၊ တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် သွားလာလှုပ်ရှားမှုကို ရပ်တန့်စေချင်ကြာင်း လည်း သျှမ်းပြည်တွင် လှုပ်ရှားနေသည့် နိုင်ငံရေးပါတီများက ပြောသည်။

“ တိုက်ပွဲက ကျနော်တို့မဖြစ်စေချင်ဘူူး။ ဘယ်အဖွဲ့ပဲဖြစ်ဖြစ် တိုက်ပွဲဖြစ်မယ့် အရိပ်အယောင် ရှိရင် ရှောင်ကြဉ်ဖို့လိုပါတယ်။ တပ်မတော် စစ်ကြောင်းကလည်း ထိုးစစ်ဆင်မှုတွေ ရပ်တန့်ဖို့လိုပါတယ်” ဟု စိုင်းဝမ်းလျန်းခမ်း က ပြောသည်။

လားရှိုးမြို့နယ် အတွင်း အစိုးရ တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ များသည် အချိန်မရွေး ပဋိပက္ခ ဖြစ်ပွားနိုင်သည့် အနေအထားဖြစ်နေကြောင်း၊ လက်ရှိမှာ စစ်ရေး နှင့် ကိုဗစ်-၁၉ အရေးကို စိုးရိမ်မှုကြောင်း မဲဆွယ်စည်းရုံးရေး မဆင်းနိုင်သေးကြောင်း လားရှိုးမြို့ တအာင်း (ပလောင်)အမျိုးသား ပါတီ (TNP) ဥက္ကဌ ဦးအောင်မင်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ လက်နက်ကိုင် အဖွဲ့တွေ က အရမ်းနီးကပ်နေတယ်။ အချိန်မရွေး ပဋိပက္ခ ဖြစ်နိုင်တယ်။စစ်ရေး ဖြစ်မှာ ကြောက်လို့ကျနော်တို့ စည်းရုံးရေး မဆင်းနိုင်သေးဘူး” ဟု ဦးအောင်မင်း က ဆိုသည်။

ထို့အပြင် လက်ရှိ မှာ ကိုဗစ်-၁၉ အန္တရာယ်နှင့် စစ်ရေး အန္တရာယ်ကြောင့် TNP ပါတီ အနေဖြင့် လားရှိုးမြို့နယ် မိုင်းယော်ဘက်တွင် စည်းရုံးရေး မဆင်းရန် ဆုံးဖြတ်ထားကြောင်း ဦးအောင်မင်း က ပြောပြသည်။

“ သျှမ်းမြောက်ဘက်မှာတော့ စစ်ရေးတွေ တင်းမာနေပါတယ်။ ဒီလထဲမှာ စစ်ရေး လှုပ်ရှားမှုတွေ များလာတယ်။ တချို့နေရာတွေ မလွှဲမရှောင်ဖြစ်နေရတယ်” ဟု တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA မှ ပြောရေးဆိုခွင့်ရှိသူ တာ့အိုက်ကျော်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ခေတ်အဆက်ဆက် မဲဆွယ်စည်းရုံးရေးကာလ ရွေးကောက်ပွဲ နီးကပ်လာပါက သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေး များ တင်းမာလာပြီး တိုက်ပွဲများဖြစ်ပွားလာနိုင်ကြောင်းလည်း သျှမ်းပြည်လူထုများကပြောသည်။

လက်ရှိမှာလည်း ရွေးကောက်ပွဲနီးကပ်လာသည့် တိုက်ပွဲများဖြစ်ပွားမည်ကို လည်း ပြည်သူများက စိုးရိမ်နေကြသည်။

“ ရွေးကောက်ပွဲ နီးတိုင်း တိုက်ပွဲ ဖြစ်နေကျဆိုတော့ တခါတလေကျတော့လည်း မဆန်းတော့ဘူး။ တိုက်ပွဲတော့မဖြစ်စေချင်ဘူး။ တိုက်ပွဲမဖြစ်ရင်တောင် စစ်ကြောင်းတွေသွားလာတာတွေ မလုပ်စေချင်ဘူး။ စစ်ကြောင်းသွားလာရင် ပြည်သူတွေက ကြောက်ပြီး မဲလာမပေးမှာလည်း စိုးရိမ်ရတယ်” ဟု လားရှိုးဒေသခံ တဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

တိုက်ပွဲဖြစ်ပွါးရာဒေသရှိ ပြည်သူများ စိုးရိမ်ကြောက်ရွံ့မှု မရှိအောင် နိုင်ငံရေး ပါတီများအနေဖြင့် ပြည်သူလူထုထံ အရောက်သွားရန်လိုအပ်ကြောင်းလည်း စိုင်းဝမ်းလျန်းခမ်း က တိုက်တွန်းပြောဆိုလိုက်သည်။

Leave a Comments

- Advertisement -spot_img

Latest article