Friday, April 26, 2024

ကိုဗစ်-၁၉ ကျန်းမာရေးစစ်ဆေးနေစဉ် မူးယစ်ဆေးမိ

Must read

တောင်ကြီး – ဟိုပုံး ပြည်ထောင်စု လမ်းမပေါ်ရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေး စစ်ရေးဂိတ်မှာ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်နေစဉ် မူးယစ်ဆေးဝါး ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။

Photo by SHAN

စက်တင်ဘာ (၁၇) ရက် နေ့လည် ၁၂ နာရီဝန်းကျင် တွင် ဟိုပုံးမြို့အဝင် တိုးဂိတ်အနီးရှိ ကျန်းမာရေး စစ်ဆေးဂိတ်၌ ကျန်းမာရေး စစ်ဆေးနေစဉ် ဆိုင်ကယ်မောင်းနှင်လာသည့် ဆယ်ကျော်သက် အရွယ် အမျိုးသား (၂) ထံ WY စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၂၂ ပြား ဖမ်းဆီးရမိကြောင်း ဟိုပုံးဂိတ်မှာ ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်နေသည့် စေတနာ့ဝန်ထမ်း တစ်ဦးထံ သိရသည်။

“ဆိုင်ကယ် အတူစီးလာတာ ၂ ယောက် ဆိုင်ကယ် မောင်းတဲ့သူ က ထွက်ပြေးသွားတာပေါ့နော်။ တစ်ဦးပဲ ဖမ်းမိတယ်” ဟု စေတနာ့ ဝန်ထမ်း ကိုကောင်းခန့်ကျော် က ပြောသည်။

အဆိုပါ ဟိုပုံး ကျန်းမာရေး စစ်ဆေးရေးဂိတ်သည် ၂၄ နာရီ ခရီးသွားပြည်သူများကို စစ်ဆေးသွားမည်ဖြစ်ပြီး ထောက်ခံစာ ပါမှသာ မြို့တွင်းသို့ ဝင်ခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။

“ထောက်ခံစာ မပါပဲနဲ့ရောက်လာတာ။ သူတို့ လွယ်အိတ်ထဲမှာ ဓားပါတယ်။ အဲ့ဒါ ကျနော်တို့က အဲ့ဓားကိုပဲ အရင်ဆုံး စမြင်တာပါ။ အဲ့ဓားကို စမြင်တော့ အဲ့ဓားကို ထုတ်ခိုင်းတာ ဓားကို ထုတ်တဲ့ချိန်မှာ လွယ်အိတ်မှာထဲ ဆေးတွေ ထွက်လာတာ” ဟု ကိုကောင်းခန့်ကျော် ကပြောသည်။

မူးယစ်ဆေးဝါး ဖမ်းဆီးရမိသည့် အမျိုးသားသည် အသက် ၁၈ ဝန်းကျင်ခန့်ရှိပြီး ဟိုပုံးမြို့နယ် တုံခမ်းရပ်ကွက် ကဖြစ်ကြောင်းသိရသည်။

ထိုလူငယ်ကို တောင်ကြီးမြို့မရဲစခန်း လက်ထဲသို့ အပ်လိုက်ကြောင်း သိရသည်။

..

Leave a Comments

- Advertisement -spot_img

Latest article