Saturday, April 20, 2024

မြန်မာနိုင်ငံတွင် ကိုဗစ် သေနှုန်း ၅၇ဦးထိရှိပြီး၊ ဆယ်ကျော်သက်ပါဝင်လာ

Must read

ကိုဗစ်-၁၉ ကြောင့် မြန်မာနိုင်ငံတွင် ယနေ့ (စက်တင်ဘာ၁၇)ရက် မွန်းလွှဲပိုင်း (၃) နာရီထိ သေဆုံးသူ ၅၇ ဦး ရှိလာပြီး ထိုထဲတွင် ဆယ်ကျော်သက်လူငယ်များ ပါဝင်နေကြောင်း သိရသည်။

ယနေ့ မွန်းလွှဲ (၃)နာရီ တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၅၇ ဦးရှိပြီး၊ ထိုထဲတွင် အသက် (၁၃) အရွယ် ကလေးငယ် နှင့် အသက် (၂၄) နှစ် အရွယ် လူငယ်များ ပါဝင်နေကြောင်းသိရသည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် သေဆုံးသူများသည် ရောဂါ အခံရှိကြသူများဖြစ်ကြောင်း လည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယခု ကိုဗစ်-၁၉ ကူးစက်မှုနှုန်းသည် ပထမလှိုင်း ထက် ဗိုင်းရပ်စ် အမျိုးအစား ပြောင်းသွားခြင်းဖြစ်သည့်အတွက် ကူးစက်မှု ပိုမြန်လာကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး က ပြောဆိုထားသည်။

ထို ကိစ္စနှင့် ပတ်သက်ပြီး သျှမ်းပြည် အရှေ့ပိုင်း လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက် က “အခုပြောင်းသွားတဲ့ အမျိုးအစားက ကူးစက်မှု ပိုမြန်လာတယ်။ ကူးစက်မှု မြန်လာရင်လည်း သေဆုံးတာလည်း များလာတာပေ့ါဗျာ။ တစ်ခုတော့ ရှိတာပေါ့နော် အထောက်အထားပြဖို့လည်း လိုသေးတယ်” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုဗစ်-၁၉ ကြောင့် မြန်မာနိုင်ငံတွင် နေ့စဉ်နှင့် အမျှ သေဆုံးသူ များလာပြီး ယခင်တွင် အသက်ကြီးပြီး ရောဂါ အခံရှိသည့် သူများသည် သေဆုံးမှု အများဆုံးတွေ့ရပြီး၊ ယခုနောက်ပိုင်း ရောဂါ အခံရှိသူ ဆယ်ကျော်သက်များပါဝင်လာကြောင်းသိရသည်။

“နောက်ခံ ရောဂါ ဘာမှ မရှိဘဲ သေသွားနိုင်တယ် ဆိုရင်တော့ ကျနော်တို့ တော်တော်လေးကို သတိထားရမယ့် အနေအထားဖြစ်သွားပြီ။ သုတေသန ရလဒ်တွေလည်း စောင့်ကြည့်ရအုံးမယ်။ ဒီတိုင်း ပြောလို့က မရဘူး။ သေချာတာကတော့ သေနှုန်းမြင့်လာတယ်။ ဗိုင်းရပ်စ် ရဲ့ ပြင်းထန်မှုကပဲ ပိုးဆိုးလို့လား ပြင်းထန်မှုက ပိုဆိုးရင် တခြား ငယ်တဲ့သူတွေလည်း သေမှာ” ဟု ဒေါက်တာ ဘစိုးသက် က ထပ်လောင်းပြောသည်။

သျှမ်းပြည် တဝှမ်းတွင် ကိုဗစ်-၁၉ ကူးစက်ခံရပြီး၊ ဆေးကုသခံရသူ ၉ ဦးရှိပြီး၊ ထိုထဲတွင် တပ်မတော်သား (၃) ဦး ပါဝင်ကြောင်း သိရသည်။

သျှမ်းပြည်တောင်ပိုင်း တောင်ကြီး စဝ်စံထွန်း ဆေးရုံမှာ (၂) ဦး ၊ မူဆယ် ပြည်သူ့ဆေးရုံမှာ (၁) ဦး နှင့် ကျိုင်းတုံ ပြည်သူ့ဆေးရုံမှာ (၃) ဦး တို့ဖြစ်သည်။

စက်တင်ဘာ ၁၇ ရက် မွန်းလွှဲ (၃) နာရီ အချိန်တွင် ကျန်းမာရေး နှင့် အားကစား ဝန်ကြီး ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ အတည်ပြု လူနာ ( ၃၈၉ ၅) ဦး ရှိပြီး သေဆုံးသူ ( ၅၇) ဦး ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article