ကိုဗစ် -၁၉ကြောင့် မြန်မာနယ်စပ် ကုန်စည် စီးဆင်မှု ကြန့်ကြာ

0

မြန်မာနိုင်ငံတွင် ကိုဗစ်- ၁၉ ကူးစက်မှုနှုန်းမြင့်လာသောကြောင့် သျှမ်းပြည်နယ်ရှိ နယ်စပ်ဂိတ်များတွင် ကုန်တင်ယာဉ်မောင်းများ ပေးမဝင်တော့သဖြင့် ကုန်စည်စီးဆင်းမှု ကြန့်ကြာနိုင်ကြောင်း ကုန်သည်များက ပြောသည်။

Sai Khin Maung/ Facebook

သျှမ်းပြည် နယ်စပ်ဂိတ်များဖြစ်သည့် မြန်မာ- တရုတ်နယ်စပ် မူဆယ်မြို့ နှင့် မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့ တို့တွင် ကုန်စည်ပို့ဆောင်ရာတွင် ယာဉ်မောင်းများကို အဝင်မခံတော့သဖြင့် ကုန်စည် ပို့ဆောင်ရေးတွင် ကြန့်ကြာမှုများစွာ ကြုံတွေ့နေရကြောင်း သိရသည်။

“ဒီနှစ်မှာ ကျနော်တို့တော်တော်လေး ဆုံးရှုံးနစ်နာရတယ်။ ကားတစ်စီးကို ပျှမ်းမျှ (၁၀) သိန်း ကနေ သိန်း (၄၀) ထိဆုံးရှုံးရတယ်။ ယာဉ်မောင်းကိုလည်း အစားထိုးမောင်းရတာကတော်တော်လေးခက်ခဲ ဖြစ်တယ်။ သူတို့အချင်းချင်း အချိတ်အဆက်မရတော့ ကြန့်ကြာတာဖြစ်တယ်” ဟု သစ်သီးပွဲရုံပိုင်ရှင် စိုင်းမြင့်ဘို ကပြောသည်။

ထိုသို့ ယာဉ်မောင်းအစားထိုးရာတွင် အခက်အခဲများ နှင့် ဆုံးရှုံးနှစ်နာမှု များရှိနေကြောင်းလည်း စိုင်းမြင့်ဘို က ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း နေ့စဉ်မြင့်တက်နေမှုကြောင့် မြန်မာ-တရုတ် ကုန်စည် စီးဆင်းမှု ခေတ္တရပ်နားရန်ရှိကြောင်းလည်း ကုန်သည်များက ပြောသည်။

“အခုက ရွှေလီ Lockdown ချထားတယ်။ ကားတွေ က ကျယ်ဂေါင်မှာပဲ။ လောလောဆယ် ရွှေလီကို ဖြတ်လို့မရဘူး။ ကုန်စည်တွေကတော့ ခေတ္တရပ်ဖို့ ရှိတယ်” ဟု မူဆယ် ကုန်သည် တဦးက ပြောသည်။

အလားတူ သျှမ်းပြည် အရှေ့ပိုင်း ထိုင်း-မြန်မာ နယ်စပ် တာချီလိတ်ဘက်မှ ကုန်တင်ယာဉ်မောင်းများကို ၂၀၂၀ ခုနစ် စက်တင်ဘာ ၁၇ နေ့မှစ၍ ထိုင်းဘက်ခြမ်းသို့ အဝင်မခံတော့ကြောင်း ချင်းရိုင်းခရိုင် ရောဂါကာ ကွယ်ထိန်းချုပ်ရေး ဌာန ထုတ်ပြန်ချက် အရသိရသည်။


အဆိုပါ ကုန်တင်ယဉ်များကို လွယ်ကူစွာထိန်းချုပ်ရန်အတွက် မယ်ဆိုင် -တာချီလိတ် တံတားအမှတ် (၂) တွင် တစ်နေ့လျှင် မြန်မာ နံပတ်တပ် ကုန်တင်ယာဉ် (၆) စီးနှင့် ထိုင်းနံပတ်တပ် ကုန်တင်ယာဉ် ၆စီးသာ ဖြတ်သန်းခွင့် ပြုတော့မည် ဖြစ်ကြောင်း သိရသည်။

ထို ဖြတ်သန်းရာတွင်လည်း မော်တော်ယာဉ်တစ်စီးလျှင် လူ ၁ ဦးနှုန်းသာပါခွင့်ပေးကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထိုမော်တော်ယာဉ်များအား ထိုင်းဖက်သို့ပေးမဝင်ပဲ နယ်စပ်တွင် ထိုင်းဘက်ခြမ်းမှ ယာဉ်မောင်းကသွားရောက်ယူဆောင်မောင်းနှင်ကာ ထိုင်းထဲသို့ ပို့ဆောင်ပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ကုန်တင်ယာဉ်မောင်းများလွယ်ကူစွာ စီစစ်နိုင်ရန်အတွက် ယာဉ်မောင်းမည့်သူများကို ကဒ်ထုတ်ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ ကုန်တင်ကားများကို ပိုးသတ်ဆေးဖြန်းပြီးမှ သာလျှင် မြို့တွင်းသို့ဝင်ခွင့်ပြုမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ထိုထုတ်ပြန်ချက် စည်းကမ်းများကို မလိုက်နာပါက ထောင်ဒဏ် (၁) နှစ် သို့မဟုတ် ဘတ်ငွေ တစ်သိန်းထိ ပေးဆောင်ရမည် ဟု သိရသည်။

အလုပ်သင် သတင်းထောက် စိုင်းဆိုင်လှိုင်း ရေးသားသည်။

Leave a Comments

SHARE