ယခုလကုန် တွင် မဲဆန္ဒရှင် စာရင်း ထပ်မံကြေညာမည်

0

လာမည့်ရွေးကောက်ပွဲ မဲပေးနိုင်ရန် အတွက် ယခုလ နောက်ဆုံးပတ် တွင် မဲဆန္ဒရှင် စာရင်းများကို ထပ်မံ ကြေညာသွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ မဲဆန္ဒရှင် စာရင်းများကို စက်တင်ဘာ နောက်ဆုံးပတ်မှာ သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ ကော်မရှင်တို့မှာ ကပ်ထား ကြေညာသွားမည်ဖြစ်ကြောင်း သျှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထင်ကျော် ကပြောသည်။

“လာမယ့် ၂၀ ရက်နောက်ပိုင်းမှာ ထုတ်ပြန်သွားဖို့ရှိပါတယ်။ မဲ ပေးမယ့်သူက တိုးလာမှာပါ။ ဘယ်လောက်တိုးမလဲ ဆိုတာတော့ မပြောနိုင်သေး ဘူး။ လုပ်နေတုန်းပါပဲ” ဟု ဦးထင်ကျော် ကပြောသည်။

ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် မဲပေးခွင့်ရှိသူ စာရင်းကို ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၇ ရက်ထိ ပထမအကြိမ် ကြေညာခဲ့သော်လည်း မဲဆန္ဒရှင် စာရင်းမှားယွင်းမှုကြောင့် သြဂုတ် ၁၄ ရက်ထိ တိုးပေးခဲ့ရကြောင်း သိရသည်။

“ပုံမှန်တော့ ၁၄ ရက် ကပ်ထားပါတယ်။ ဒါပေမယ့် UEC က ဘယ်လောက် ထားမလဲတော့မသိသေးဘူးပေါ့နော်။ ကျနော်တို့ကတော့ ပထမအကြိမ် ၁၄ ရက် ဒုတိယအကြိမ် ၁၄ ရက် သတ်မှတ်ထားတာလေ။ လိုအပ်ချက်အရ တိုးရင်လည်း တိုးတာပေါ့နော်။ နောက်ဆုံးအကြိမ် ကပ်ထားခြင်း ဖြစ်ပါတယ်။” ဟု ဦးထင်ကျော် ကပြောသည်။

ပထမအကြိမ် မဲဆန္ဒရှင် စာရင်းကပ်ထား ကြေညာရာမှာ သျှမ်းပြည်အတွင်း မဲဆန္ဒရှင် နာမည်၊ မွေးသက္ကရာဇ် နှင့် အဖအမည်များ မှားယွင်းမှု အများအပြား တွေ့ရခြင်း ၊တချို့တွင်လည်း အမည်စာရင်း မပါလာခြင်း တို့ ရှိခဲ့ကြောင်း သိရသည်။


မဲစာရင်းအရ မဲပေးပိုင်ခွင့်ရှိသူ ၃၇ သန်း ၅ သိန်းကျော်ရှိပြီး၊ မဲစာရင်း လာရောက် ကြည့်ရှုသူ ၆ သန်း ၆ သိန်းကျော် ရှိကြောင်း သိရသည်။ လာရောက် ကြည့်ရှုသူမှာ ပုံစံ (၃) ဖြင့် ပြန် တောင်းသူ ဦးရေ ၂ သိန်း ၁ သောင်းကျော်ရှိပြီး ပုံစံ (၄) ဖြင့် ကန့်ကွက်သူ ဦးရေ ၆ သောင်း ၆ ထောင်ကျော် ရှိကြောင်း အချက်အလက်မှားယွင်းသည့် အတွက် ပုံစံ (၄) (ဂ) ဖြင့် တင်ပြလာသူ ဦးရေ ၁ သိန်း ၅ သောင်းကျော်ရှိကြောင်း သိရသည်။

၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၂၉ ရာခိုင်နှုန်းခန့် တိုးလာကြောင်း သိရသည်။


၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပမည့် ပါတီစုံ ရွေးကောက်ပွဲသည် သျှမ်းပြည်တွင်းရှိ မဲပေးပိုင်ခွင့်ရှိသူ (၃၅) သိန်းကျော်ရှိပြီး ၂၀၁၅ ခုနှစ် ပါတီစုံ ရွေးကောက်ပွဲသည် မဲပေးပိုင်ခွင့်ရှိသူ (၃၁) သိန်းကျော်သာ ရှိကြောင်း သျှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး ထံမှ စုံစမ်းသိရှိရသည်။


သျှမ်းပြည်တွင်းရှိ မဲရုံအရေအတွက် (၃၅၀၀) ကျော်ခန့်ထားပြီး အတိုးအလျော့ ဆက်လက်ရှိသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Comments

SHARE