လူငယ်၊၂၀၂၀ ရွေးကောက်ပွဲနှင့် အနာဂတ် သျှမ်းပြည်

0

လာမဲ့ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ရက်မှာ ဆိုရင် မြန်မာနိုင်ငံရဲ့ တတိယအကြိမ်မြောက် ရွေးကောက်ပွဲကိုကျင်းပတော့မှာဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ကနေ စတင်မဲဆွယ် ခွင့်ပြုလိုက်တဲ့ စက်တင်ဘာလ ၈ရက်နေ့ကနေစပြီးတော့ စာရေးသူတို့သျှမ်းပြည်နယ်အနှံ့ အပြားမှာကော လူမှုကွန်ရက်စာမျက်နှာတွေ ပေါ်မှာ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ ပါတီ ပေါင်းစုံရဲ့ သင်္ကေတတွေနဲ့ပျာပန်းခတ်နေတာကိုလည်းတွေ့ရပါတယ်။

ယခု ၂၀၂၀ ရွေးကောက်ပွဲကတော့ အရင် ခါတိုင်းနှစ်ရွေးကောက်ပွဲများနဲ့မတူ လူငယ် တွေကရွေးကောက်ပွဲကိုပိုစိတ်ဝင်စားလာတာ တွေ့ရသလို နိုင်ငံရေးပါတီအသီးသီးကလဲ လူငယ်ပညာတတ်တွေကို ပွဲထုတ်ယှဉ်ပြိုင် စေခဲ့တာကိုတွေ့ရပါတယ်။

သျှမ်းပြည်နယ်မှာဝင်ရောက်ယှဉ်ပြိုင်တဲ့ပါတီတွေထဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီဟာ ၃၅နှစ်အောက် လူငယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၃ ရာနှုန်းကျော် အထိပါဝင်နေပြီး အခြားပြည် နယ်တွင်းပါတီတွေဖြစ်တဲ့ SNDP၊ ပအိုဝ့်အမျိုးသားအဖွဲ့ချုပ် စတဲ့ပါတီတွေမှာလဲ လူငယ်အတော်များများ လွှတ်တော်ကိုယ် စားလှယ်လောင်းအဖြစ်ပါဝင်လာပါတယ်။

လူငယ်တွေကို လွှတ်တော်ကိုယ်စားလှယ် လောင်းနေရာအတော်များများပေးတဲ့အပြင် ယခု ၂၀၂၀ ရွေးကောက်ပွဲရဲ့ထူးခြားမှုက တော့ နိုင်ငံတကာတက္ကသိုလ်က ဘွဲ့ရ လူငယ်တွေ၊ ပြည်တွင်းအဆင့်မြင့်တက္ကသိုလ်တွေ က ပညာတတ်လူငယ်တွေနဲ့ ရှေ့နေတွေ စတဲ့ ပညာတတ်အလွှာ က လူငယ်တွေပိုမိုပါဝင်လာတာပါပဲ။

စာရေးသူလေ့လာမိသလောက်အရ တော့ အဲ့ဒီထဲကလူငယ်အချို့ဟာ နိုင်ငံရေး အသိုင်းအဝိုင်းထဲကမဟုတ်ဘဲနဲ့ မူဝါဒရေးရာ သမားတွေ၊ပညာရှင်တွေနဲ့ အခြားနယ်ပယ်ကသူတွေဖြစ်နေကျတာပါ။

နိုင်ငံရေးရိုက်ခတ်မှုရဲ့ဒဏ်ကိုလူငယ်တွေခံနိုင်ပါ့မလား?

အခုလိုလူငယ်ပညာတတ်တွေနိုင်ငံရေးမှာပါဝင်လာတာကို စာရေးသူဟာ လူငယ်တစ်ယောက်အနေနဲ့ အတော်ကျေနပ်မိပါတယ်။

ဒါပေမဲ့ မေးခွန်းထုတ်စရာရှိလာတာက ကန့်သတ်ချက်တွေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသံကြိုးနဲ့ လွှတ်တော်ထဲမှာ လူငယ်တွေ ဘယ်လောက်ကျားကန်နိုင်မလဲဆိုတာကိုပါဘဲ။

အဲ့ဒါအပြင် တကယ်လို့အခုလူငယ်ကိုယ်စားလှယ်လောင်းတွေသာ အနိုင်ရ သွားခဲ့မယ် ဆိုရင် အင်အားကြီးပါတီတွေနဲ့ တပ်မတော်ရဲ့ ၂၅ရာနှုန်းကြား နိုင်ငံရေး လှည့်ကွက်တွေ တိုက်ကွက်တွေကိုဘယ်လိုများ ရင်ဆိုင်ကြမလဲ၊ပါတီရဲ့ မူဝါဒတွေကိုသာဆောင်ရွက်ရင်း ပြည်သူကိုသစ္စာခံနိုင်ပါ့မလားဆိုတဲ့မေးခွန်းကလည်း နိုင်ငံရေးလေ့လာသုံးသပ်သူတွေကြား စိုးရိမ်ပန်ပူပန်နေတာတွေလဲရှိပါတယ်။

နိုင်ငံရေးသမားတစ်ဦးဟာ ခံယူချက်၊ယုံ ကြည်ချက်တွေကို သူ့ရဲ့အသိပညာနဲ့ပေါင်း စပ်ပြီး ပြည်သူအတွက်အလုပ်လုပ်ပေးရသူ တွေဖြစ်ပါတယ်။

အခုယှဉ်ပြိုင်ကျမဲ့ လူငယ်လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့မိမိ တို့စိတ်ထဲမှာနိုင်ငံရေးဝိဉာဉ်ဘယ်လောက် အထိကိန်းအောင်းနေပါသလဲ။

မိမိတို့ရပ်တည် တဲ့ပါတီရဲ့မူဝါဒနဲ့အတူ ကန့်သတ်ချက်တွေများလှတဲ့ လွှတ်တော်ကနေ မိမိတို့အသိပညာတွေနဲ့ အစိုးရဘယ်လိုပေါင်းစပ်ထိန်းကျောင်းမလဲဆိုတာလဲစိတ်ဝင်စားစရာပါ။

နိုင်ငံရေးပညာရှင်ဆိုတဲ့မတူညီမှုတွေကြားမှာ မျိုးဆက်သစ် လူငယ် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ဟန်ချက်ညီညီလျောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းရင်း ၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတဲ့ရွေးကောက်ပွဲ ဖြစ်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။

လားရှိုး ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင် မွေလျန်း ရေးသားပေးပို့သည်။

Leave a Comments

SHARE