Wednesday, April 24, 2024

မိုင်းယန်းတွင် ကိုဗစ်-၁၉ လူနာ တဦးတိုး

Must read

သျှမ်းပြည်အရှေ့ပိုင်း မိုင်းယန်းမြို့နယ် ဆီလူးဒေသတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ တဦးထပ်မံတိုးလာကြောင်း ယနေ့ (စက်တင်ဘာ ၉ )ရက် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက် အရသိရသည်။

Photo by Kyaw Soe Lwin – ဆီလူးရှိ ပြောင်းခြံ ငှက်ပျောခြံအလုပ်သမားများအား ကိုဗစ်ပိုးစစ်ဆေးဖို့ ကျန်းမာရေး၀န်ထမ်းများက ကွင်းဆင်းဆောင်ရွက်နေစဉ်

အဆိုပါ ကိုဗစ်-၁၉ အတည်ပြုလူနာသည်လည်း စက်တင်ဘာ ၅ ရက်တွင် ဆီလူး ဒေသ တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ(၃) နှင့် တဖွဲ့တည်း လာသည့် သူများဖြစ်ကြောင်း၊ ထိုသူလည်း ရခိုင်ပြည်မှ လာသည့် ရွှေ့ပြောင်းအလုပ်သမားဖြစ်ကြောင်း သျှမ်းပြည် အရှေ့ပိုင်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ အရင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၃ဦးနဲ့ တဖွဲ့တည်းပါ။ သူလည်း ဘာလက္ခဏာမှ မပြဘူး။ ဒီနေ့ကျိုင်းတုံပြည်သူ့ဆေးရုံကိုလွှဲပြောင်းဖို့လုပ်နေပါပြီ” ဟု ဒေါက်တာ ဘစိုးသက်က ပြောသည်။

ယနေ့ ဆီလူးဒေသ ကိုဗစ်-၁၉ အတည်ပြုလူနာ (၁)သည် ယခင် ပထမတကြိမ် ကိုဗစ်-၁၉ ပိုးရှိ၊ မရှိစစ်ဆေးချိန်တွင် ပိုးမတွေ့ရှိခဲ့ဘဲ ဒုတိယအကြိမ်စစ်ဆေးသည့် အချိန်မှသာပြန်လည်တွေ့ရှိသူဖြစ်ကြောင်း စုံစမ်းသိရသည်။

Photo by Kyaw Soe Lwin – ဆီလူးရှိ ပြောင်းခြံ ငှက်ပျောခြံအလုပ်သမားများအား ကိုဗစ်ပိုးစစ်ဆေးဖို့ ကျန်းမာရေး၀န်ထမ်းများက ကွင်းဆင်းဆောင်ရွက်နေစဉ်

ယနေ့ အချိန်ထိ မိုင်းယန်းမြို့နယ် ဆီလူးဒေသတွင် တွေ့ရှိသည့် ကိုဗစ်-၁၉ လူနာ (၄)ဦးရှိသွားပြီဖြစ်ပြီး၊ ၎င်း နှင့် ထိတွေ့ဆက်စပ်သူ ၁၅၅ဦး ထိရှိကြောင်း သိရသည်။

“ ပထမက ကျနော်တို့သူတို့ထိတွေ့တဲ့သူကို လိုက်ခဲ့တာ (၁၃၈)ဦး၊နောက်သူတို့ မိုင်းယန်း ဘုန်းကြီးကျောင်းမှာ သွားနားခိုးတယ်ဆိုလို့အဲ့မှာ က (၁၇)ယောက်။ စုစုပေါင်း ၁၅၅ယောက်ရှိပြီး” ဟု ဒေါက်တာ ဘစိုးသက်က ပြောသည်။

သျှမ်းပြည် အရှေ့ပိုင်းသို့ ရခိုင်ပြည် သို့မဟုတ် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းများပြီး Stay at Home နေရာမှာသည့် သူများကို Quarantine ဝင်ရမည်ဖြစ်ကြောင်းလည်း သက်ဆိုင်ရာ မှ ထုတ်ပြန်ထားကြောင်းသိရသည်။

Photo by Kyaw Soe Lwin – ဆီလူးရှိ ပြောင်းခြံ ငှက်ပျောခြံအလုပ်သမားများအား ကိုဗစ်ပိုးစစ်ဆေးဖို့ ကျန်းမာရေး၀န်ထမ်းများက ကွင်းဆင်းဆောင်ရွက်နေစဉ်

လက်ရှိ အချိန်ထိ သျှမ်းပြည် ကိုဗစ်-၁၉ အတည်ပြုလူနာ များမှာ ကျိုင်းတုံဆေးရုံတွင် (၄)ဦး၊ တောင်ကြီးတွင် (၁)ဦးနှင့် ကလောတွင် (၂) ဦး ရှိပြီး ဆေးကုသခံယူနေကြောင်းသိရသည်။

ယနေ့ မနက် (၈) နာရီထိ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၁၈၀၇ ဦးရှိပြီး သေဆုံးသူ (၁၂) ထိမြင့်တက်လာကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article