Friday, April 19, 2024

အမျိုးသမီးတွေ ကိုယ့်ခြေထောက်ရိုက်ချိုးခံရရုံတင်မက တန်းတူအခွင့်အရေးအတွက် ကလေးတွေကိုပါ ကျောပိုးပြီး ရွေးကောက်ပွဲဝင်ပြိုင်ရ

Must read

ကျားခေါင်းပါတီအဖြစ် လူသိများသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ကို ကိုယ်စားပြု၍ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်နန်းမြဦးသည် လက်ရှိတွင် တောင်ကြီးမြို့နယ် SNLD ပါတီ၏ ဥက္ကဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေသူဖြစ်သည်။ ၎င်းသည် ယခင် ၂၀၁၅ ရွေးကောက်ပွဲတွင် သျှမ်းပြည်နယ် တောင်ကြီးမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်မရရှိခဲ့ပေ။

ယခုအခါ သူမအနေဖြင့် ရွေးကောက်ပွဲတွင် ကယားပြည်နယ်မှ ဝင်ရောက်အရွေးခံမည်ဖြစ်ကြောင်း သိရသည်။

သျှမ်းပြည်နယ် တောင်ကြီးတွင် ပါတီတာဝန်ထမ်းဆောင်နေသူအနေဖြင့် တခြားပြည်နယ်တွင် ဝင်ရောက်အရွေးခံခြင်းမှာ စိတ်ဝင်စားဖွယ်ပင်ဖြစ်သည်။ ထို့ကြောင့် သူမအနေဖြင့် တခြားပြည်နယ်တွင် ရွေးကောက်ပွဲဝင်ရန် ဖြစ်လာပုံ၊ အမျိုးသမီးတစ်ဦးအနေဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ သူမ၏ ရွေးကောက်ပွဲကတိကဝတ်များနှင့်ပတ်သက်၍ သိရှိစေရန် ဒေါ်နန်းမြဦးအား ယခုလို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတသည်။

မေး ။ ။ SNLD ရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ကယားပြည်နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဘာကြောင့်ဆုံးဖြတ်ခဲ့တာလဲ။

ဖြေ ။ ။ ကျွန်မသွားပြိုင်မယ့် ကယားပြည်နယ် မယ်စဲမြို့နယ်ဘက်မှာဆိုရင် နိုင်ငံရေးရေချိန်အရရော၊ ဖွံ့ဖြိုးမှုအရရော နောက်ကျနေတဲ့ ဒေသတစ်ခုဖြစ်နေတယ်။ သူတို့ ဒေသခံတွေထဲမှာ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံဖို့ရာ လူမရှိတဲ့အတွက် သူတို့က အဆိုပြုတင်သွင်းတောင်းခံလာတဲ့အခါ စဉ်းစားလိုက်တော့ အမျိုးသားလွှတ်တော်မှာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ဘာပဲဖြစ်ဖြစ် ယှဉ်ပြိုင်သင့်တယ်လို့ ကျွန်မ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ SNLD ပါတီအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၅ မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အနေနဲ့ သုံးဦးပဲ အနိုင်ရရှိထားတယ်။ အဲ့ဒီ သုံးဦးလုံးကလဲ အမျိုးသားပဲဖြစ်နေတယ်။ ခု ဒီ ၂၀၂၀ မှာလည်း ကယားပြည်နယ်ထဲမှာ ကျွန်မအပါအဝင် အမျိုးသမီး နှစ်ဦးပဲရှိတယ်။ အဲ့အတွက်ကြောင့် ဝင်ရောက်ယှဉ်ပြိုင်သင့်တယ်လို့ မြင်ပါတယ်။

မေး ။ ။ အမျိုးသမီးတစ်ဦးအနေနဲ့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်တဲ့နေရာမှာ အခက်အခဲ စိန်ခေါ်မှုက ဘာဖြစ်မလဲ။

ဖြေ ။ ။ အခက်အခဲကတော့ အများကြီးရှိတယ်။ ရွေးကောက်ပွဲ အာမခံကြေးတင်သွင်းတဲ့စာရိတ် သုံးသိန်းရှိပါတယ်။ တချို့အမျိုးသမီးတွေဆို ဒီသုံးသိန်းကိုတောင်မှ တင်သွင်းဖို့ တော်တော်လေးကို အခက်အခဲဖြစ်နေတာပေါ့။ နောက်တစ်ချက်က လုံခြုံရေးနဲ့ပတ်သက်တဲ့ အစီအမံတွေက ကိုယ့်ကို စိန်ခေါ်မှုဖြစ်စေတယ်။ ရွေးကောက်ပွဲအတွက် စည်းရုံးရးဆင်းတဲ့ကာလရောက်ရင် အမျိုးသမီးတစ်ယောက်အနေနဲ့ တစ်ဦးတည်းသွားဖို့က တစ်ချို့နေရာတွေ တော်တော်အခက်အခဲရှိတယ်။ အဲဒီအခါမှာ အဖော်တွေလိုပါတယ်။ ကိုယ်နဲ့အတူသွားတဲ့ အဖာ်တွေရဲ့ ကုန်ကျစရိတ်ရှိပါမယ်။ နောက်တစ်ချက်က ဒီအလုပ်လုပ်ရင် အိမ်က မိသားစုရဲ့တာဝန်ကနေ ရုန်းထွက်လာဖို့ဆိုတာလည်း အမျိုးသားတွေနဲ့နည်းတူ လွယ်လင့်တကူ ထွက်လာလို့မရပါဘူး။ အိမ်ထောင့်တာဝန်၊ ကလေးတွေရဲ့ တာဝန်ပိနေတာမျိုးတွေ အရင်က ကျွန်မတို့ပါတီက အတွင်းရေးမှူးတစ်ဦးက တိုင်းရင်းသားတွေရဲ့ တန်းတူအခွင့်အရေးနဲ့ပတ်သက်ပြီး တစ်ခုပြောဖူးပါတယ်။ တိုင်းရင်းသားတွေရဲ့ ခြေထောက်ရိုက်ချိုးပြီးမှ အပြေးပြိုင်ခိုင်းရင် ဒါတရားတယ်လို့မခေါ်ဘူးလို့ ပြောကြတယ်။ ဒါပေမဲ့ အဲ့လိုပြန်ကြည့်ရင် ကျွန်မတို့ အမျိုးသမီးတွေက ကိုယ့်ခြေထောက်ရိုက်ချိုးခံရရုံတင်မကပဲ တန်းတူအခွင့်အရေးအတွက် ကလေးတွေကိုပါ ကျောပိုးပြီးတော့မှ ရွေးကောက်ပွဲဝင်ပြိုင်ရမယ့် အနေအထားလေးတွေရှိတယ်။

မေး ။ ။ အနိုင်ရခဲ့ရင် ဘယ်လိုအကြောင်းအရာတွေကို ဦးစားပေးလုပ်ဆောင်မှာလဲ။

ဖြေ ။ ။ ဦးစားပေးလုပ်ဖို့ဆို ကိုယ့်မဲဆန္ဒနယ်ရဲ့ လိုအပ်ချက် အခြေအနေအပေါ်မူတည်သလို ကိုယ့်မဲဆန္ဒနယ်ရဲ့ ပြည်နယ်အပေါ်မှာလဲ မူတည်ပါတယ်။ ကယားပြည်နယ်ရဲ့ အနေအထားအရ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ မဖွင့်နိုင်သေးဘူးပေါ့ အဲ့ဒီတံခါးတွေ ကိုယ်ကဖွင့်နိုင်အောင် လုပ်နိုင်သလားဆိုတော့ လက်ရှိပေးထားချက်အရ မလုပ်နိုင်ပါဘူး။ ဒါပေမဲ့ ဘာကြောင့် ဒီကုန်သွယ်ရေးလမ်းကြောင်းတွေ မဖွံ့ဖြိုးတိုးတက်နိုင်သေးတာလဲ ဘယ်လိုများ အခက်အခဲရှိလို့လဲ ဆိုတဲ့အဖြေရှာရမယ်။ အဓိကလိုအပ်ချက်ကတော့ ကုန်သွယ်ရေးမူဝါဒတွေ ဖော်ဆောင်ပေးရမယ်လို့တော့မြင်တယ်။ နောက်ထပ်အရေးကြီးဆုံးအချက်က ပညာရေးပေါ့။ ကျွန်မ ဒီလိုမျိုး အင်တာဗျူးတွေဖြေနေတယ်ဆိုတောင်မှ ကျွန်မ မဲဆန္ဒနယ်က ပြည်သူတွေက ကြည့်ရှုခွင့်တောင်မရတဲ့ အနေအထားရှိပါတယ်။ ဖုန်းလိုင်းတောင်မှ မမိတမိဖြစ်နေတဲ့နေရာမှာ အင်တာနက်ဆိုတာ သူတို့အတွက် အရမ်းကို လက်လမ်းမမှီနိုင်ဘူးဖြစ်နေတယ် ဒါတွေကို ကျွန်မအနေနဲ့ ဖော်ဆောင်ခွင့်ရမယ်ဆိုရင် အရင်ဆုံး ဖော်ဆောင်ပေးသွားမှာဖြစ်ပါတယ်။

မေး ။ ။ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံဖို့ ဘယ်အရာက တွန်းအားဖြစ်စေခဲ့တာလဲ။

ဖြေ ။ ။ ကျွန်မ အနေနဲ့ဒီ ၂၀၁၅ မတိုင်ခင်ကတည်းက ဒီနိုင်ငံရေးလောကထဲကို ရောက်ခဲ့တယ်။ စာပေယဉ်ကျေးမှု အသင်းမှာရော၊ လူမှုအသင်းအဖွဲ့တွေမှာရော ကျွန်မ အရင်ကတည်းက အများကြီးဝင်လုပ်ဖြစ်ခဲ့တယ်၊ တကယ်တမ်းပြန်ကြည့်ရင် ထိရောက်မှုအားနည်းတာ ကိုတွေ့ရတယ်။ လွှတ်တော်ထဲရောက်သွားရင် မူဝါဒပိုင်းဆိုင်ရာကို ဝင်ရောက်ပြီး ရေးဆွဲခွင့်ရှိမယ်။ ပြည်သူအတွက် ကောင်းမွန်တဲ့ နည်းဥပဒေတွေ ပေါ်ပေါက်လာဖို့ ကိုယ်တိုင် ပါဝင်ရေးဆွဲခွင့်ရှိတယ်ဆိုတော့ ဒီနေရာဟာ ထိရောက်မှုရှိတဲ့နေရာလို့ မြင်တဲ့အတွက် ကိုယ်စားလှယ်လောင်းဖြစ်ဖို့ အဓိကတွန်းအားဖြစ်စေပါတယ်။

မေး ။ ။ နောက်ဆုံးအနေနဲ့ ဘာများထပ်ပြီး ဖြည့်စွက်ပြောချင်ပါသလဲ။

ဖြေ ။ ။ မြန်မာနိုင်ငံမှာ အမျိုးသမီးလူဦးရေက အမျိုးသားလူဦးရေထက် ၂.၂ ရာခိုင်နှုန်း ပိုများနေတာကို တွေ့ရှိရပါတယ်။ အမျိုးသမီးထုကို ကိုယ်စားပြုဖို့အတွက်၊ အမျိုးသမီးအသံကို ဖော်ဆောင်ဖို့အတွက် အမျိုးသမီးတွေကို မဲပေးပါလို့ ပြောချင်ပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article