စိုင်းဆိုင်လှိုင်း
ယခုရက်ပိုင်း ကိုဗစ် ၁၉ ကူးစက်မှုနှုန်းမြင့်လာသဖြင့် အထက်တန်း ကျောင်းများယာယီ ပြန်ပိတ်လိုက်ပြီး အွန်လိုင်းနည်းပညာသင်ကြားမည်ဆိုပါက သျှမ်းပြည်တွင် အခက်အခဲများစွာ ရှိနိုင်သည် ဟု မိဘများနှင့် ကျောင်းဆရာများက စိုးရိမ်မှုများရှိနေကြောင်း စုံစမ်းသိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းသည် တရက် ထက် တရက် များလာသဖြင့် ယနေ့ (သြဂုတ် ၂၇ ) ရက်မှ စ၍ မြန်မာနိုင်ငံ တဝှမ်းရှိ အထက်ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများကို ပြန်လည် ပိတ်လိုက်ရကြောင်း မြန်မာနိုင်ငံ ပညာရေးဝန်ကြီး ဌာန ၏ ထုတ်ပြန်ချက် အရသိရသည်။
ထို့အထက်ကျောင်းများ ယာယီပြန်ပိတ်ပြီး Home Learning (အွန်လိုင်း နည်းစနစ် )ဖြင့် သင်ကြားသွားမည် ဟု သိရသည်။
သျှမ်းပြည်တွင် ဆက်သွယ်ရေး ခက်ခဲခြင်း၊ မီးများ မရရှိသဖြင့် အွန်လိုင်း နည်းစနစ်ဖြင့် သင်ကြားပါ အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့ရမည်ဖြစ်ပြီး၊ လက်ရှိကာလမှာ အွန်လိုင်းနည်းပညာဖြင့် သျှမ်းပြည်အတွင်း အများစုမှာ မသင်ကြားနိုင်းသေးကြောင်း ပင်လုံမြို့ အထက်တန်းကျောင်း ဆရာမ တဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။
“ ကျမတို့ ဘက် ကျေးရွာ က ကလေး များတယ်။ တချို့ နေရာတွေက အင်တာနက်ရှိပြီး လိုင်းမကောင်းဘူး။ ညွန်ကြားချက်တွေရှိရင်တော့ သင်ရမှာပဲ။ အင်တာနက် ကောင်းတာ မကောင်းတော့ ရှိတာပေါ့။ ဒါကလည်း အခက်အခဲတခုပဲ” ဟု အထက်တန်းပြ ဆရာမ က ပြောသည်။
လက်ရှိ အထက်တန်းကျောင်း ကို ပြန်လည် ပိတ်လိုက်သည့် အတွက် ကျေးရွာ နေထိုင်သည့် ကျောင်းသားများအတွက် စိတ်မကောင်းကြောင်း၊ တဖက်တွင် ပညာရေးထိခိုက်မည်ကို စိုးရိမ်သော်လည်း ကျန်းမာရေးကြောင့် တနိုင်ငံလုံး ပိတ်လိုက်ရကြောင်း ၎င်း ဆရာမ က ပြောသည်။
ကျေးရွာမှ တဆင့် လာရောက် ပြီး ပညာသင်ကြားနေသည့် အဆောင်နေ ကျောင်းသားကို မိမိနေရပ်သို့ ပြန်လည် ပို့ဆောင်လိုက်ရကြောင်း သိရသည်။

ဆက်လက်ပြီး ကျောင်းသားမိဘ တဦးဖြစ်သည့် နန်းလှရီ က အွန်းလိုင်း နည်းပညာဖြင့် စာသင်ကြားနေရသည့် အပေါ် “အွန်းလိုင်းကနေ တချိန်တည်းမှာ (၃)ဘာသာလောက် လွှင့်လာတော့ ကျောင်းသားတွေက စာကိုမလိုက်နိုင်တာတွေဖြစ်တယ်။ သူတို့ဘယ်ဘာသာနောက်လိုက်ရမလဲဆိုတာ သူတို့ကိုယ်တိုင် မဆုံဖြတ်နိုင်ဘူး။ လိုင်းတွေကလည်း မကောင်းဘူး” ဟု သျှမ်းသံတော်ဆင့်ကိုပြောသည်။
အွန်လိုင်းနည်းပညာဖြင့် သင်ကြားနေသည့် ကလေးတချို့ လက်ရှိ ရင်ဆိုင်နေရသည့် ပြဿနာ မှာ လိုင်းမကောင်းသည့်တွက် စာမလိုက်နိုင်ဘဲ လိုင်းပြန်ကောင်းလာသည့်အခါ သင်ကြားနေသည့် စားများက ပြီးစီးကြောင်း၊ ထို့ကြောင့် ယခုနှစ်သည် ကျောင်းသားများအတွက် အခက်အခဲများစွာ ရင်ဆိုင်နေရသည် ဟု နန်းလှရီ က ပြောသည်။
“ဒီတစ်နှစ် ပညာရေးကတော့ ကျတော်တို့အတွက်လည်း တော်တော်လေး ဒုက္ခရောက်တယ်။ ဘာအလုပ် မှကောင်းကောင်းလုပ်လို့မရဘူး။ သူတို့ကိုစောင့်ကြည်ပေးနေရတာ။ ဘာကိုမှ ကောင်းကောင်း မဆုံးဖြတ်နိုင်ခဲ့ဘူး။ ကျောင်းဆက်ထားရမလား၊ မထားရဘူးလားဆိုတာလည်း မသိဘူး” ဟု ၉ တန်းကျောင်းသား ဖခင် တဦးဖြစ်သည့် ဦးမောင်ငယ်က ပြောသည်။
သျှမ်းပြည် အတွင်းရှိ ကိုယ်ပိုင်ကျောင်းတချို့ တွင် အွန်လိုင်းပေါ်မှ တဆင့် စာသင်ကြားနိုင်အောင် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ သို့သော် အွန်လိုင်း နည်းစနစ်ဖြင့် သင်ကြားပါက မီးပျက်သည့် ကိစ္စနှင့် လိုင်းမကောင်းသည့် ကိစ္စများသည်လည်း အခက်အခဲ စိန်ခေါ်မှုများဖြစ်ကြောင်း ကိုယ်ပိုင်ကျောင်း တွင် စာသင်ကြားပေးနေသည် ဆရာမ ဒေါ်ခင်မြသက် က သျှမ်းသံတော်ဆင့်ကို ပြောသည်။
“အွန်လိုင်းပေါ်သင်ကြားမှုက မီးပျက်တာ၊ လိုင်းမကောင်းတာတွေအတွက်တော့ အခက်ခဲရှိတယ်” ကိုယ်ပိုင်ကျောင်းတွင် စာသင်ကြားပေးနေသည့် ဆရာမ ဒေါ်ခင်မြသက် ကပြောသည်။
ယခုနှစ် မြန်မာနိုင်ငံတဝှမ်းလုံးတွင် ကိုဗစ်-၁၉ ကြောင့် ကျောင်းများကို ဇူလိုင် ၂၁ရက်တွင် အခြေခံ အထက်တန်းကျောင်းများကို ပြန်လည်ဖွင့်လှစ်ခွင့်ရခဲ့ပြီး၊ အလယ်တန်းနှင့် မူလတန်းကို ကို ယနေ့ချိန်ထိ ဖွင့်လှစ်ခွင့်မရခဲ့ပေ။
သျှမ်းပြည်တောင်ပိုင်းတွင် အခြေခံ ပညာကျောင်း တရားဝင် ဖွင့်ထားသည့် ကျောင်း (၂၆၄) ကျောင်း နှင့် ကိုယ်ပိုင်ကျောင်း (၄၅) ကျောင်း ရှိကြောင်း သိရသည်။











Leave a Comments