ရခိုင်ပြည် မှ ကိုဗစ် -၁၉ လူနာ အမှတ် (၃၇၅ )ကွင်းဆက်ဖြစ်သည့် တောင်ကြီးမြို့မှ ၄ဦးသည် ကိုဗစ်-၁၉ ပိုးမတွေ့ရှိကြောင်း စုံစမ်းသိရသည်။

၄င်း ၄ ဉီးအနက် တဦးသည် ဇူလိုင် ၃၁ ရက်က ကိုဗစ် လူနာအမှတ် (၃၇၅ )နှင့် အတူ စစ်တွေမှ ကျောက်ဖြူ သို့ လေယာဉ်တစီးတည်းအတူ လိုက်ပါခဲ့သည့်ခရီးသည်တဉီးဖြစ်ကြောင်း သိရသည်။
“ တကယ်တော့ လူနာ အမှတ် ၃၇၅ နဲ့ထိတွေ့ခဲ့တာက တယောက်တည်း။ အဲ့ဒီ ခရီးသည်က ရန်ကုန်ကနေ အလုပ်ကိစ္စနဲ့ တောင်ကြီး ကို လာတယ်။ တဆင့် ထိတွေ့မှုတွေ ဆက်ဖြစ်သွားတယ်။ စုစုပေါင်း ၄ ဦးဖြစ်သွားတယ်” ဟု သျှမ်းပြည် အထူးရောဂါ နိမ်နင်းရေး လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကို က ပြောသည်။
အဆိုဆက်စပ်သူ ၄ ဦးကို တောင်ကြီး မြို့ Quarantine center တွင် ထားရှိပြီး ကိုဗစ်-၁၉ ရှိ၊မရှိ စစ်ဆေးမှုပြုလုပ်ခဲ့ရာ ဆေးစစ်ချက်အဖြေ ပိုးမတွေ့ ဟုဆိုသဖြင့် ရန်ကုန်သို့ပြန်သွားကာ နေအိမ်တွင် Quarantine ၇ ရက် ပြန်ဝင်ရမည် ဖြစ်ကြောင်း ဒေါက်တာ ဇဝန က ပြောသည်။
“လက်ရှိမှာတော့ သျှမ်းတောင်မှာ သံသယ လူနာ မရှိတော့ဘူး။ သျှမ်းတောင်မှာ ပြည်တွင်းကူးစက်မှု မရှိသေးဘူး။ ထိန်းချုပ်ထားနိုင်တယ်လို့ ပြောလို့ရတယ်” ဟု ဒေါက်တာ ဇဝနကို ကပြောသည်။
ယခုရက်တပတ်အတွင်း ကိုဗစ်-၁၉ ပြည်တွင်း ကူးစက်မှုနှုန်းသည် နေ့စဉ်ရက်ဆက် ရှိနေသည်။
ကိုဗစ်-၁၉ ကူးစက်မှုနှုန်း ၃-၄ လအတွင်း ကျဆင်းလာပြီးနောက်၊ ပြည်သူများ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပတ်သက်ပြီး ပေါ့ဆလာကာ အပြင်သွားလျှင် Mask( နှာခေါင်းစည်း) ခြင်းကို မပြုလုပ်ကြတော့ပေ။
“ အပြင်သွားတိုင်း Mask တွေတပ်ရမယ်။ လူစုလူဝေးတွေကိုရှောင်ရမယ်။ လက်တွေဆေးရမယ်” ဟု ဒေါက်တာဇဝန က ပြောသည်။
ရခိုင်ပြည်နယ်တွင် သြဂုတ် ၁၆ ရက်မှ ၂၄ ရက်ထိ ကိုဗစ် -၁၉ ပြည်တွင်း ကိုဗစ် ၁၉ ကူးစက်ခံရမှုမှာ ၇၂ ဦး ရှိပါသည်။ လူနာ အများစုသည် စစ်တွေမြို့က ဖြစ်ပြီး သံတွဲ နှင့် မြောက်ဦးက လူနာ တချို့လည်း ပါဝင်ကြောင်းသိရသည်။
“စစ်တွေမှာတော့ lockdown မချထားသေးဘူး။ ဒါပေမယ့် အိမ်မှာပဲ အတတ်နိုင်ဆုံး နေကြဖို့နဲ့ ညမထွက်ရ အမိန့် ထုတ်ထားတယ်။” စစ်တွေ ဒေသခံ တစ်ဦးကပြောသည်။
စစ်တွေမြို့တွင် ရက်ဆက် ကိုဗစ်-၁၉ လူနာသစ် တွေ့ရှိမှုကြောင့် သျှမ်းပြည် မှ ပြည်သူများလည်း အထိတ်အလန့်ဖြစ်ပြီး နှာခေါင်းစည်းများ အလုအယက် ဝယ်ယူနေကြကြောင်းသိရသည်။
ထို့ကြောင့် ကုန်ပစ္စည်းများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေး နှင့် ဆိုင်သော ပစ္စည်းများကို ဈေးတင်မရောင်းဖို့အတွက် သြဂုတ် (၂၁) ရက်နေ့တွင် ကုန်သည်စက်မှုအသင်းချုပ် ( UMFCCI) က ထုတ်ပြန်ကြေညာခဲ့သည်။
ဖေဖော်ဝါရီလကစပြီး သျှမ်းတောင်တွင် ကိုဗစ်-၁၉ သံသယ လူနာ (၁၁၅) ဦးရှိရာ ၎င်းတို့အားလုံးသည် ဓါတ်ခွဲနမူနာ စစ်ဆေးရာ ပိုးမတွေ့ သဖြင့် ဆေးရုံမှ အသီးသီး ဆင်းခွင့်ရခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ပိုးတွေ့လူနာ ၄၆၃ ဦး ၊ ပြန်လည် သက်သာလာသူ (၃၄၁) ဦး နှင့် သေဆုံးသူ (၆) ဦး ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
သျှမ်းပြည်နယ်တွင် ပိုးတွေ့ လူနာ (၁၀) ဦးရှိခဲ့ပြီး လက်ရှိတွင် ဆေးရုံ မှ အသီးသီးဆင်းခွင့်ရခဲ့ပြီ ဖြစ်ကြောင်း သိရသည်။











Leave a Comments