Wednesday, January 28, 2026

တာချီလိတ်တွင် မူးယစ်ဆေး ပေါ်တင်သုံးစွဲသူများလာ

ယခုရက်ပိုင်း တာချီလိတ်မြို့အတွင်းမှာ မူးယစ်ဆေးဝါးပေါ်တင်သုံးစွဲသူတွေများပြားလာတာကြောင့် မူးယစ်ဆေးဝါး ဆေးထိုးအပ်တွေ နေရာအနှံ့ တွေ့ရှိနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။

မူးယစ်ဆေးဝါး သုံးစွဲပြီး တာချီလိတ်မြို့လယ်ခေါင် လမ်းမပေါ်မှာ မူးလဲနေကြသလို တချို့မှာ တော့ မူးရူးပြီး ရပ်ရွာလမ်းကြိုလမ်းကြားထဲ လျှောက်သွားနေ တာတွေရှိလာတဲ့အတွက် တာချီလိတ်မြို့ခံတွေက လုံခြုံမှုအတွက် စိုးရိမ်မှုတွေကြား နေထိုင်နေရပါတယ်။

သြဂုတ် ၁၈ ရက်က တာချီလိတ်မြို့ဆန်ဆိုင်း ရပ်ကွက် လမ်းမကြီး ဘေးမှာ မိန်းကလေးတဦး မူးယစ်ဆေး သုံးစွဲပြီး လဲနေတဲ့ ပုံ ကို တာချီလိတ် နာရေး ကူညီမှု အသင်း ရဲ့ လူမှု ကွန်ရက်စာမျက်နှာမှာ တင်ထားတာကိုတွေ့မြင်ခဲ့ရပါတယ်။

ထိုနည်းတူ မြန်မာ-ထိုင်းနယ်စပ် တံတား အမှတ် (၁) အနီးအနားမှာရှိတဲ့နေအိမ်တွေရှေ့မှာလည်းဘဲ မူးယစ်ဆေး ဆေးထိုးအပ်တွေ ပြန့်ကြဲနေတာကို တွေ့မြင်ရပါတယ်။

လက်ရှိအချိန်မှာ ကမ္ဘာတဝှမ်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ရင်ဆိုင် နေကြရတာကြောင့် မြန်မာ-ထိုင်းနယ်စပ် ဂိတ်တွေကိုလည်း ကိုဗစ်ကူးစက်ပျံ့နှံ့မှာ ကာကွယ်တားဆီးနိုင်ရေးအတွက် ပြီးခဲ့တဲ့ မတ်လကတည်းကနေ ခုချိန်အထိ ပိတ်ထားပါတယ်။

ဒီကြားထဲ တာချီလိတ်မြို့နယ်ထဲမှာ မူးယစ်ဆေးဝါးတွေကို ပိုင်ရှင်မဲ့အနေနဲ့ရော ပို့ဆောင်သူတွေဆီကပါ လိုက်လံဖမ်းဆီးနေတာ တန်ဖိုး ဘီလီယံနဲ့ချီပြီး ဖမ်းဆီးရမိခဲ့ပေမယ့် မူးယစ်ဆေးဝါး သုံးစွဲမှု ကလျော့ ကျမသွားဘဲ ပိုပြီးတော့တောင်များလာတယ်လို့တာချီလိတ်မြို့ခံတွေက ပြောပြပါတယ်။

“ ကျမတို့ ဆိုင်ရှေ့မှာတော့ နေ့တိုင်းနီးပါးဘဲ၊ မူးယစ်ဆေးထိုး အပ်တွေတွေ့ရတယ်။ တခါတွေ့ရင်တော့ ၃ချောင်းလောက်တော့ရှိတယ်။ ” လို့ မြန်မာ-ထိုင်း အမှတ်(၁) တံတား နားမှာ နေထိုင်တဲ့ အသက် ၃၀ ကျော် အရွယ် အိမ်ဆိုင်ဖွင့်ထားတဲ့ နန်းမောက် က ပြောပါတယ်။

သူတို့အိမ်ရှေ့မှာလာပြီးဆေးသုံးတဲ့သူတွေကို တပ်ဆင်ထားတဲ့ CCTV ကနေတဆင့် ကြည့်လိုက်တော့ ငယ်ရွယ်တဲ့အမျိုးသမီးတွေလည်း ပါဝင်နေကြောင်း နန်းမောက် က ဆိုပါတယ်။

“ တာချီလိတ်မှာ မူးယစ်ဆေးသုံးတဲ့သူတွေ ပိုများလာတယ်။ သင်္ချိုင်းကုန်းဟောင်းဘက်မှာ မနက်ပိုင်းဆိုရင် တန်းစီနေတာပဲ။ အပ်တွေကလည်း အများကြီးပဲ။ အဲ့ဘက်သွားရင် ခြေထောက်ကို အပ်ပေါက်မှာ ကြောက်နေရတယ်” လို့ တာချီလိတ် နာရေး ကူညီရေးအသင်းက အတွင်းရေးမှူး ဒေါ်ညိုဌေး က ပြောပါတယ်။

တာချီလိတ်မှာ ငယ်ရွယ်တဲ့အမျိုးသမီးလေးတွေသာမက သက်ကြီးပိုင်းအမျိုးသမီးတွေလည်း မူးယစ်ဆေးသုံး စွဲတာရှိကြောင်း ဒေါ်ညိုဌေး က ဆိုပါတယ်။

“ ဆေးသုံးတဲ့သူတွေကတော့ ကလေးတွေရော၊ အဘွားကြီးတွေရောပါတယ်။ သင်္ချ ိုင်းဟောင်းဘက်မှာ ပိုများတယ်” လို့ ဒေါ်ညိုဌေး က ပြောပါတယ်။

တချို့ အမျိုးသမီးတွေ ဆေးမူးပြီး လမ်းမှာ လဲနေတာတွေ၊ ကလေးကို မကြည့်နိုင်တဲ့အဆင့် ထိ မူးနေတာတွေ ရှိကြောင်းလည်း ဒေါ်ညိုဌေး က ပြောပြပါတယ်။

“ ဟိုနေ့ကဆိုရင် အမေက ဆေးမူးပြီး၊သမီးက ဘေးမှာ ထိုင်နေတာမြင်တယ်။ မိဘတွေ ဆေးသုံးတော့ ကလေးပါ မူးယစ်သားကောင် အလိုလိုဖြစ်သွားတယ်လေ။ ကလေးကို မွေးစားမယ်ဆို့ရင်လည်းသူတို့ကမပေးဘူး” လို့ ဒေါ်ညိုဌေး က ထပ်လောင်း ပြောပြပါတယ်။

တာချီလိတ်မြို့ဟာ မြန်မာ-ထိုင်း နယ်စပ်မြို့ တမြို့ဖြစ်ပြီး၊ စီးပွားရေးမြို့ တခုဖြစ်တဲ့အတွက် အနယ်နယ်အရပ်ရပ်ကနေ လာရောက်နေထိုင်အလုပ်လုပ်တဲ့သူတွေ များပြားတဲ့ဒေသတခုဖြစ်ပါတယ်။
နယ်စပ်မြို့ဖြစ်တဲ့အလျောက် မူးယစ်ဆေးဝါး ရောင်းဝယ်တာ၊ လောင်းကစားရုံတွေ တရားမဝင် ဖွင့်လှစ်တာတွေအတွက် လွယ်ကူတဲ့နေရာ တခုဖြစ်ပါတယ်။

ယခင်က စီးပွားရေး ၊ ဝမ်းရေးအတွက် လုပ်ကိုင် စားသောက်ဖို့ နေရာကောင်းတခုဖြစ်ခဲ့ပေမယ့် လက်ရှိမှာ ကမ္ဘာတဝှမ်းရင်ဆိုင်နေရတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာ-ထိုင်း နယ်စပ် ဂိတ် တံခါး ၅လ နီးပါး ပိတ်ထားရပါတယ်။

အဲဒီဂယက်ကြောင့် စီးပွားရေး ကြပ်တည်းမှု၊ အလုပ်အကိုင် ရှားပါးမှု တွေဖြစ်ပြီး မူးယစ်ဆေးဝါးကို ပေါ်တင် သုံးစွဲလာကြတာလည်းဖြစ်တယ်လို့ တာချီလိတ်ဒေသခံတွေ က မှတ်ချက်ပြုလိုက်ပါတယ်။

“ အရင် ကိုဗစ်-၁၉ မဖြစ်ခင်က အဲ့လို မဖြစ်ဘူး။ ဆေး သုံးတာတော့ရှိတယ်။ အခုက အိမ်ရှေ့တွေမှာ အပ်တွေတွေ့ရတော့ ကျမ အရမ်းလန့်သွားတယ်” လို့ တာချီလိတ် ဆန်ဆိုင်းရပ်ကွက်သူ နန်းမွမ်း က ပြောပါတယ်။

မူးယစ်ဆေး သုံးစွဲသူများလာတဲ့အတွက် ခိုးဆိုးလုယက်မှုတွေလည်း နေ့စဉ်နဲ့အမျှ ကြားနေရတယ် လို့ နန်းမွမ်းက ဆိုပါတယ်။

“ မူးယစ်ဆေး သုံးတဲ့သူရှိရင်တော့ ခိုးတာလုယက်တာကတော့ ရှိမှာပဲလေ။ ဒီမှာ က ဆိုင်ကယ်တွေ ခဏခဏပျောက်တယ်။ အိမ်လည်း မလုံခြုံတော့ဘူး။ ဘာမှ မလုံခြုံတဲ့အဆင့်ပဲ” လို့ နန်းမွမ်း က ထပ်လောင်းပြောပါတယ်။

ယခုရက်ပိုင်း မူးယစ်ဆေး သုံးစွဲတဲ့သူတွေ ဟာ ဆေးကြောင်ပြီး လမ်းမပေါ်တွင် လျှောက်သွားနေကြောင်း၊ နေ့ခင်းလူသွားလာတဲ့အချိန်တွင် ပေါ်တင် မူးရူးနေကြကြောင်း တာချီလိတ်မြို့ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) မှ စိုင်းနွံတွီ က ပြောပါတယ်။

“ မြို့လယ်ခေါင်မှာ ပေါ်တင်မူးနေကြတာ။ ဆေးကြောင်နေကြတာ။ နေရာတိုင်းလိုလိုရှိတယ်။ ဒီလိုရှိတော့ ဒေသခံတွေက ဘယ်လုံခြုံတော့မှာလဲ” ဟု စိုင်းနွံတွီ က ဆိုပါတယ်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို သက်ဆိုင်ရာက ဆောင်ရွက်နေပေမယ့် မူးယစ်ဆေးဝါး လျော့ကျသွားခြင်းမရှိကြောင်း တာချီလိတ်ဒေသခံများက ပြောဆိုလိုက်ပါတယ်။

“ မူးယစ်ဆေးဝါးတော့ ဖမ်းနေကြတာပဲ။ နေ့တိုင်းလည်း ဖမ်းဆီးနေရတာ။ မိနေကြတာပဲ။ ဒါပေမယ့် ဒီလို လမ်းပေါ်တွေမှာ ပေါ်တင်မူးနေတယ်” ဟု စိုင်းနွံတွီက က ပြောပြပါတယ်။

တာချီလိတ် မြို့နယ် ရဲမှူး ညီညီထွေး က တော့ တာချီလိတ်မှာ မူးယစ်ဆေး သုံးစွဲမှု ကို နေ့စဉ် ဖမ်းဆီးနေသလို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို အစဉ်ဖမ်းဆီး နေတာကြောင့် ယခင်ကထက်စာရင် များစွာ လျော့ကျသွားတယ်လို့ပြောပါတယ်။

“ တောက်လျှောက်ကို ကျနော်တို့ ဖမ်းဆီးတယ်။ ဖမ်းဆီးတဲ့အခါမှာ သုံးစွဲသူတွေက လျော့ပါတယ်။ ဟိုတလောက ကျနော်တို့သုံးစွဲသူတွေ ဖမ်းတာ တော်တော်လျော့တယ်” လို့ ရဲမှူး ညီညီထွေး က ဆိုပါတယ်။

လက်ရှိမှာ မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ သယ်ဆောင်မှုကို ဘီလီယံများစွာ ဖမ်းဆီးရမိကြောင်း၊ မူးယစ်ဆေးဝါး ရောင်းသူတွေကို အဓိက ဖမ်းဆီးနေကြောင်းလည်း ရဲမှူး က ပြောပါတယ်။

“ကျနော်တို့ ရောင်းသူကို ဖမ်းနေတယ်။ ရောင်းသူကို ဖမ်းတော့ ဝယ်တဲ့သူလည်း ဝယ်ရခက်သွားပြီလေ။ မူးယစ်ဆေးလျော့ဖို့က ကျနော်တို့ ကြိုးစားပြီး ဆောင်ရွက်နေပါတယ်” ဟု ရဲမှူးညီညီထွေး က ပြောပါတယ်။

တာချီလိတ်မှာ မူးယစ်ဆေး သုံးစွဲမှု လျော့ကျသွားတဲ့အတွက် လုယက်မှု၊ ခိုးမှုတွေလည်း လျော့ကျသွားကြောင်း သူက ပြောပါတယ်။

မည်သို့ပင်ဆိုစေ စီးပွါးရေးဆုတ်ယုတ်မှုကြောင့် ပေါများလာတဲ့ မူးယစ်းဆေးသုံးစွဲသူတွေ ၊ခိုးဆိုးလုယက်မှုတွေကို အမြန်ဆုံးရှင်းလင်းပေးဖို့နဲ့ ဒေသတွင်းလုံခြုံရေးအတွက် ပိုမိုဆောင်ရွက်ပေးဖို့တာချီလိတ်ဒေသခံတွေက တောင်းဆိုနေကြပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါ-မိုင်းရယ် စစ်တပ် ဆက်တိုက်ဖမ်းဆီးနေသည့် မူးယစ်ဆေးဝါးအမှု တရားခံမပေါ်သေး

0
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့် ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ ဆက်တိုက်ရှာဖွေ ဖမ်းဆီးနေသော်လည်း တရားခံ မပေါ်သေးကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၈) ရက်မှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်မြို့တဝိုက်နှင့် မိုင်းရယ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်မှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့်...

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်တွင် ရေထပ်ကြီး

0
ထိုင်း-မြန်မာနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်းရေသည် ယနေ့ (အောက်တိုဘာ ၁)ရက် နံနက် ၈ နာရီအချိန်မှစ၍ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်လာသဖြင့် မြို့ပေါ် ရပ်ကွက်နှင့် လမ်းမပေါ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေကြောင်း သိရသည်။ မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့ပေါ် တာလော့ ရပ်ကွက်၊ ပုန်းထွန် ရပ်ကွက်၊...

တာချီလိတ်မြို့ ဝင်၊ထွက် စစ်ကော်မရှင် စစ်ဆေးရေးဂိတ် ငွေညှစ်တောင်းခံနေ

0
သျှမ်ပြည် အ‌ရှေ့ပိုင်း တာချီလိတ်မြို့ အဝင်အထွက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင် ငွေညှစ် တောင်ခံ နေကြောင်း သိရသည်။ ပြီးခဲ့သည့် သြဂုတ်လ တတိယပတ်မှ စပြီး တာချီလိတ်မြို့ အဝင်၊ အထွက်ရှိ မယ်ယန်း စစ်ကော်မရှင် စစ်ဆေးရေး ဂိတ်တွင် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များကို ငွေညှစ်တောင်းခံနေကြောင်း အသက်...

ထိုင်း-မြန်မာနယ်စပ်မှ သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ငါးသန်းကျော်ကို ချင်းမိုင်ခရိုင်တွင် ဖမ်းမိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် မယ့်တျန် (Mae Taeng) မြို့နယ်တွင် စိတ်ကြွဆေးပြား ငါးသန်းနှစ်သိန်း (၅,၂၀၀,၀၀၀) ပြားကို လူငယ် ၃ ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။ ယမန်နေ့ စက်တင်ဘာလ ၁၇ ရက် နံနက် ၂ နာရီကျော်အချိန်တွင် ချင်းမိုင်ခရိုင် မယ့်တျန်...

UWSA က မူးယစ်မှောင်ခိုဂိုဏ်းကို နှိမ်နှင်းပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ တရုတ်ထံ လွှဲပြောင်းပေးဟုဆို

0
တရုတ်နိုင်ငံထဲ မူးယစ်ဆေးဝါး ခိုးသွင်းရန် ကြိုးပမ်းခဲ့သည့် မူးယစ်မှောင်ခိုဂိုဏ်းကို ‘ဝ’တပ်ဖွဲ့ UWSA မှ နှိမ်နှင်းပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းသိရသည်။ ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသအတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများတွင် စိတ်ကြွဆေး၊ ဘိန်း၊ ဘိန်းဖြူ စသဖြင့် (၇၅၀) ကီလိုဂရမ်ကျော်၊...