Sunday, July 21, 2024

SNDP (ကျားဖြူ) ရွေးကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ စိစစ်ဆဲ

Must read

သျှမ်းပြည် အတွင်း လာမည့် ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် ပါတီ အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တရားဝင် ကြေညာခဲ့သော်လည်း SNDP (ကျားဖြူ)ပါတီ မှာ ယနေ့ထိ မကြေညာနိုင်သေးကြောင်းသိရသည်။

သျှမ်းပြည်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီကြီးများဖြစ်ကြသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ( NLD) ၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ( USDP) ပါတီ နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ( SNLD) ပါတီ တို့က ကိုယ်စားလှယ်လောင်း နာမည် စာရင်းကို ယခုလ အစောပိုင်းက ကြေညာခဲ့သည်။

ထို့ပြင် တခြား ပါတီများဖြစ်သည့် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် ( PNO)၊ တအာင်း (ပလောင်) အမျိုးသားပါတီ၊ ပြည်ထောင်စု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် ( ပ.အ.မ.ဖ) စသည်တို့ လည်းလွှတ်တော်အမတ်လောင်းများအမည်စာရင်းကို တရားဝင် ကိုယ်စီ ကြေညာခဲ့သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ SNDP မှာမူ လက်ရှိ အချိန်ထိ ကိုယ်စားလှယ်လောင်း အမည်စာရင်း မထွက်နိုင်သေးသည့် ကိစ္စနှင့် ပတ်သက်ပြီး “စိစစ်လို့ မပီးသေးဘူး။ တစ်ချို့ကလည်း ဒီနေ့မှ စိစစ်မယ်။ အကုန်လုံး စိစစ်လို့ မပီးသေးဘူး” ဟု SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

SNDP ကျားဖြူပါတီ မှ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း (၁၀၀) ကျော်ရှိပြီး အမျိုးသား လွှတ်တော် မှာ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း (၁၀) ဦး ရှိကြောင်း ဦးစိုင်းအိုက်ပေါင်း ကပြောသည်။

ကျားဖြူပါတီမှ သျှမ်းပြည်တွင်းရှိ မြို့နယ် (၃၂) မြို့နယ်၊ ကချင်ပြည်နယ်တွင် မြို့နယ် (၄) မြို့နယ် နှင့် မန္တလေးတိုင်းဒေသကြီးမှာ (၁) မြို့နယ် စုစုပေါင်း မြို့နယ် (၃၇) မြို့နယ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး တိုင်းရင်းသား ဝန်ကြီး ၂ နေရာ ဝင်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့က ဆန္ဒစောပြီးမှ သွားထုတ်ပြန်လိုက်လို့ရှိရင် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ စိစစ်တာ မပြီးသေးပဲ နဲ့ ကွဲလွဲမှုတွေ ရှိမှာစိုးတယ်။ မကွဲလွဲ မသေချာသေးဘဲနဲ့ ဘာဖြစ်လို့ ဆန္ဒစောပြီး ထုတ်ပြန်ရမှာလဲ။ အဓိက နိုင်ဖို့ပဲမဟုတ်လား” ဟု ဦးစိုင်းအိုက်ပေါင်း က ဆက်လက်ပြောသည်။

လာမည့် နိုဝင်ဘာ (၈) ရက်တွင် ကျင်းပမည့် ပါတီစုံ အထွေထွေ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ( SNDP) အနေဖြင့် သျှမ်းပြည် အစိုးရဖွဲ့ရန် ရည်မှန်ထားကြောင်း ပါတီ ဥက္ကဋ္ဌ က ပြောခဲ့ဖူးသည်။

ကျားဖြူပါတီသည် သျှမ်းပြည်တွင်းရှိ တိုင်းရင်းသား ပါတီ (၁၁) ပါတီ နှင့် မဟာမိတ်ဖြစ်ထားပြီး ပြည်နယ် လွှတ်တော်နေရာမှာ (၃၀) ကျော် အနိုင်ရလျှင် မဟာမိတ် နှင့် ပူးပေါင်းပြီး သျှမ်းပြည်အစိုးရ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ဦးစိုင်းအိုက်ပေါင်း ကပြောသည်။

SNDP အနေဖြင့် သျှမ်းပြည်အစိုးရ ဖြစ်ပါက ပညာရေး၊ လူမှုရေး၊ စီးပွားရေး တိုးတက်အောင် ပြုလုပ်ပေးမည်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဦးစိုင်းအိုက်ပေါင်း က ပြောဆိုလိုက်သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် SNDP အနေဖြင့် သျှမ်းပြည်တွင် လွှတ်တော် တနေရာတွင်သာ ရရှိခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article