Thursday, April 25, 2024

မဲစာရင်း မှားယွင်းမှု ပြင်ဆင်ဖို့ အစိုးရပေးတဲ့ရက်တိုး တိုတောင်းနေ

Must read

မဲဆန္ဒရှင်နာမည်မှားယွင်းတဲ့ ပြဿနာ ဟာ များပြားနေပြီး၊ မဲပေးတဲ့ အခွင့်အလမ်း ဆုံးရှုံးမှာ ကိုစိုးရိမ်တဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် က မဲစာရင်း ကြေညာမှုကို ထပ်မံ ရက်တိုးပေးလိုက်ပါတယ်။

Photo by Nang Kaung Kham/ Facebook

ပထမအကြိမ်အနေဖြင့် ရွေးကောက်ပွဲကော်မရှင် အနေနဲ့ မဲပေးခွင့်ရှိသူ စာရင်းကို ဇူလိုင် ၂၅ရက်မှ သြဂုတ် ၇ ရက်ထိ ကြေညာခဲ့ပေမယ့် ဒုတိယအကြိမ်အနေနဲ့ သြဂုတ် ၁၄ရက်ထိ ၇ရက် တိုးပေးလိုက်ပါတယ်။

မဲဆန္ဒရှင် စာရင်း ပိုမိုပြည့်စုံမှန်ကန်စေရန် နဲ့ မဲဆန္ဒရှင်တွေ ရဲ့ တောင်းဆိုမှု၊ ကန့်ကွက်မှု၊ ပြင်ဆင်မှုတွေ ကို ဆောင်ရွက်နိုင်ရန်အတွက် အချိန်ပိုမို ရရှိစေရန်အတွက် ရက်တိုးပေးလိုက်ကြောင်းကိုလည်း ရွေးကောက်ပွဲ ကော်မရှင် က ပြောဆိုထားပါတယ်။

သျှမ်းပြည် အနှံ့မှာ လည်း မဲဆန္ဒရှင် နာမည်၊ မွေးသက္ကရာဇ် နဲ့အဖ အမည်တွေ မှားယွင်းမှုတွေဟာ အများအပြားတွေ့ရသလို၊ တချို့ မှာ အမည်စာရင်း မပါလာတာကိုတေ့ွရကြောင်း၊ ထိုရွေးကောက်ပွဲ ကော်မရှင် က မဲဆန္ဒရှင် နာမည်စာရင်းစိစစ်ဖို့အတွက် အချိန် အနည်းငယ်သာရရှိကြောင်း လည်း သျှမ်းပြည်သူတွေ က ပြောဆိုလိုက်ပါတယ်။

“ အဓိက နာမည်တွေ မှားတယ်။ နာမည်တွေ စာလုံးပိုတာတွေရှိတယ်။ အဖေနာမည်တွေ မှားတယ်။ နောက် မွေးသက္ကရာဇ်တွေမှားတယ်။ မှားတဲ့ပုံစံကတော့ အစုံပါပဲ” လို့ သျှမ်းပြည်မြောက် ပိုင်း မူဆယ်မြို့သူ နန်းဟွမ်ခမ်း က ပြောပြပါတယ်။

Photo by Nang Kaung Kham/ facebook

အဲဒီမှားယွင်းမှုတွေဟာ မြို့ ပေါ်နေပြည်သူများအတွက် အခက်အခဲမရှိပေမယ့် ကျေးလက်နေ ပြည်သူများအတွက် အခက်အခဲရှိနိုင်ကြောင်း၊ များသောအားဖြင့် ကျေးလက်လူထုက မြန်မာစာ တတ်မြောက်ကျွမ်းကျင်မှုအားနည်းတဲ့အတွက် မဲစာရင်းစစ်ဆေးမှုမှာ ခက်ခဲနိုင်ကြောင်းလည်း နန်းဟွမ်ခမ်း က ပြောပါတယ်။

ဆက်လက်ပြီး မိုင်းရယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းသီဟကျော်(ခ) စိုင်းဟတ် က “ ကျနော်တို့ အိမ်ထောင်စု စာရင်းမှာဆိုလို့ရှိရင် ၅ ယောက်လောက် စာရင်းပါရမှာကို ၃ ယောက်လောက်ပဲ စာရင်းပါလာတယ်။ ပြီးရင် စာရင်းပါလာတဲ့ ၃ ယောက်ကလည်း အားလုံးနီးပါး အမှားတွေ ပါနေတာကို တွေ့ရတယ်” လို့ပြောပါတယ်။

မဲဆန္ဒရှင် စာရင်း ကြေညာတဲ့အခါမှာ အသက် ၁၈ နှစ်ပြည့်ထားပြီး ပထမအကြိမ် မဲပေးမည့်သူတွေ မပါလာတာတွေ၊ သေဆုံးတဲ့ သူ အမည်စာရင်း ပါနေတာတွေ၊ မဲဆန္ဒရှင် အမည်စာရင်းထပ်နေတာ တွေလည်း ကြုံတွေ့ရခဲ့ရကြောင်း စိုင်းသီဟကျော် က ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း မဲစာရင်းမှားယွင်းမှုတွေကို နိုင်ငံအနှံ့တွေ့နေရပြီး ၂၀၁၅ ခုနှစ်တုန်းက မဲစာရင်း မှန်ကန်ခဲ့သူတွေ ပင် ယခုတစ်ကြိမ်မှာ မှားယွင်းနေမှုတွေ ကြုံနေရတယ်လို့ ပြောဆိုထားပါတယ်။

သြဂုတ် ၅ ရက် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလအတွင်း ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှု ဆွေးနွေးပွဲမှာပြောဆိုလိုက်တာဖြစ်ပါတယ်။

မဲစာရင်းမှားယွင်းနေမှုတွေကို အလေးထား ဆောင်ရွက်သင့်ကြောင်းလည်း ၎င်းက တိုက်တွန်းခဲ့ပြီးနောက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မဲဆန္ဒရှင်စာရင်း ကြည့်ရှုခွင့်ကို ထပ်တိုးခဲ့ပြုလိုက်ခြင်း ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကောက်ယူရာမှာ မြေပြင်က အမှန်တကယ်ရှိနေတဲ့ စာရင်းတွေကို ကောက်ယူခဲ့ကြောင်း၊ ရရှိသည့် စာရင်းများကိုလည်း ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်မှ လက်ခံစိစစ်ပြုစုခဲ့ခြင်း ဖြစ်ပါကြောင်း ဆိုပါတယ်။

ရွေးကောက်ပွဲကော်မရှင်မှ ပထမအကြိမ်အဖြစ် ဇူလိုင် ၂၅ ရက်က မဲဆန္ဒရှင်စာရင်းထုတ်ပြန်ကြေညာရာမှာ တချို့မဲဆန္ဒနယ်တွေ မှာ လူဦးရေစာရင်းကျန်ခဲ့တာတွေ၊ အချက်အလက်တချို့ မှားယွင်းနေတာတွေ၊ မပါဝင်သင့်သူများ ပါဝင်နေတာတွေ၊ မှတ်ပုံတင်နံပါတ်များထပ်နေမှု၊ လွဲမှားနေမှုတွေ ကွက်လပ်ဖြစ်နေတာတွေကို တွေ့ရှိကြောင်း အထက်ပါ ဆွေးနွေးပွဲတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ပြောဆိုခဲ့ပါတယ်။

Photo by Nang Kaung Kham/ facebook

မဲစာရင်းမှားယွင်းမှုနဲ့ ပတ်သက်ပြီး သျှမ်းပြည်မြောက်ပိုင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မိုင်းမိုင် က “ကျမ ကိုယ်တိုင်လည်း မဲစာရင်းထဲမှာ နာမည်မပါဘူး။ မဲစာရင်းလုပ်တဲ့ချိန်မှာ ရှိတဲ့သူကို ကောက်သွားတဲ့ ပုံစံမျိုး လုပ်သွားတယ်။ ရက်တွေ ပြန်တိုးပေးပေမယ့်လည်း ရက်တွေ လုံလောက်မှု မရှိဘူး” လို့ သျှမ်းသံတော်ဆင့် ကိုပြောပါတယ်။

လက်ရှိ ရွေးကောက်ပွဲ ကော်မရှင် က မဲဆန္ဒရှင်တွေ အတွက် မဲစာရင်းစစ်ရင် ရက်တိုးပေးလိုက်ပေမယ့် အလွန်တိုးတောင်လွန်းကြောင်း၊ လုံလောက်မှု မရှိနိုင်ကြောင်းလည်း မိုင်းမိုင် က ဆိုပါတယ်။

မြန်မာနိုင်ငံ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ၂ ကြိမ်ကျင်းပပြီး ကြားဖြတ် ရွေးကောက်ပွဲလည်း ကျင်းပခဲ့သလို မဲဆန္ဒရှင်အမည်စာရင်းမှာ မမှားသင့်ကြောင်း ပြည်သူများက သုံးသပ်ပြောဆိုနေကြပါတယ်။

“နောက်ပိုင်းလည်း တောက်လျှောက်ရှိနေအုံးမှာဆိုတော့ အခုကတည်းကိုက နည်းပညာအဆင့်မြင့်ပြီးတော့ လုပ်ပေးနိုင်တယ်ဆိုလို့ရှိရင် ဒါက အရမ်းကောင်း မှာ။ လောလောဆယ် စနစ်ဟောင်းနဲ့ပဲ သွားမယ်ဆိုရင်တော့ အမြဲတမ်းပဲ မှားတယ်ဆိုတဲ့ဟာကတော့ ရွေးကောက်ပွဲတိုင်း ကြားနေရမယ့် ကိစ္စ” လို့ သျှမ်းပြည်အခြေစိုက် မြန်မာ့ငြိမ်းချမ်းရေး နှင့် လုံခြုံရေး သိပ္ပံမှ ကိုဝင့်ထည် ကောင်းမြတ် က သျှမ်းသံတော်ဆင့် ကိုပြောပါတယ်။

သျှမ်းပြည်မြောက်ပိုင်းဟာ ပဋိပက္ခနယ်မြေဖြစ်တာကြောင့် အချိန်မရွေး စစ်ရေးတင်းမာမှု ဖြစ်လာနိုင်တဲ့အနေအထားမှာ မဲစာရင်း စစ်ရုံနဲ့ မဲပေးနိုင်ဖို့အတွက် တိုက်တွန်းနှိုးဆော်ရုံနဲ့ အဆင်ပြေမှု မရှိကြောင်း မိုင်းမိုင် က သုံးသပ်ပြောဆိုပါတယ်။

“ငြိမ်းချမ်းရေး ရှိဖို့က အရမ်းအရေးကြီးနေတယ်။ ရွေးကောက်ပွဲမတိုင်ခင်မှာ ငြိမ်းချမ်းရေး စကားဝိုင်းလုပ်ဖို့အတွက် ကြိုဆိုတယ်။ ဒါပေမယ့် တစ်ဖွဲ့ဖွဲ့ကိုချန်ထားပြီးမှ စစ်ရေး ပဋိပက္ခ ဖန်တီးမယ်ဆိုရင် မဲစာရင်း စစ်ဖို့ မဲရုံသွားဖို့ ဆိုတာမျိုးကတော့ ဒီဘက်ဒေသကတော့ နည်းနည်းအလှမ်းဝေးမယ်” လို့ မိုင်းမိုင် က ထင်မြင်ချက်ပေးပါတယ်။

မဲစာရင်းကောက်ယူတဲ့ စနစ်တွေပြောင်းလဲသင့်ပြီဖြစ်ကြောင်း၊ နည်းပညာသစ်တွေ ပေါ်နေချိန် မဲစာရင်း နဲ့ပတ်သက်ပြီး စာရင်းသွင်းတာတွေ ကအစ Data Base နဲ့ ကောက်သင့်ကြောင်း၊ ရွေးကောက်ပွဲဟာ တကြိမ်တခါနဲ့ ပြီးမယ့် ကိစ္စမဟုတ်ကြောင်း ကိုဝင့်ထည်ကောင်းမြတ်က မဲစာရင်းကိစ္စနှင့် ပတ်သက်ပြီး အကြံပြုလိုက်ပါတယ်။

၂၀၁၈ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ ကာလမှာ မဲစာရင်း အမည်ပါပြီးသားသူကိုယ်တိုင် ၂၀၂၀ ခုနှစ် မဲဆန္ဒရှင် စာရင်းပါမလာတာတွေ တွေ့ရကြောင်း သျှမ်းပြည်သူလူထုက ပြောဆိုနေကြပါတယ်။

“ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ အလုပ်လုပ်တဲ့နေရာမှာ ဒီထက်ပိုပြီး တိကျဖို့လိုတယ်။ဒီထက်မက အမှန်တရားနဲ့ နီးကပ်အောင် ထိပါးသင့်တယ်လို့ အကြံပေးလိုပါတယ်” လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ( SNLD) ပါတီ ၏ အထွေထွေအတွင်းရေးမှူး စိုင်းလိတ် က ပြောပါတယ်။

၂၀၁ဝ နဲ့ ၂၀၁၅ ခုနှစ်က မဲဆန္ဒရှင်စာရင်းကို အိမ်ထောင်စုစာရင်းပေါ် အခြေခံပြီး ကောက်ယူ ရာမှာ အိမ်ထောင်စုစာရင်း မှာအမည်ပါပေမယ့် လူမရှိတာတွေ ကြုံတွေ့ရတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောပါတယ်။

အလားတူ မဲဆန္ဒရှင် ရှိ နေပေမယ့် အိမ်ထောင်စု စာရင်းမှာ အမည်မရှိတာတွေ၊ တချို့ က အိမ်ထောင်စုစာရင်း နှစ်ခု ရှိနေတာတွေလည်းမြင်တွေ့ရတယ်လို့သူကပြောပါတယ်။

ဒါ့ကြောင့် ယခု အကြိမ်မှာ အိမ်ထောင်စုစာရင်းကို လုံးဝအခြေမခံဘဲ အိမ်နေသူစာရင်းမှန်ကိုဘဲ ကောက်ယူတယ်လို့ဆိုပါတယ်။

“ အိမ်ထောင်စု စာရင်းရှိရင် အိမ်ထောင်စုစာရင်းအတိုင်းကောက်ယူပါတယ်။ အိမ်ထောင်စု စာရင်းရှိပေမယ့် လူမရှိရင် စာရင်းမယူပါဘူး။ လူရှိပြီး အိမ်ထောင်စုစာရင်းမှာမပါရင်တော့ စာရင်းကောက်ယူပါတယ်။ ” – လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ဆိုပါတယ်။

လက်ရှိ ကောက်ယူတဲ့ နည်းက မဲဆန္ဒရှင် စာရင်းဦးရေ ဖောင်းပွခြင်း မရှိနိုင်ပေမယ့် မဲဆန္ဒရှင်စာရင်း ကပ်တဲ့အခါ အမှား အယွင်းတွေ ရှိလာတာဖြစ်တယ်လို့ ဦးမြင့်နိုင် ကဖြည့်စွက်ပြောကြားလိုက်ပါတယ်။

မဲစာရင်းအရ မဲပေးခွင့်ရှိ ၃၇ သန်း ၅ သိန်းကျော်ရှိပြီး၊ မဲစာရင်းလာကြည့်ရှုသူကတော့ ၆ သန်း ၆သိန်းကျော် တယ်လို့ဆိုပါတယ်။ လာရောက်ကြည့်ရှုပြီးနောက် ပုံစံ(၃) နဲ့ပြန်တောင်းတဲ့လူ ဦးရေ ၂ သိန်း ၁ သောင်းကျော် ရှိ ပြီး ပုံစံ(၄)ဖြင့် ကန့်ကွက်သူဦးရေ ၆ သောင်း ၆ ထောင်ကျော် ရှိပါကြောင်း၊ အချက်အလက်မှားယွင်းသည့်အတွက် ပုံစံ(၄)(ဂ)ဖြင့် တင်ပြ လာသူ ဦးရေ ၁ သိန်း ၅သောင်း ကျော်ရှိပါကြောင်း လည်း သိရပါတယ်။

ဆက်လက်ပြီး သျှမ်းပြည်တဝှမ်း အရ ၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ မှာ မဲပေးပိုင်ခွင့်ရှိသူ ၂၉ ရာခိုင်နှုန်းခန့် တိုးလာကြောင်း သျှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးထံ စုံစမ်းသိရှိရပါတယ်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပမယ့် ပါတီစုံ ရွေးကောက်ပွဲအတွက် သျှမ်းပြည်တွင်းရှိ မဲပေးပိုင်ခွင့်ရှိသူ (၃၅) သိန်းကျော်ရှိပြီး ၂၀၁၅ ခုနှစ် ပါတီစုံ ရွေးကောက်ပွဲတုန်းကတော့ မဲပေးပိုင်ခွင့်ရှိသူ (၃၁) သိန်းကျော်သာ ရှိတယ်လို့ သျှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး ဥက္ကဋ္ဌ ဦးထင်ကျော် က သျှမ်းသံတော်ဆင့် ကိုပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ သျှမ်းပြည်မှာ ပထမဆုံးအကြိမ် မဲပေးမယ့် လူငယ်က လောလောဆယ် ၄ သိန်းကျော် ရှိတယ်လို့စာရင်းအရသိရပါတယ်။

သျှမ်းပြည်တွင်းရှိ မဲရုံအရေအတွက် (၃၆၇၆) ခန့်ရှိပြီး အတိုးအလျော့ ဆက်လက်ရှိသွားမယ်လို့လည်း သျှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထင်ကျော် ကပြောဆိုလိုက်ပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article