နမ့်စန်တွင် ရေကြီးရေလျှံမှုဖြစ်

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ အနိမ့်ပိုင်းရပ်ကွက်တွင် ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ ( သြဂုတ် ၁၀) ရက် တွင် နမ့်စန်မြို့နယ်ရှိ အမှတ်(၁) ရပ်ကွက် အနိမ့်ပိုင်းမှာ ရှိသည့် အိမ်ခြေပေါင်း ( ၂၃၁) အိမ်ခန့် ရေဘေးကြုံနေရပြီး အိမ်ခြေ (၃၂၈) အိမ်ခန့် စိုးရိမ်ရသည့် အခြေအနေကြုံတွေ့ခဲ့ရကြောင်း နမ့်စန်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးလှထွေး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ဒီနေ့မှာတော့ ရေ တစ်ပေခွဲလောက် ပြန်ကျနေပါပြီ။ ညပိုင်း မိုးသိပ်မရွာတဲ့အတွက် ပြန်လျော့နေပါပြီ။ ချောင်းရေ လျှံပြီးတော့မှ ထွက်လာတာ။ ၄ နှစ်တစ်ကြိမ် ၃ နှစ်တစ်ကြိမ် အဲလိုမျိုး တက်ဖူးတယ်။ အဓိက အားဖြင့် ဝါထပ်ရင် အနိမ့်ပိုင်းမှာ ရေတက်တာများတယ်” ဟု ဦးလှထွေး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

နမ့်စန်မြို့ရှိ အနိမ့်ပိုင်း ရပ်ကွက်တွင် လွန်ခဲ့သည့် ၁၀ စုနှစ်ကာလ က နှစ်စဉ်နှစ်တိုင်း ရေကြီးရေလျှံမှု ကြုံတွေ့ရသည့်အတွက်ကြောင့် အနိမ့်ပိုင်းရပ်ကွက်တွင်းရှိ နေအိမ်များမှာ ခြေတိုင်ရှည်အိမ်များ တည်ဆောက်ပြီး နေထိုင်ရကြောင်း သိရသည်။

“မနေ့က အခြေနေမှာ ထပ်တစ်ပေလောက်တက်ရင် စိုးရိမ်ရတဲ့ အိမ်တွေက မဖြစ်မနေ ရွေ့ရမှာပေါ့။ အဓိက အားဖြင့် တောင်ကျရေတွေ များတဲ့အတွက် ချောင်းမှာပဲ ရေအမြဲတမ်းများတယ်။ ဟိုတုန်းက နှစ်တိုင်း လိုလို ကြုံတွေ့ရတယ်။” ဟု ဦးလှထွေး က ပြောသည်။

အနိမ့်ပိုင်း ရပ်ကွက်တွင် မိုးသည်းထန်စွာရွာသွန်းပါက ရေကြီးနိုင်ပြီး၊ ဝါထပ်လျှင်လည်း ရေကြီးလာနိုင်ကြောင်း နမ့်စန်မြို့ အမှတ် (၁) ရပ်ကွက်နေ ကိုမျိုး တစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“မိုးမရွာတော့ ရေက နည်းနည်း ပြန်ကျတယ်။ မိုးကြီးရင် ရေက ပြန်တက်လာတယ်။ ဖောင်တွေတော့ အဆင်သင့် လုပ်ထားတယ်။ ရေထပ်ကြီးလာရင် ကြိုတင်ပြင်ဆင်ထားတဲ့ အနေနဲ့။” ဟု နမ့်စန်ဒေသခံ ကိုမျိုး က ပြောသည်။

အဆိုပါ ရေကြီးသည့် နေရာသည် လွန်ခဲ့သည့် ၂၀၁၈ ကာလက ရေကြီးမှု ကြုံတွေ့ခဲ့ရပြီး ၂၀၁၉ မှာတော့ ရေကြီးမှု မကြုံရကြောင်း ဦးလှထွေး ကပြောသည်။

ပြီးခဲ့သည့် မေလလယ်တွင်လည်း နမ့်စန်မြို့နယ်ရှိ ကျေးရွာ ၅ ရွာခန့်တွင် လေပြင်းမုန်တိုင်း တိုက်ခိုက်ခြင်းခံရသည့်အတွက်ကြောင့် နေအိမ်အချို့ ပျက်စီးဆုံးရှုံးခဲ့ရသည်။

အလားတူ ပြီးခဲ့သည့် သြဂုတ် ၃ ရက်နေ့တွင်လည်း တောင်ကြီးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီး မြေပြိုကာ အမျိုးသား တစ်ဦး သေဆုံးခဲ့သည်။

ယမန်နှစ် စက်တင်ဘာလကလည်း တောင်ကြီးမြို့တွင် မိုးသည်းထန်ရွာသွန်းမှုကြောင့် ရေမြောင်း တစ်ခုအတွင်း အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦး ကျွံကျပြီး ရေစီးဖြင့် မျောပါသေဆုံးခဲ့ကြောင်း သိရသည်။

Leave a Comments