သျှမ်းပြည် အတွင်း ဖွင့်ခွင့်ရထားသည့် ဘာသာရေး အဆောက်အဦးများ ပြန်ပိတ်

ကိုဗစ် -၁၉ ကာကွယ် ထိန်းချုပ်သည့် ကာလဖြစ်သည့်အတွက် သျှမ်းပြည်တွင်းရှိ ဘာသာရေး ဆိုင်ရာ အဆောက်အဦးများ ဘုရားစေတီများ ပြန်လည်ပိတ်ထားကြောင်း သိရသည်။

Photo by Nang Hseng Phoo/ SHAN

ဇူလိုင် ၂၄ ရက်တွင် သျှမ်းပြည်တွင်းရှိ ဘာသာရေးဆိုင်ရာ အဆောက်အဦးများ ဘုရားစေတီများကို သျှမ်းပြည်အစိုးရ မှ ပြန်လည်ဖွင့်ခွင့်ပြုခဲ့ရာ ယမန်နေ့ ဇူလိုင် ၂၈ ရက်တွင် ပြန်လည်ပိတ်လိုက်ရကြောင်း ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါက်တာ အောင်သန်းမောင် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ဆရာတို့ ဖွင့်ပြီးတော့ နောက်ပိုင်း စာစောင်ဝင်လာတယ်။ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး ဗဟိုကော်မတီ ကနေ စာဝင်လာတယ်။ ဖွင့်ဖို့ ခွင့်မပြုသေးဘူးဆိုလို့ ဆရာတို့ ပြန်ပိတ်ထားရတယ်။ မနေ့က ပြန်ပြီး စပိတ်တယ်။ ဒီနေ့မှ အကုန်ပိတ်ပြီ။” ဗမာတိုင်းရင်းသား ရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင် က ပြောသည်။

ယနေ့ ဇူလိုင် ၂၉ ရက်တွင် သျှမ်းပြည်တွင်းရှိ စေတီများ ပြန်လည် ပိတ်လိုက်ပြီ ဖြစ်ပြီး ဘုရားစေတီများ ပြန်လည်ဖွင့်ချင်ပါက ပြည်နယ်မှ စိစစ်ပြီးမှ ဗဟိုကော်မတီထံ ပြန်လည်တင်ပြရမည်ဖြစ်ကြောင်း ဒေါက်တာ အောင်သန်းမောင် ကပြောသည်။

“ကော်မတီတွေ ဖွဲ့ပြီးမှ ပြည်နယ်ကို ပြန်တင်ခိုင်းမယ်။ ပြီးမှ ပြန်စိစစ်မယ်။ ဘယ်နေရာ ဘယ်လိုဖွင့်ချင်တယ်ဆိုတာ ပြန်စိစစ်ပြီးမှ ဗဟိုကို ပြန်တင်ပြမယ်။ ဗဟို စာထွက်တဲ့ နေရာမှာလည်း စိစစ်ပြီးမှ တင်ပြဖို့ သူတို့က ပြောထားတယ်။” ဟု ဒေါက်တာ အောင်သန်းမောင် က ပြောသည်။

ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်သည့် ကာလဖြစ်နေဆဲဖြစ်သဖြင့် ဘာသာရေး အဆောက်အဦးများ ဘုရားကျောင်းများ စေတီများကို ပိတ်ထားရခြင်း ဖြစ်ကြောင်းသိရသည်။

Leave a Comments

SHARE