သျှမ်းပြည်တောင်ပိုင်း တောင်ကြီး စဝ်စံထွန်းဆေးရုံတွင် ထားရှိမည့် COVID-19 ဓါတ်ခွဲခန်းသုံး ပစ္စည်း လစဉ် ကျပ်သိန်း (၁၀၀၀) ကျော် ကုန်ကျမည် ဟု စုံစမ်းသိရသည်။

အဆိုပါ ဓါတ်ခွဲခန်းသည် COVID-19 အပါအဝင် တခြား ဗိုင်းရပ်စ်ပိုးများကိုပါ စစ်ဆေးနိုင်မည် ဖြစ်ပြီး၊ တလလျှင် ဘတ်ဂျက် ၁၀၀၀ ကျော် လိုအပ်ကြောင်း၊ လက်ရှိမှာ အရေးပေါ်အတွက် တလစာ ကို ကျန်းမာရေး ဦးစီးဌာနမှ ချထားပေးမည်ဖြစ်ကြောင်း စဝ်စံထွန်း ဆေးရုံအုပ် ဒေါက်တာမြင့်သိန်း က ပြောသည်။
“ကျနော် သိရသလောက်တော့ ပထမ တလကို တော့ သုံးလို့ရပါတယ်။ အရေးပေါ်လိုအပ်တဲ့ ငွေကိုတော့ ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာနက ချပေးမယ်လို့ သိရပါတယ်။ နောက်ထပ် လိုအပ်တာတွေကိုတော့ ဘယ်က ထောက်ပံ့မယ်ဆိုတာ လောလောဆယ် မသိရသေးပါဘူး” ဟု စဝ်စံထွန်းဆေးရုံအုပ်ကြီး ဒေါက်တာ မြင့်သိန်း ကပြောသည်။
ဓါတ်ခွဲခန်း လည်ပတ်နိုင်ရန်အတွက် လူအင်အား ပစ္စည်းအင်အား လိုအပ်ကြောင်း ကို ပြည်နယ် အစိုးရထံ တင်ပြထားကြောင်း၊ ပညာရှင်များ၏ တွက်ချက်မှု အရ လစဉ် ဓါတ်ခွဲခန်းတွင်း လိုအပ်သည့် ဓါတ်ခွဲပစ္စည်းများ လစဉ် ဒေါ်လာ (၈၀၀၀၀) ကျပ်ငွေ သိန်းတစ်ထောင် လိုအပ်ကြောင်း ဒေါက်တာမြင့်သိန်း ကပြောသည်။
စဝ်စံထွန်း တွင် ထားရှိမည့် ဓာတ်ခွဲခန်း သည် သျှမ်းပြည် အတွင်းရှိမြို့နယ် နှင့် ကယားပြည်နယ် မှလာသည့် ဓာတ်ခွဲနမူနာ များကို စစ်ဆေးသွားမည် ဖြစ်ကြောင်း ဒေါက်တာမြင့်သိန်း က ပြောပြသည်။
“ခန့်မှန်းခြေ သျှမ်းပြည်တောင်ပိုင်း ကနေပြီးတော့ ရန်ကုန် အမျိုးသား ဓါတ်ခွဲခန်းကို ဓါတ်ခွဲနမူနာ တစ်လကို (၂၀၀ ) နဲ့ (၃၀၀) ကြား ပို့နေတယ်။ ဒါတွေကို ကျနော်တို့ စစ်ပေးရမှာဖြစ်ပါတယ်။ နောက် ကယားက လာတဲ့ ဓါတ်ခွဲနမူနာတွေကော စစ်ရပါမယ်” ဟု ဒေါက်တာ မြင့်သိန်း ကဆိုသည်။
တောင်ကြီး စဝ်စံထွန်း ဆေးရုံရှိ ဓာတ်ခွဲခန်းအတွက် ရန်ကုန်အမျိုးသား ဓာတ်ခွဲဌာန မှ ပထမတန်း ဓာတ်ခွဲ ဝန်ထမ်း ၂ဦး ထပ်မံပို့ပေးမည်ဖြစ်ကြောင်း၊ လက်ရှိမှာ ဓာတ်ခွဲခန်း ပြင်ဆင်မှု ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
“ ပစ္စည်းတွေ ဝယ်လို့ရရင် စနိုင်မှာဖြစ်ပါတယ်။ ရှေရည် ဆက်လက်ဆောင်ရွက်ဖို့ ကတော့ ပစ္စည်းတွေ လိုအပ်ပါတယ်” ဟု ဒေါက်တာမြင့်သိန်း က ပြောသည်
မကြာမီ အချိန်အတွင်း သျှမ်းပြည်တောင်ပိုင်းတွင် COVID-19 နှင့် အခြား ဗိုင်းရပ်ပိုး များကို စစ်ဆေးနိုင်တော့မည် ဟု သိရသည်။












Leave a Comments