Saturday, April 20, 2024

တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ပါ့မလား ……

Must read

လာမယ့် နိုဝင်ဘာ (၈) ရက်မှာ ၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေငြာချက်ထုတ်ခဲ့ပါတယ်။ အဲဒီကြေငြာချက် ထုတ်ပြန်ပြီးတဲ့နောက် လက်ရှိ အစိုးရတာဝန်ယူနေတဲ့ ပါတီရဲ့ထိပ်သီးအကြီးအကဲတွေဟာ ဇူလိုင် ၁ ရက် ကစပြီး တရားဝင် စည်းရုံးရေးဆင်းနေတာကိုတွေ့ရပါတယ်။

ဒါပေမယ့် တဖက်မှာတော့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ က ဇူလိုင် ၁၅ ရက် ထိ လူစုလူဝေး မပြုလုပ်ရဆိုတဲ့ ကြေငြာချက်ကိုထပ်မံထုတ်ပြန်ထားပါတယ်။

ဒါ့ကြောင့် တခြား နိုင်ငံရေး ပါတီ တွေဟာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးဖို့ အခက်အခဲများစွာ ရှိနိုင်ပြီး ၊ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေးအတွက် ရင်ဆိုင်ဖြေရှင်းနေရတဲ့ အချိန်လည်းဖြစ်နေတဲ့အတွက် စည်းရုံးရေးခရီးစဉ်၊ မဲပညာပေးမှုကအစ ရွေးကောက်ပွဲ ကိုလည်းတရားမျှတမှု မရှိမှာကို သျှမ်းလူမှု အဖွဲ့အစည်း တွေကပြောဆိုလိုက်ပါတယ်။

ခွန်ဦး
ပအိုဝ်း လူငယ်အစည်းအရုံး PYO ဥက္ကဌ

သျှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲ နဲ့ ပတ်သက်လို့ တရားမျှတမှု ရှိမယ်လို့တော့ မမြင်မိဘူး။ ဘာကြောင့်လဲဆိုတော့လဲ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ရှိရင် ရွေးကောက်ပွဲ မဲဆွယ် တဲ့နေရာမှာ မဲဝင်ပြိုင်တဲ့နေရာမျိုးမှာ တချို့ နေရာတွေကျတော့ တစ်ချို့ပါတီဝင်လို့ရတယ်။

တချို့ပါတီတွေက ဝင်လို့မရဘူး။ တချို့ပါတီတွေက စည်းရုံးတဲ့နေရာမှာ ငွေရေးကြေးရေး အရ အင်အားရှိတဲ့ ပါတီတွေက ပိုပြီးသုံးနိုင်တယ်။ တချို့ပါတီတွေက အားနည်းတဲ့သူမျိုးတွေ ရှိတဲ့အတွက်ကြောင့်မလို့ ဒီအပိုင်းမှာ မျှတမှု တော်တော်နည်းတာရှိလိမ့်မယ်။

နောက်တစ်ခုကျတော့ ဒီ ဘာသာစကားပေါ့ သျှမ်းပြည်နယ်မှာ လူမျိုးပေါင်းစုံနေထိုင်တယ်။ အဲ့တော့ တချို့တွေက အကုန်လုံး ဗမာလိုမျိုး နားလည်တဲ့ သူတွေ ကျတော့ ချဉ်းကပ်လို့ ရသလိုမျိုး တချို့ တိုင်းရင်းသား စကားနားမလည်တဲ့ခါကျတော့ လိုရင်းပြောဖို့ ဆိုဖို့က တော်တော်လေး ခက်ခဲတဲ့ အခြေနေမျိုးမှာလဲ တွေ့ရလိမ့်မယ်။

နောက်ဆုံးအရေးကြီးတာက ဒီ လောလောဆယ်က ဒီမျှတမှုမရှိနိုင်ဘူး ဆိုတဲ့ အနေအထားမျိုးက တချို့ပါတီတွေ ဗဟိုဘက်က ပါတီတွေကျတော့ စည်းရုံးလှုံ့ဆော်ခွင့်ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ခွင့်ပိုရတယ်။ ပါတီငယ်တွေကျတော့ လုပ်ခွင့် အရေးတွေ ဆုံးရှုံးနေတာတွေ့နေရတယ်။

ဒီရွေးကောက်ပွဲကတော့ ဒီ တရားဝင်သတ်မှတ်ပေးစဉ်အားလုံး အတွက် တန်းတူ အကြုံးဝင်ဖို့ လိုတာပေါ့။ ဒီလိုမျိုး ဗဟိုဘက်ကပဲ စောစောစီးစီးလုပ်ခွင့်ရတယ်ဆိုတဲ့ဟာက တန်းတူမှုမဖြစ်ဘူး တရားမျှတမှု အားနည်းနေတယ်လို့ ပြောလိုပါတယ်။ တကယ်လို့ မဲဆွယ်ခွင့် ကိစ္စရပ်ကို သတ်မှတ်တဲ့ ရက်တွေက သတ်မှတ်ပြီးသားဆိုရင် အားလုံး ပါတီအားလုံး တူတူစည်းရုံးခွင့် ရသင့်တယ်လို့ ယူဆတယ်။

ဒီကိုဗစ် ကာလက ရှိနေတော့ ပညာပေးတာတွေကတော့ ဘာမှ လုပ်နိုင်တာမဟုတ်ဘူး။ ခက်ခဲမှုတွေ အများကြီး ကြုံရလိမ့်မယ်။ ပြီးတော့ လူထု အများစုကလည်း ဒီ ရွေးကောက်ပွဲထက်စာရင် ကိုဗစ် ကို စိုးရိမ်နေတဲ့ စိတ်က ကြီးစိုးနေဆဲပဲပေါ့။ အဲ့တော့ ကိုဗစ် ကာလမှာ မဲဆွယ်တဲ့ ကိစ္စရပ်တွေကတော့ တော်တော်လေး ခက်ခဲမှု အများကြီးကြုံရလိမ့်မယ်။ အဲ့ဒီမှာ နည်းပညာ အရ မီဒီယာ အရ ချိတ်ဆက်မှုအရ အားကောင်းပြီးသား အဖွဲ့တွေက ပိုပြီးတော့ အားကောင်းနိုင်တယ်။ အခွင့်ရေး တစ်ချို့တွေ ရနိုင်တယ်။ သာမာန်ပါတီငယ်တွေကတော့ တော်တော်လေး ရုန်းကန် ရမယ့် အနေအထားမျိုးတော့ ဖြစ်လိမ့်မယ်။ဒါကြောင့်မလို့ သျှမ်းပြည်နယ်မှာ ကိုဗစ် ကာလမှာ ကြုံနိုင်မယ့်အခက်ခဲတစ်ခု။

နန်းခမ်းအွန်
ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေး အသင်း (SWAN)

ရွေးကောက်ပွဲက လွတ်လပ်ပြီး သန့်ရှင်းတဲ့ရွေးကောက်ပွဲ ဟုတ်မဟုတ် ဆိုတာကို တိုင်းလို့ရတဲ့စံနှုန်းတွေရှိပါတယ်။ ဒါပေမယ့် ကျမတို့နိုင်ငံမှာက ပုံမှန်ကျင်းပရမယ့် ရွေးကောက်ပွဲကို ထီထိုးထားတဲ့အတိုင်းပဲ ရွေးကောက်ပွဲရှိမလား မရှိဘူးလား ဆိုတာကို စောင့်မျှော်နေရပါတယ်။

အခုလို ၄ လ ခန့်သာလိုတော့တဲ့အချိန်လည်းဖြစ် ကိုဗစ်-၁၉ ကာလလည်းဖြစ်တော့ ပြင်ဆင် ချိန်အရမ်းနည်းပါတယ်။ တဖက်မှာ ရွေးကောက်ပွဲနီးလာတိုင်း ရှမ်းပြည်နယ်မှာ ဖြစ်နေကျ တိုက်ပွဲကလည်း စိုးရိမ်စရာတခုဖြစ်တယ်။

လက်ရှိမှာလည်း ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေကဆက်လက်ဖြစ်ပွားနေတော့ မြို့နယ်တွေမှာ မဲရုံမထောင်နိုင်တာတွေလည်း ရှိလာနိုင်တယ်။ တချို့ရွာတွေမှာဆိုရင်လည်း စစ်ပြေးတိမ်းရှောင်နေရတုန်းပဲဆိုတော့ ဒီရွေးကောက်ပွဲတွေလည်းစိတ်ဝင်စား မှာမဟုတ်ဘူး။ နောက် ဒီကိုဗစ်ကာလမှာဆိုရင် စားဝတ်နေရေးအတွက် စိတ်ပူရသေးတယ်။

လက်ရှိအနေအထားအရ ဆိုရင်တော့ အနိုင်ရထားတဲ့ပါတီ အစိုးရက တခြားပါတီတွေထက် ခြေလှမ်း သာနေပါတယ်။ အထူးသဖြင့်လက်ရှိကပ်ရောဂါအခြေအနေမှာဆိုရင် လူစုလူဝေးမလုပ်ရဘူး လို့ ကြေငြာချက်ထုတ်ထားတယ်။ ဒါပေမယ့် ဝန်ကြီးတွေ နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင်က အစ လူထုတွေ့ဆုံပွဲတွေ လှုပ်ရှားမှုတွေပြုလုပ်ကျင်းပနေတာ တွေကစည်းရုံးမဲဆွယ်တယ်လို့ မြင်တယ်။ တဖက်မှာ တခြားပါတီတွေကျတော့ တွေ့ဆုံပွဲလုပ်မယ် ဆိုရင် လူစုလူဝေးမလုပ်ရဘူးဆိုတဲ့ ထုတ်ပြန်ချက်တွေကြောင့် မလုပ်ရတာတွေလည်းရှိတယ်။ ဒါကို ကျမအနေနဲ့ တရားမျှတမှုမရှိဘူး။ ယှဉ်ပြိုင်ဖို့လည်း ဘက်မညီဘူးလို့မြင်ပါတယ်။ 
 
ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ပြည်သူ့နီတိ ပညာပေးကိစ္စရပ်တွေမှာ ဒီကာလက အရမ်းကိုအရေးကြီးနေတယ်။ ဒါပေမယ့် ကိုဗစ်ကိစ္စလည်း အရေးကြီးတယ်ဆိုတော့ (၂) မျိုးစလုံးလူထုကိုအသိပညာ ပေးရပါတယ်။

လူထုအခြေပြု အဖွဲ့အစည်းအနေနဲ့တော့ ဒီအသိပညာပေးမှုတွေက နည်းလမ်းရှာပြီးလုပ်ရမှာပဲ လေ။ ဒါပေမယ့်ဘယ်လောက် ထိရောက်ပြီး လူထုတွေက လက်လှမ်း မီမလဲ ဆိုတာကိုတော့ စိုးရိမ်ရပါတယ်။

မဲပညာပေးမှု နဲ့ ပတ်သက်ရင် ကိုဗစ်-၁၉ ကာကွယ်နိုင်ဖို့အတွက် လူစုလူဝေး မလုပ်ရတော့ ကျေးရွာတွေကို အချက်အလက်မျှဝေနိုင်ဖို့လည်း ခက်ခဲမယ်။ နောက် အသိပညာပေး ကဏ္ဍမှာလည်း ခက်ခဲများစွာ ရင်ဆိုင်ရမယ်။

မြို့ပေါ်မှာနေတဲ့ပြည်သူတွေကတော့ အင်တာနက်တွေ သတင်းတွေကနေတဆင့် သိရှိနိုင်ပေမယ့် ကျေးရွာ လူထုတွေကတော့ အလှမ်းဝေးနေဦးမယ်။ ဒီပြဿနာက ကျမတို့ သျှမ်းလူထု မဲဆန္ဒရှင်တွေ အတွက် ပိုပြီး အခက်ကြုံလာမယ်။ ရွေးကောက်ပွဲမှာ ပြည်သူလူထုတွေ ပါဝင်မှုအားနည်းပြီး ပွင့်လင်းမြင်သာမှုလည်း မရှိ တရားမျှတမှုလည်းမရှိတဲ့ ရွေးကောက်ပွဲဖြစ်မှာကို ကျမ စိုးရိမ်းမိပါတယ်။

လွေးကုကု
တအာင်း အမျိုးသမီးအဖွဲ့အစည်း အထွေထွေအတွင်းရေးမှူး

ရွေးကောက်ပွဲက မျှတလား မမျှတလားဆိုလဲ မပြောတတ်ဘူး။ ဒါပေမယ့်လည်း လောလောဆယ် ဒီဘက် က အပစ်ခတ်ရပ်စဲရေး အချိန်ကာလ လည်းဖြစ်တယ်။ တချို့နေရာတွေကျတော့လည်း ဒီအပစ်ခတ်ရပ်စဲ ကာလမှာ ဒီလိုမျိုး တိုက်ပွဲတွေ ဖြစ်တာတွေ ရှိနေတယ်။ ပြီးလို့ရှိရင် တခြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း တွေ့နေရတယ်။ ဒါကြောင့်မလို့ ဒီရွေးကောက်ပွဲကလည်း မျှတလား မမျှတဘူးလားဆိုတာ သုံးသပ်ဖို့ ခက်တယ်။

မြို့ပေါ်မှာ ပါတီ အနေနဲ့ စည်းရုံးခွင့် ရှိပေမယ့်လည်း တိုင်းရင်းသားပါတီတွေ အများစု က ရွာဘက်ပိုင်းမှာ စည်းရုံးရတာများတယ်။

သျှမ်းမြောက်ပိုင်းမှာဆိုရင် မကြာခဏ ပဋိပက္ခတွေဖြစ်တယ်။ ပြီးလို့ရှိရင် လမ်းပန်းဆက်သွယ်ရေး အရမ်းခက်ခဲတယ်။ ပါတီတွေ အနေနဲ့ ရွာဘက်ပိုင်းဆင်းရင် သူတို့ လုံခြုံရေးအရ သော်လည်းကောင်း လမ်းပန်းဆက်သွယ်ရေးအရသော်လည်းကောင်း အခက်ခဲတော့ ရှိမှာပါပဲ။

သျှမ်းပြည်ဘက်မှာက ကျမတို့ မြင်သလောက်ဆိုရင် အကယ်လို့ စစ်ပွဲတွေ ဖြစ်နေတယ်ဆိုလို့ရှိရင် ရွေးကောက်ပွဲကတော့ ဖြစ်မှာ မဟုတ်ဘူး။

တချို့နေရာကျတော့ ရွေးကောက်ပွဲမဖြစ်တဲ့နေရာကျတော့ ပူးပေါင်းပါဝင်ခွင့် မဲပေးခွင့် ကတော့ မပါဝင်လိုက်ရတဲ့ အခြေနေတော့ ရှိမှာပါ။ တချို့နေရာတွေကလည်း စစ်ပွဲမရှိသည့်တိုင်အောင် အကယ်လို့ စစ်တပ်ကပဲ ဖြစ်ဖြစ် တိုင်းရင်းသား လက်နက်ကိုင်ကပဲ ဖြစ်ဖြစ် ဒီလိုမျိုး ရွာထဲမှာ ဝင်နေတယ်။ စစ်ကြောင်းထိုးနေတယ်ဆိုလို့ရှိရင် ပြည်သူလူထုအတွက် ရွေးကောက်ပွဲအတွက် ယုံကြည်စွာ မဲပေးဖို့အတွက် အနှောင့်အယှက်ဖြစ်စေမှာပါ။

ကိုဗစ် ကာလမှာ ရွေးကောက်ပွဲလုပ်လိုက်တာနဲ့ ပတ်သက်ပြီးတော့ တော်တော်အခက်ခဲ ဖြစ်မယ်လို့တော့ မြင်ပါတယ်။ ကျန်းမာရေး အရ ဘယ်လိုမျိုး ကာကွယ်သွားမလဲဆိုတဲ့ဟာကိုတော့ လုပ်ယူရမှာဖြစ်တယ်။ မြို့နဲ့ အလှမ်းဝေးတဲ့နေရာမှာကျတော့ ရောဂါ အဲ့လောက် သက်ရောက်မှု မရှိသေးတော့ နည်းနည်း လွယ်ကူမယ်။ ဒါပေမယ့်လည်း ပြည်ပမှာ အလုပ်လုပ်နေပြီး ပြန်လာခဲ့လို့ မဲလာပေးရင် အဲ့အပေါ်မှာ စိုးရိမ်ရတယ်။ လူထုတွေအတွက်တော့ စိုးရိမ်စိတ်တော့ ရှိမှာပေါ့နော်။

ဒေါ်လွမ်းညွယ်
Shan State Kachin National Network တာဝန်ခံ

ရွေးကောက်ပွဲမှာ တအားမျှတမယ်လို့တော့ မထင်နိုင်ဘူး။ ဇူလိုင် ၁ ရက်မှာ မဲဆွယ်တဲ့အပေါ် ကောင်းတာတော့ ကောင်းပါတယ်။ ဒါပေမယ့် မငြိမ်းချမ်းတဲ့နေရာမှာတော့ အများကြီး အခက်အခဲ တွေ့နိုင်တယ်။ စောစောစီးစီးကတည်းက စည်းရုံးရေး လုပ်ခိုင်းနေရင်တောင်မှ မလုပ်နိုင်တဲ့ဒေသတွေ မသွားနိုင်တဲ့ ဒေသတွေအများကြီးရှိတယ်။

မဲ ပညာပေးမှုက အခက်ခဲတော့ နည်းနည်းရှိတယ်။အခုချိန်ထိ လူစုလူဝေး မလုပ်ရဆိုတဲ့ဟာကိုတော့ ဖြေလျှော့ပေးခြင်းမရှိသေးဘူး။ ဖြေလျှော့ပေးရင်တောင် ကိုဗစ် ရဲ့ အကျိုးဆက် အကြောက်တရားကတော့ ရှိနေအုံးမှာ။

လွန်ခဲ့တဲ့ ရွေးကောက်ပွဲ အချိန်တုန်းက လုပ်သလို လူ ရာချီ လုပ်နိုင်ဖို့တော့ အခက်အခဲ ဖြစ်မယ်။

ကိုဗစ်ကြောင့် ဘယ်လို အခက်ခဲဖြစ်လာမလဲဆိုတော့ ခေါ်တိုင်းလဲ သိပ်မသွားချင်ဘူး မလာချင်ဘူး အဲ့လိုမျိုးပေါ့နော်။

နောက်တစ်ခုက ကိုဗစ်ကြောင့် အကြောက်တရားတွေက လူတွေက ရှိနေသေးတယ်။ အဲ့လိုမျိုးဆိုတော့ ထင်တိုင်း လူစုလူဝေး ဖြစ်မလာနိုင်ဘူး။ မျှော်မှန်းထားသလောက် စုပြီးနိုင်ဖို့တော့ မလွယ်ဘူးထင်တယ်။

ကျမတို့ အနီးပတ်ဝန်းကျင်တွေတော့ ခဏခဏ တိုက်ပွဲတွေ ဖြစ်တယ်လေ။ ထိရှ မှုတွေ ဖြစ်တယ် ဆိုတော့ လုံခြုံရေးအရ တချို့ က တောရွာတွေ သွားနိုင်ပေမယ့် တစ်ချို့ သူတွေ အတွက်တော့ တောရွာထဲမှာ သွားလို့မရဘူး။

အချိန်အခါက အခုလိုမျိုး ကိုဗစ် က လည်း ရှိနေတာ့ နည်းနည်းခက်ခဲဖြစ်မယ်ထင်တယ်လို့ သုံးသပ်မိပါတယ်။

ကိုအောင်ဆန်း
တောင်ရိုးစာပေ ယဉ်ကျေးမှု အသင်း

လက်ရှိ မြန်မာ့နိုင်ငံရေး အနေအထားပေါ်မှာ အားမရဘူး။

ကျနော့်အနေနဲ့ကတော့ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာနိုင်ဖို့ သိပ်ပြီးမမျှော်လင့်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ မြန်မာ့နိုင်ငံရေး ရေစီးကြောင်းက တဖက်က ငြိမ်းချမ်းရေး မဖော်ဆောင်နိုင်သေးတာတွေ ဒီရွေးကောက်ပွဲမှာလည်းပဲ ပါတီအသစ်တွေ အများကြီးပေါ်လာတဲ့ အနေအထားမှာ ကျနော်တို့တွေ့ရတယ်။ နောက်တစ်ချက်က ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာဆိုလို့ရှိရင် တရားမျှတမှုမရှိတဲ့ အပိုင်းတွေ ကျနော်တို့ တစ်စိတ်တစ်ဒေသ တွေ့ခဲ့တယ်။

လာမယ့် ရွေးကောက်ပွဲ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမယ်လို့ ကျနော်တော့ မယုံကြည်ပါဘူးခင်ဗျား။

ကိုဗစ်-၁၉ ဖြစ်တဲ့ချိန်မှာတောင် တခြားပါတီက စည်းရုံးရေးစနေပါပြီ။ စည်းရုံးလို့ရတဲ့အနေအထားမျိုးမှာ တရားဝင်ကြေညာလိုက်တဲ့ဟာ ရှိလာခဲ့တယ်ဆိုပေမယ့် ဒီမတိုင်ခင်ကတည်းကိုက ပါတီတချို့က စည်းရုံးရေးဆင်းတာ တွေ့နေရတယ်။ လွန်ခဲ့တဲ့ ၅ လ ၆ လ ကတည်းကိုက ကျနော်တို့ကိုယ်တိုင် စည်းရုံးခံရတယ်။ ဒါက ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ စည်းမျဉ်းစည်းကမ်း နဲ့ စည်းရုံးရေးကာလ အချိန်ကာလ တစ်ခုပေါ် မှာ လွန်ကျူး ပြီးတော့မှ လုပ်နေတာ တွေ့နေရတယ်။ ကြိုပြီးလုပ်နေတာ ကျနော်တို့ တွေ့နေရတယ်။

Leave a Comments

- Advertisement -spot_img

Latest article