ကိုဗစ်ကာလအစိုးရ ရက်ထပ်တိုးချိန် မောက်မယ်မြို့ ပြည်သူ့လွှတ်တော်အမတ် ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပ

0

ကိုဗစ်-၁၉ ကပ်ရောဂါ ကာလ  လူစုလူဝေး မပြုလုပ်ရေး  နေပြည်တော်အစိုးရမှ ဇူလိုင်လ ၁၅ ရက်အထိ တိုးမြင့်သတ်မှတ်ထား ချိန် သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့  တွင်ဂေါက်သီး  ရိုက်ပြိုင်ပွဲ ကျင်းပနေကြောင်း ဒေသအတွင်း သတင်းရပ်ကွက်မှသိရပါသည်။

၂၀၂၀ ခု ဇွန်လ ၂၇ ညနေပိုင်းက လင်းခေးခရိုင် မောက်မယ်မြို့တွင်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖိတ်ခေါ်ဂေါက်သီးရိုက်ပြိုင်ပွဲအား ကျင်းပခဲ့ခြင်းဖြစ်ပြီး  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် အမတ် စိုင်းငေါင်းဆိုင်ဟိန်း မှ ဦးစီးကျင်းပခြင်းဖြစ်ကြောင်း မောက်မယ်ဒေသခံ ရပ်မိရပ်ဖ တဉီးကပြောသည်။

  ဂေါက်သီးရိုက်ပြိုင်ပွဲသည် မောက်မယ်မြို့ ရပ်ကွက် ကြီး ၃ ခု ကြား လူထု ဖြတ်သန်းသွားလာသည့်နေရာဖြစ်သည့်အပြင် လူနေအိမ်များနှင့်လည်းထိစပ် နေသည်ဖြစ်ရာ လူစည်ကားမှု ဖြစ်ပွားခဲ့သည့် အပေါ် ကိုဗစ်ရောဂါ ကူးစက်မည် ကို အထူး စိုးရိမ် ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

“သူတို့လို လူတွေကတောင် ဒီညွှန်ကြားချက်တွေကို မလေးမစားဘဲ လုပ်ချင်သလို လုပ်နေပြီးတော့ ကျနော်တို့လို သာမန်ပြည်သူတွေတော့ လိုက်နာရမယ်တဲ့။ ဒီညွှန်ကြားချက်က အာဏာပိုင်တွေအပေါ် မသက်ရောက်ဘူးလား။ ဒီလို လူစုလူဝေး လုပ်တဲ့ ပြိုင်ပွဲက ဘယ်သူက ခွင့်ပြုလဲပေါ့။ ဒီကိစ္စက မြို့နယ်အာဏာပိုင်ကော၊ သျှမ်းပြည်နယ်အစိုးရထံကို ကော ပြည်ထောင်စုအစိုးရကိုကော မေးချင်ပါတယ်။ ခွင့်ပြုချက်မရှိဘဲနဲ့ ကျင်းပရင် ဘယ်သူ့မှာတာဝန်ရှိလဲ ဘယ်သူတွေကို ဘယ်လိုအရေးယူမလဲ ပေါ့  “ – ဟု အမည်မဖေါ်လို သည့်  မောက်မယ်ဒေသခံ တဦးက သျှမ်းသံတော်ဆင့်အား ပြောသည်။

မောက်မယ်မြို့သည် တရုတ်နိုင်ငံသား ၁၃ ဦး ကိုးဗစ်-၁၉ စိုးရိမ်ရသည့်သတင်း ပထမ ဦးဆုံး ပေါ်ပေါက်ခဲ့သည့် ရှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင်အတွင်းက မြို့တမြို့ဖြစ်ပါသည်။

၄င်းနှင့်ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်စိုင်းငေါင်းဆိုင်ဟိန်းအား မေးမြန်းရန် သျှမ်းသံတော်ဆင့်မှ ဆက်သွယ်သော်လည်း ဆက်သွယ်မရခဲ့ပေ။ သို့သော် ၄င်းပိုင် လူမှုကွန်ရက်တွင်မူ “ကျနော့မဲဆန္ဒနယ် အမှတ်တရပွဲလေးပါ။အားလုံး ကျေနပ်နှစ်သိမ့်နိုင်ကြပါစေ။ ” ဟု ရေးသားဖော်ပြပါသည်။

ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ပါ သဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများမှ  ကိုဗစ် ရောဂါ ကာကွယ် ထိန်းချုပ် တားဆီးရေးအတွက် ၂၀၂၀ ဇွန်လ ၃၀ ရက်နေ့အထိ ထုတ်ပြန်ထားသော ပြည်သူ ပန်ကြားချက်အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့ တိုးမြှင့်ရန် လိုအပ်သည့် ကိစ္စရပ်များမပါ) အား ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၅ ရက်အထိ ရက်တိုးမြှင့်သတ်မှတ် ဆောင်ရွက်ပါကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် Coronavirus Disease 2019 (COVID 19) အမျိုးသားအဆင့်ဗဟိုကော်မတီ မှ ဇွန်လ ၂၇ ရက်နေ့က ထုတ်ပြန်ထားသည်။                     

Leave a Comments

SHARE