မူးယစ်ဆေးတိုက်ဖျက်ရေးဟာ နံပတ် ၂ ဖြစ်နေသေးသရွေ့တော့ ……

0

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေသော်လည်း သျှမ်းပြည်တဝှမ်း နှင့် မြန်မာနိုင်ငံအတွင်းရှိ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ၊ ဘိန်းစိုက်ပျိုးမှုများ တနှစ်ထက်တနှစ်ပို မိုများပြားလာကြောင်း ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့အစည်းမှ အစီရင်ခံစာများထုတ်ပြန်ခဲ့သည်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး မအောင်မြင်ရသည့် အကြောင်းနှင့်ပတ်သက်ပြီး မူးယစ်ဆေးနှင့်ပတ်သက်၍ နှစ်ပေါင်းများစွာ သုတေသန ပြုလုပ်လာသည့် သျှမ်းပြည် မူးယစ်ဆေးဝါး စောင့်ကြည့်ရေး (Shan Drug Watch) အဖွဲ့တည်ထောင်သူ ဦးခွန်စိုင်းအား သျှမ်းသံတော်ဆင့် သတင်းထောက် နန်းဆိုင်နွမ် က တွေ့ဆုံ မေးမြန်း ထားပါသည်။

မေး။ ။ ဒီကနေ့ ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ မှာ ဖမ်းမိ မူးယစ်ဆေးဝါးတွေအများအပြား မီးထပ်ရှို့နေသေးတာကိုတွေ့ရပါတယ်။ ဆရာတို့လေ့လာချက်အရ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အခြေအနေက ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ မူးယစ်ဆေးဝါးအကြောင်းပြောရရင် ခေတ်က ၃ ခေတ် ရှိတယ်။ ကျနော်တို နိုင်ငံကို အင်္ဂလိပ်က အုပ်ချုပ်တဲ့အချိန်တုန်းက ကျနော်တို့သျှမ်းပြည် မှာကြည့်လိုက်မယ်ဆိုရင် စီးပွားဖြစ် စိုက်ပျိုး တာ။ တရားဝင်စိုက်ပျိုးတာ နယ် ၃ နယ်ရှိတယ်။

“ ဝ” နယ်မြေ။ ကိုးကန့်နယ်မြေ နဲ့ လွိုင်မော်နယ်မြေ တို့ဖြစ်တယ်။ အင်္ဂလိပ် ခေတ်ကာလ မှာ ခန့်မှန်းချက် အရ “ ဝ” နယ်မှာက က ၆၀ ရာခိုင်နှုန်းလောက်ထွက်တယ်။ ကိုးကန့် က ၃၀ ရာခိုင်နှုန်းထွက်တယ်။ မှန်းဆရသလောက်ကတော့ လွိုင်မော်နယ်မှာ က ၁၀ ရာခိုင်နှုန်းထွက်တယ်။

သျှမ်းပြည် တခြားနေရာတွေလည်း စိုက်ကြပါတယ်။ အများအားဖြင့် စီးပွားဖြစ် စိုက်တာ မဟုတ်ဘူး။ ဆေးဖြစ် ဝါးဖြစ် စိုက်ကြတာများတယ်။ ၅ ရက် တဈေးတွေမှာ ရောင်းချကြတယ်။

အင်္ဂလိပ်ခေတ်ပြီးတဲ့အချိန်မှာ တရားဝင် စိုက်ပျိုးဖို့ နိုင်ငံသတ်မှတ်လာကြတယ်။ အဲ့နိုင်ငံထဲမှာ အဓိက တော့ အိန္ဒိယ က တရားဝင်စိုက်လို့ရတယ်။ မြန်မာနိုင်ငံက တရားဝင် စိုက်ခွင့် မရှိဘူး။

ဆေးဖြစ်ဝါးဖြစ် လုပ်ဖို့ဆိုရင် အိန္ဒိယလိုနိုင်ငံ ကနေ ဝယ်ပြီးမှ ဆေးလုပ် တယ်။ သျှမ်းပြည် ကချင်ပြည်စိုက်တဲ့ဟာေ တွက တရားဝင်မဟုတ်တော့ဘူး။

အဲ့ချိန်တုန်းက တရားဝင်မဟုတ်ပေမယ့် စိုက်ခွင့်ပြုတဲ့ပုံစံဖြစ်တယ်။ အဲ့ခေတ်တုန်းက အစိုးရ အနေနဲ့က တဖက်က ဗမာကွန်မြူနစ် ပါတီ (ဗကပ) နဲ့တိုက်ခိုက်နေတာ။ နောက်တခုက တရုတ်ဖြူ ကနေ ပြီး စစ်ရှုံးလို့သျှမ်းပြည် ထဲဝင်သွားတဲ့အခါကျတော့ တရုတ်ဖြူ တိုက်ရတာတွေရှိတယ်။ တိုက်ရတဲ့အခါ အင်အား က မပြည့်စုံ တဲ့အခါ တပ်အသစ် ဖြစ်တဲ့ Union Military Police (UMP) ကိုဖွဲ့တယ်။ အစိုးရ က ထောက်ပံ့နိုင်တာ မဟုတ်ဘူး သူတို့ဘာသာ ရှာစားတော့ ဘိန်းကုန်ကူးတဲ့အခါမှာ ပါတာပေါ့။

နောက်ပြီး ၁၉၅၈ မှာတော့ သျှမ်းပြည်က ဗမာပြည်နဲ့ ပေါင်းလာတာ ၁၀နှစ်ပြည့်လာတယ် ခွဲထွက်ခွင့်က မရဘူး။ တဖက်ကလည်း သျှမ်းပြည်ကို ဗမာ့တပ်မတော်က စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်တာ အဲ့အခါကျတော့ တော်လှန်ရေး ပေါ်လာတယ်။

နောက်မှာ ကျေးရွာ ကာကွယ်ရေး တပ်များဆိုပြီး ထပ်ဖွဲ့လာတယ်။အများအားဖြင့် ကာကွယ်ရေး ဖွဲ့တဲ့အခါကျတော့ လော်စစ်ဟန် တို့ ခွန်ဆာတို့အဲ့ချိန်မှာ ပေါ်လာတယ်။

ပေါ်လာတဲ့အခါ ဗကပ နဲ့ တရုတ်ဖြူနဲ့ တိုက်ဖို့ ပြီးတော့ တော်လှန်ရေး အဖွဲ့အစည်း သူပုန်နဲ့ တိုက်ဖို့ ပေါ့။ အဲ့မှာ သူတို့ကို အခွင့်အရေးပေးတယ်။ ကိုယ်ထူကိုယ်ထ စနစ် နောက်ပိုင်းကျတော့ လော်စစ်ဟန်ဆိုရင် ဘိန်းဘုရင်။ လော်စစ်ဟန်မရှိတဲ့အခါ ခွန်ဆာ ဘိန်းဘုရင် ဆိုပြီး ပေါ်လာတယ်။

သျှမ်းပြည် ကချင် ကယားတွေမှာ မူးယစ်ဆေးဝါး ပပျောက်သွားအောင် ၁၅နှစ်စီမံကိန်းတွေ လုပ်ပေမယ့် ၁၅နှစ် စီမံကိန်းက ၂၀၁၄ ခုနစ်က ဆုံးသွားတယ်။ ဒါပေမယ့် ဘိန်းပပျောက်ရေးက မဖြစ်လာဘူး။ မဖြစ်လာတဲ့အပြင် ယာမ၊ ယာဘတွေထပ်ပေါ်လာတယ် ပိုဆိုးလာတယ်။


တောင်ကြီးမြို့ ဇွန် ၂၆ရက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေး တိုက်ဖျက်ရေးနေ့ အခမ်းအနား၌ မူးယစ်ဆေးဝါးများ မီးရှို့နေသည့် ပုံ (Photo by Khun Yar zar/ Facebook)

မေး။ ။ ခေတ်ကာလ အရ မူးယစ်ဆေးဝါး တွေ ပုံစံပြောင်းလဲလာတာကိုတွေ့ရတယ်။ အရင် က ဘိန်းစိုက်ပျိုးမှု ကနေ အခုနောက်ပိုင်း စိတ်ကြွဆေးတွေ ပြောင်းလဲလာတဲ့အပေါ် ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ ပြောင်းလာတဲ့ အကြောင်းရင်းရှိတယ်။ ၁၉၉၀ကျော်လောက်ထိ အဲ့တုန်းက သျှမ်းပြည် ရဲ့ အဓိက ဈေးကွက် အမေရိကန် ဖြစ်တယ် ။ နယ်စပ်ရောက်ရင် ဘိန်းကနေ ဘိန်းဖြူဖြစ်တယ်။ ဘိန်းဖြူကနေ အမေရိကန် စစ်တပ်ထဲရောက်တယ်။ အမေရိကန် စစ်တပ်ကနေ အမေရိကန် တိုင်းပြည်ဘက်ရောက်သွားတယ်။

စစ်အေးတိုက်ပွဲက ပြီးသွားတယ်။ တရုတ်ပြည်ကလည်း တံခါးဖွင့် ဝါဒနဲ့ နယ်စပ်တွေ အားလုံးဖွင့်လိုက်တယ်။ အမေရိကန် ဈေးကွက်က ပျောက်သွားတယ်။ ဘာပြုလို့လဲဆိုတော့ သူတို့ကကိုလံဗီယာ-မက်ဆီကို တို့လို အိမ်နီးနားချင်းဆီကဘိန်းကိုလွယ်လွယ်ရလို့ပဲ။

အဲ့ဒါနဲ့ သျှမ်းပြည်က ဈေးကွက်က ပျောက်သွားပြီး တရုတ်ပြည်ကို တရုတ်ပြည်က ရောင်းချင်သလောက်ရောင်း တဲ့အဆင့်ဖြစ်သွားတယ်။ နောက်ထိုင်းနိုင်ငံကလည်း ယာမ ကို စစ်ကြေငြာတော့ ထိုင်းနိုင်ငံက ဈေးကွက်အဖြစ်ကျန်ခဲ့ပြီး ထုတ်လုပ်မှုက သျှမ်းပြည်ကို ရောက်သွားတယ်။

Methamphetamine က ဘိန်းဖြူထက် လည်း သက်သာတယ် ရောင်းအားကောင်းတယ်။

ဒါတွေမပြီးသေးဘူး ဒီနှစ် ဖေဖော်ဝါရီ လကနေ ဧပြီလမှာ တပ်မတော်ဘက်ကနေ ကွတ်ခိုင် ဘက်ကို စစ်ဆင်ရေး လုပ်တဲ့အခါ ဘိန်းနဲ့ အလားတူ ဖြစ်တဲ့ ဓာတု ပစ္စည်းဖြစ်တယ်။ အဲ့ဓာတုဆေး fentanyl က Heroin ထက် အဆပေါင်းများစွာမြင့်တယ်။

ယာဘအတွက် ကုန်ကြမ်းက တရုတ်ပြည်ကလာ၊ ထုတ်လုပ်ဖို့နည်းပညာက ထိုင်းကလာ အဲ့လိုမျိုးနဲ့ သျှမ်းပြည်မှာ မူးယစ်ဆေးက ကြီးလာတယ်။


တောင်ကြီးမြို့ ဇွန် ၂၆ရက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေး တိုက်ဖျက်ရေးနေ့ အခမ်းအနား၌ မူးယစ်ဆေးဝါးများ မီးရှို့နေသည့် ပုံ (Photo by Khun Yar zar/ Facebook)

မေး။ ။ မူးယစ်ဆေးဝါး တားဆီးကာကွယ်တဲ့အချိန်မှာ ဘယ်လို လုပ်ဆောင်သင့်လဲ။

ဖြေ။ ။ တိုင်းပြည် အနာဂတ်ဟာ လူငယ်တွေဖြစ်တယ်။ လူငယ်တွေက မူးယစ်ဆေးဝါး ရေစုန်မျောနေရင် တိုင်းပြည် အနာဂတ် လည်းမရှိတော့ဘူး။ ဒီကိစ္စဟာ အခုအခြေအနေမှာဆိုရင် အစိုးရရော ပတ်သက်တဲ့သူတွေရော တော်လှန် တိုက်ခိုက်နေတဲ့သူတွေ အားလုံး Stakeholder ( ရှုံးခြေ မြတ်ခြေရှိတဲ့သူ) တွေအားလုံးပူးပေါင်းသင့့်တဲ့အချိန်ဖြစ်တယ်။

အခု အခြေအနေ က ငြိမ်းချမ်းရေး ဖြစ်စဉ် ဖြစ်လာပြီဆိုတော့ ကျနော်တို့ဝိုင်းဝန်းဖြေရှင်းဖို့လိုတယ်။ နှိမ်နင်းနည်းနဲ့သုံးလို့မရဘူး။ ကြည့်လိုက်ပါ တနှစ် ၂နှစ်မှာ ထိုင်းနိုင်ငံရောအကြီးကျယ်နှိမ် နင်းတယ်။ သျှမ်းပြည်မှာရော ပြည်ထောင်စုမှာရော အကြီးအကျယ် နှိမ်နင်းတယ်။ ဒါပေမယ့် အခုထိ ကမ္ဘာထဲမှာ သုံးစွဲမှု လျော့နည်းသွားတာ မရှိဘူး။

များလာတာပဲရှိတယ်။ ဒီကိစ္စ က နှိမ်နင်းရုံလောက်နဲ့ မဖြစ်နိုင်တော့ဘူးဆိုတာ ပြနေတယ်။ ဒါတွေကို ဖြေရှင်းနိုင်ဖို့ဆိုတာအားလုံးပေါင်း လုပ်ဖို့ လိုတယ်။

ငြိမ်းချမ်းရေး ဖြစ်စဉ် မှာ အခွင့်ကောင်းယူပြီးတော့ ဝိုင်းဝန်းပေါင်းလုပ်မယ်ဆိုပြီး နံပတ် ၁ က မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းနိုင်မယ်။ နံပတ် ၂ က ငြိမ်းချမ်းရေးလည်း ရမယ်။ နံပတ် ၃ က အားလုံး မျှော်မှန်းနေတဲ့ ပြည်ထောင်စု တည်မြဲရေး၊ အမျိုးသား စည်းလုံးညီညွတ်ရေး နိုင်ငံတော် အချုပ်အခြာ အာဏာတည်တံ့ရေးတို့ အလိုလိုဖြစ်လာမယ်။

မူးယစ်ဆေးနဲ့ ငြိမ်းချမ်းရေး ကိစ္စ က ခွဲလို့မရဘူး။ ငြိမ်းချမ်းရေး နဲ့ မူးယစ်ဆေးဝါးကိစ္စ က ခေါင်းနဲ့ပန်းလိုဖြစ်တယ်။ ဒီကိစ္စ ကျနော်တို့အားလုံး ပြိုင်တူဖြေရှင်းရမယ်။ ပူးပေါင်းဖြေရှင်းရမယ်။

မေး။ ။ ယခုနှစ် မှာ သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေ တော်တော်များများ တွေ့ရပါတယ်။ ဒီမူးယစ်ဆေးဝါးတွေရဲ့ နောက်ကွယ်ကြိုးကိုင်တဲ့သူ ပါဝင်ပတ်သက်တဲ့သူတွေ ဘယ်သူဖြစ်နိုင်ပါသလဲ။

ဖြေ။ ။ ဒီကိစ္စကို ကြည့်မယ်ဆိုရင် အရင် ခဏကပြောတဲ့ ကာကွယ်ရေးလို့ပြောတယ်။ ကာကွယ်ရေးလို့ပြောတဲ့အချိန် လော်စစ်ဟန်က အစိုးရ ကို တော်လှန်ဖို့ လုပ်တဲ့အခါ ပြုတ်ထွက်သွားတယ်။ ကာကွယ်ရေး အဖွဲ့ကိုလည်း ရုပ်သိမ်းလိုက်တယ်။

နောက်တော့ ဘယ်သူက ရာထူး ဆက်ခံလဲဆိုရင် ဦးခွန်ဆာ ကဆက်ခံတယ်။ ဦးခွန်ဆာကလည်း အရင်ကဆိုရင် ကွန်မြူနစ် နဲ့လည်းတိုက်တယ်။ SSA နဲ့လည်း တိုက်တယ်။ နောက် ဟိုသူတို့နဲ့လည်း အပြန်အလှန် ပြဿနာတွေရှိတယ်။ အစိုးရက သူ့ကို မျက်နှာသာပေးထားတယ်။ ဦးခွန်ဆာကို အခွင့်ပေးထားခြင်းအားဖြင့် တဖက်က အစိုးရကို တော်လှန် တဲ့သူကို ကူညီပြီး တိုက်ခိုက်နေတာကို အကျိုးအမြတ်လည်းရှိတယ်။

သူ့ရဲ့ မူးယစ်ဆေးဝါးပါဝင်မှုကို လျစ်လျူရှုထားတယ်။ ဦးခွန်ဆာက သျှမ်းပြည် လွတ်လပ်ရေးဆိုပြီး ကြေညာ၊ တခြားအဖွဲ့နဲ့ ပေါင်း သျှမ်းပြည်လွှတ်လပ်ရေးရဖို့ဆိုပြီးလုပ်တဲ့အခါ အဲ့အချိန်မှာ အစိုးရ က ဟာ ငါတို့ ရန်သူဖြစ်သွားပြီ။

“ဝ” ကကွန်မြူနစ်ပါတီကို တော်လှန်လိုက်ပြီး အစိုးရကို ငြိမ်းချမ်းရေးလုပ်လိုက်တဲ့အခါ တော့ ဦးခွန်ဆာနဲ့လည်း လာတိုက်နေတော့ အားပေးတာပေါ့။ သူ့ကို အားပေးတဲ့အခါကျတော့ ဦးခွန်ဆာ ဆီမှာ ဘိန်းချက်စက်ရုံတွေ အရင်းအနှီးမြုပ်နှံနေတာတွေ အရင်းရှင်အားလုံးက ဦးခွန်ဆာ ဆီ နှုတ်ထွက်ပြီး “ ဝ” ဘက် ဝင်သွားတယ်။

ဦးခွန်ဆာက နာမည်က ဘိန်းဘုရင်၊ တကယ်တော့ နာမည်ကြီးထမင်းငတ်ဖြစ်သွားတယ်။ နောက်ဆုံးတာ့ သူလည်း လက်နက်ချတဲ့အဆင့်ထိရောက်သွားတယ်။

ဒါက နိုင်ငံရေး နဲ့ မူးယစ်ဆေး ပတ်သက်မှု ပြသနာပဲ။ “ ဝ” ဘက်မှာ ဆိုရင် လုပ်ချင်သလို လုပ်ဖို့အခွင့်အရေး ဆက်ရတယ်။ ဒါပေမယ့် ၂၀၀၅ ခုနစ်မှာကျတော့ သူတို့က သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)နဲ့တိုက်တယ်။ ဗမာ့တပ်မတော်နဲ့ “ဝ” တပ်နဲ့ ပူးပေါင်းပြီး တိုက်တယ်။

နောက်ဆုံးတော့ နားမကျန်းဖြစ်နေတဲ့ ပေါက်ယူချန်း က သိသွားတော့ “ဝ” တပ်တွေကို အပစ်ရပ် ခိုင်းတယ်။ အဲ့အချိန်မှာ တပ်မတော် က “ဝ” တပ်ဖွဲ့ကို ခေါ်လို့မရတော့ဘူး။ အဲ့မှာ ဘာဖြစ်သွားလဲဆိုတော့ “ဝ” ရဲ့ မူးယစ်ဆေးပါဝင်မှု က အများကြီးထိခိုက်သွားတယ်။ “ ဝ ” က သယ်ယူလာတဲ့ ဘိန်းဖြူတွေဆိုရင် လူရော ဘိန်းဖြူရော အားလုံး ကီလို ၅၀၀ နီးပါးဖမ်းခံရတယ်။

ဒီနှစ်ထဲမှာပဲ “ ဝ” တပ်ဖွဲ့ က မူးယစ်ဆေးဝါးကို ရပ်တန့်လိုက်ပြီဆိုတာ ကြေညာလိုက်တယ်။

မူးယစ်ဆေးဝါး ကိစ္စ က ဘာဖြစ်လဲဆိုတော့ “ဝ” ဆီမှာ အများကြီး လက်ညိုးထိုးနိုင်ပေမယ့် ၂၀၀၅ နောက်ပိုင်းမှာ ပြည်သူ့စစ်လက်ထဲရောက်သွားတယ်။ ပြည်သူ့စစ်က အစိုးရ ထောင်ထားတဲ့ အဖွဲ့တွေဖြစ်တယ်။

ပြည်သူ့စစ်တွေက မူးယစ်ဆေးဝါး ထုတ်လုပ်နိုင်တဲ့ အဆင့်မရှိဘူး။ သူတို့က နည်းပညာမှ မရှိဘဲ။ ဒါပေမယ့် သူတို့မှာက အာဏာရှိတယ် အခွင့်အလမ်းရှိတော့ ဘိန်းချက် စက်ရုံလုပ်တဲ့သူတွေ ယာမ လုပ်တဲ့ စက်ရုံတွေ သူတို့ဆီရောက်လာတယ်။ သူတို့ဆီရောက်လာရင် ဘေးကင်းတယ်။ တဖက်ကလည်း နိုင်ငံတော်ကို တော်လှန် တိုက်ခိုက်နေတဲ့အဖွဲ့တွေဆီက ဝင်ငွေ တွေကို ဖြတ်လိုက်တာ။

သူပုန်ဖြစ်တဲ့အစား ငါတို့က အစိုးရနဲ့ပူးပေါင်းတာ ကောင်းတယ်ဆိုတဲ့ပုံစံနဲ့ သူပုန်ရဲ့ အင်အားကို လည်း ဖြတ်လိုက်တာနဲ့ အတူတူပါပဲ။

တဖက်ကလည်း သူပုန်တွေကို ပြဿနာပေါ်လာပြီဆိုရင်လည်း သူပုန်တွေရဲ့အကြောင်း အပြစ်ဖို့ ဘို့လွယ်တယ်။ ဒါတွေက နိုင်ငံရေးနည်းလမ်းတွေပဲ။

ဒါတွေကို ဆက်သုံးနေမယ်ဆိုရင်တော့ ကျနော်တို့နိုင်ငံက ငြိမ်းချမ်းရေးလည်း မရနိုင်ဘူး မူးယစ်ဆေးဝါးလည်း မပျောက်နိုင်ဘူး။

ဒီအချိန်ဟာ အားလုံး ဟာ ရန်သူမဖြစ်ဘဲ နဲ့မိတ်ဆွေ အဖြစ်နဲ့ နိုင်ငံတော်ကြီးကို ပူးပေါင်း ပြီးတော့မှ တည်ထောင်တဲ့သူအနေနဲ့ ပူးပေါင်းဖို့အချိန်ရောက်လာပြီလို့ကျနော် တိုက်တွန်းချင်ပါတယ်။

မေး။ ။ ခေတ် အဆက်ဆက် အစိုးရနဲ့တပ်မတော် တို့တိုက်ဖျက်နေတဲ့ မူးယစ်ဆေးဝါး က ဘာကြောင့် မအောင်မြင်တာလဲ။

ဖြေ။ ။ အစိုးရ တပ်မတော် ရဲ့ အဓိက ရည်မှန်းချက်က မူးယစ်ဆေးဝါး ပပျောက်ရေး မဟုတ်ဘူး။ မူးယစ်ဆေးဝါး ပပျောက်ရေးဟာ ဒုတိယ တတိယ အဆင့်ပဲရှိတယ်။

ပထမအဆင့် က တော်လှန် တိုက်ခိုက်တဲ့အဖွဲ့က ပပျောက်သွားဖို့ဖြစ်တယ်။ နံပတ် ၁ ဖြစ်နေတဲ့ ကာလပတ်လုံးမှာ ကျန်တဲ့ ဟာက သာမည ဖြစ်သွားတယ်။

အဲ့လိုမျိုး သာမည ဖြစ်နေတဲ့တလျှောက် မူးယစ်ဆေးပပျောက်မယ်ဆိုတာ မဖြစ်ဘူး။ တကယ်လို့ကျနော်တို့က သူပုန် ပပျောက်ရေးနဲ့ မူးယစ်ဆေးဝါး ပပျောက်ရေးကို ကျနော်တို့လုပ်မယ်ဆိုရင် ဘယ်လို နည်းနဲ့လုပ်မယ်။ တိုက်ပွဲနည်းနဲ့ လုပ်မှာလား စစ်ရေးနည်းနဲ့ လုပ်မလား။ လုံးဝ မလုပ်နိုင်ဘူး။ နိုင်ငံရေး နည်းနဲ့ပဲ လုပ်နိုင်တယ်။

နိုင်ငံရေး နည်းနဲ့ဆိုတာက အားလုံး ဝိုင်းပြီးတော့ အတူထိုင်ပြီး ဆွေးနွေးမှဖြစ်မယ်။ ဒီနည်းကို ကျနော်တို့သုံး မယ်။ စစ်ရေးနည်းကို မသုံးဘူးဆိုရင်အောင်ဖို့သေချာတယ်။

ကျနော်တို့NCA လက်မှတ်ထိုးတာလည်း ကြည့်လိုက်ပါနိုင်ငံရေး ပြဿနာတွေကို စစ်ရေး နည်းနဲ့မဖြေရှင်းနဲ့ တွေ့ဆုံ ဆွေးနွေးခြင်းနဲ့ဖြေရှင်းတယ်ဆိုတဲ့ ယဉ်ကျေးမှု အသစ်ကို ထူထောင်ရမယ်။

ယဉ်ကျေးမှုအသစ်ကို ထူထောင်ဖို့ လုပ်ရမယ် လို့ပါရှိတယ်။ လုပ်လာတာလည်း ၅နှစ်ရှိပြီ ကျနော်တို့ရိုးတွင်းချဉ်ဆီထဲထိဒီယဉ်ကျေးမှုက မရောက်သေးဘူး။ အဲ့ထဲထိ ရောက်ဖို့ဝိုင်းဝန်းကြိုးပမ်းရမယ်လို့ နိုင်ငံတော် ကို တိုက်တွန်းချင်ပါတယ်။

မေး။ ။ လက်ရှိကာလ မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့ ၊ မူးယစ်ဆေးဝါး နဲ့ပတ်သက်ပြီး သုတေသန ပြုလုပ်ဖို့ အတွက် အခက်အခဲ တွေ စိန်ခေါ်မှုတွေက ဘာတွေရှိလဲ။

ဖြေ။ ။ ကျနော်တို့မှာ က နိုင်ငံရေး ဆွေးနွေးဖို့ခက်ခဲတယ်။ ဘာလဲဆိုတော့ အခု ကျနော်တို့ တိုင်းပြည်ထဲမှာ ကြည့်မယ်ဆိုရင်တစ်ဖက်က မူးယစ်ဆေးဝါး အရင် ဖြေရှင်းရမယ်။ မူးယစ်ဆေးဝါး နဲ့ ပတ်သက်တာ အားလုံး ဖမ်းဆီးရမယ်။ ဒါက အစွန်းရောက်ဖြစ်တယ်။ တကယ်တော့လည်း မလုပ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်ဘက် ပါတဲ့သူကို မရှင်းဘူး။ သူ့ဘက်မပါတဲ့သူပဲ ရှင်းနေတာ ဒါကြောင့်မဖြစ်နိုင်ဘူး။

နံပတ် ၂က နိုင်ငံရေးဆွေးနွေးပွဲအောင်မြင်ဖို့လိုတယ်။ နိုင်ငံရေး ဆွေးနွေးပွဲ အောင်မြင်မှ မူးယစ်ဆေးဝါး ကိုင်တွယ်ရမယ်။ ဒီတော့နိုင်ငံရေး ဆွေးနွေးပွဲက ဘယ်တော့ အောင်မြင်မလဲ ဆိုတဲ့မေးခွန်းကလည်း ရှိတယ်။ အစွန်း ၂ဖက်ဖြစ်တယ်။

ရေစီးသန်နေတဲ့ မြစ်ကို ဖြတ်ပြီဆိုရင် ရေစီးကြောင်း လိုက်လဲဟိုဘက်ကမ်းမရောက်ဘူး။ ရေစီးကြောင်းကို ဆန့်ကျင်ရင်လည်း ဟိုဘက်ကမ်းမရောက်ဘူး။ ကျနော်တို့အလယ်အလတ် လမ်းစဉ်ကို လုပ်မှရောက်မယ်။

ဒါကြောင့် ကျနော်တို့တွေ အစွန်း ၂ဖက် လမ်းကို မလိုက်ဘဲနဲ့ ကျနော်တို့ အလယ်အလတ် လမ်းလိုက်ဖို့လိုပါတယ်။ အလယ်အလတ် လမ်းလိုက်ရင်လည်း ရေတိုမှာ ကျနော်တို့ဘယ်လို လုပ်မလဲ။ ရေရှည်မှာ ဘယ်လိုလုပ်မလဲဆိုတာ ဝိုင်းဆွေးနွေးဖို့လိုပါတယ်။

မေး။ ။ မူးယစ်ဆေးတိုက်ဖျက်ရေး အောင်မြင်ဖို့အတွက် ဆရာ ဦးခွန်စိုင်းအနေနဲ့ဘာများအကြံပေးချင်ပါသလဲ။

ဖြေ။ ။ အားလုံးပူးပေါင်းလုပ်ရမယ်။ ICJ အကြံပြုတဲ့ဟာကို သတိရတယ်။ နိုင်ငံတော်ကို ဆန့်ကျင်တဲ့အဖွဲ့ကိုရော နိုင်ငံတော်ကို အလုပ်လုပ်ပေးနေတဲ့ လက်နက်ကိုင် အဖွဲ့တွေရော သူတို့ဟာ တရားမဝင်တဲ့လမ်းကြောင်းနဲ့ ဝင်ငွေရရှိနေကြတယ်။ ဒါဟာ ငြင်းလို့မရဘူး။

သူတို့ ပါဝင်လာဖို့ဆိုတာ ဘာလုပ်ရမလဲ။ တဖက်က သူတို့ရဲ့ ရရှိနေတဲ့ ဝင်ငွေ လမ်းကြောင်းကို ပြောင်းပေးဖို့လိုတယ်။ တရားမဝင်ရထားတဲ့လမ်းကြောင်း ကနေ တရားဝင်ဖြစ်လာအောင် ဒါကူညီပေးဖို့လိုတယ်။

ဥပမာ တဖက်ကတော့ ငြိမ်းချမ်းရေး ပစ်ခတ်ရပ်စဲရေး လုပ်ထားတဲ့အဖွဲ့တွေကို ဝင်ငွေ လမ်းကြောင်း အစိုးရ ဖန်တီးပေးရမယ်။ ဖန်တီးပေးပြီးမူးယစ်ဆေးဝါးကိစ္စမှာ ပါဝင် ပြီးတော့ လုပ်ပေးရမယ်။

မေး။ ။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး နဲ့ ပတ်သက်ပြီး သျှမ်းပြည်လူထုတွေ နိုးကြားလာဖို့ ဘယ်လောက်လိုအပ်ပါသလဲ။

ဖြေ။။ ကျနော်တို့ သျှမ်းလူထုတွေက မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆိုတာထက် သူတို့ အိမ်မှာရှိတဲ့ ဆွေမျိုးတွေ မောင်နှမတွေ မိသားစုတွေ မူးယစ်ဆေးသုံးစွဲမှုကိုပဲ အလေးထားကြတယ်။

ရွေးကောက်ပွဲ အတွက် စည်းရုံးရေး ဆင်းပြီဆိုရင် နိုင်ငံရေး ပေါ်လစီ တွေလာဟောကြမယ်။ အဲ့မှာ သျှမ်းပြည်သူတွေက သိပ်နားမလည်ဘူး။

သူတို့ နားလည်တာက အိမ်မှာရှိတဲ့ မူးယစ်ဆေးသုံးစွဲသူ ဘိန်းဖြတ်နိုင်အောင်၊ ယာမ စွဲတာ ဖြတ်နိုင်အောင် ဘယ်လို လုပ်ပေးမယ်ဆိုတာပဲ။ မူးယစ်ဆေးသုံးစွဲသူ ဘိန်းဖြတ်အောင်လုပ်ပေးမယ်ဆိုတဲ့ ကတိပေးရင် တအိမ်လုံးမဲထည့်မှာပဲ။

ပါတီတွေ အနေနဲ့ရော အမတ်လောင်းအနေနဲ့ရော ကောင်းကောင်းစဉ်းစားဖို့လိုတယ်။ လက်ရှိ ဖြစ်နေတဲ့ အိမ်တွင်း မူးယစ်ဆေးဝါး စွဲနေတဲ့ ပြဿနာ အမတ်ဖြစ်ရင် လုံးဝ ဖြေရှင်းပေးမယ်။ ဘယ်လို ဖြေရှင်းပေးမယ်ဆိုတာ နည်းလမ်းတော့ ရှာပြောနိုင်ရမယ်။ ဒါကတော့ ရေတိုပြဿနာပေါ့။

ရေရှည်ကတော့ ပညာပေးလုပ်ငန်းကောင်းကောင်းလုပ်ဖို့လိုတယ်။ ကျောင်းတွေ၊ အလုပ်တွေ၊ စက်ရုံတွေမှာ မူးယစ်ဆေးနဲ့ပတ်သက်ပြီး ဖြန့်တာ သိပ်မရှိဘူး။ ပညာပေးလုပ်ငန်းတွေ လုပ်နေရမယ်။ နောက်စီးပွားရေး ကို ဝိုင်းဝန်းစဉ်းစားပေးရမယ်။ စီးပွားရေး အတွက် စိတ်ပူစရာမလိုဘူးဆိုရင် မူးယစ်ဆေးဝါး ကို စိတ်ယိုင်သွားမယ်။ လူထုတွေ ပါဝင်လာဖို့ ဆိုရင် ရေရှည် ပညာရေး ၊စီးပွားရေးပါ ဝိုင်းပြီး တော့ စဉ်းစားပေးရမယ်။

မေး။ ။နောက်ဆုံးအနေနဲ့ ရော ဘာများထပ်ပြီး ဖြည့်ချင်ပါသလဲ။

ဖြေ။ ။ ကျနော်တို့ ဗမာစကားရှိတယ် တန်ဆေး လွန်ဘေးပါ။ လောကကြီးမှာ ဘာအရာပဲဖြစ်ဖြစ် ဘာအရာဝတ္ထုပဲဖြစ်ဖြစ် တန်ရင်ဆေး လွန်ရင်ဘေးပဲ။ တန်ရာမလုပ်ဘဲ လွန်ရင်တော့ ဘေးပါပဲ။ ဒါကို နားလည်တယ်၊ ကျင့်သုံးတယ်ဆိုရင် ကျနော်တို့တိုင်းပြည်ကြီးဆုတ်ယုတ်ဖို့မရှိ၊ တိုးတက်ဖို့ပဲရှိတယ်။ စစ်ပွဲဖြစ်ဖို့မရှိ။ ငြိမ်းချမ်းရေးပဲရှိလိမ့်မယ်။

Leave a Comments

SHARE