သျှမ်းပြည်တွင်းတိုက်ပွဲ ပြည်နယ်အဆင့်နှင့် မသက်ဆိုင် သျှမ်း/လွှတ်တော်ဥက္ကဌပြော

သျှမ်းပြည် အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲ နှင့် ပတ်သက်သည့် မေးခွန်းကို ပြည်နယ်အဆင့် နှင့် မသက်ဆိုင်ကြောင်း သျှမ်းပြည် လွှတ်တော်ဥက္ကဌ က ပြောဆိုလိုက်သည်။

မိုင်းကိုင် အတွင်း RCSS/SSA နှင့် အစိုးရတပ်မတော် တိုက်ပွဲကြောင့် စစ်ရှောင်လာသည့် ပြည်သူများပုံ

ဒုတိယအကြိမ် သျှမ်းပြည် လွှတ်တော် (၁၉) ကြိမ်မြောက် အစည်းအဝေးတွင် – “မိုင်းကိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ဦးစိုင်းလုံ မှ ၂၆.၂.၂၀၂၀ မှ ၁.၃.၂၀၂၀ ရက်နေ့အထိ မိုင်းကိုင်မြို့နယ် လွိုင်တွမ်းတောင်တွင် NCA လက်မှတ်ထိုးထားသော RCSS နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွါးရခြင်းအကြောင်းရင်းနှင့် နောက်နောင် တိုက်ပွဲ ထပ်မဖြစ်အောင် JMC မှ မည်ကဲ့သို့ လှုပ်ရှားဆောင်ရွက်သွားမည် ” ဆိုသည့် ကြယ်ပွင့်ပြမေးခွန်းကို မေးမြန်းခွင့် မရခဲ့ကြောင်း စုံစမ်း သိရှိရသည်။

ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် မှမေးမြန်းသော မေးခွန်းသည် စစ်ဖက်ရေးရာ နှင့် သက်ဆိုင်သည့် မေးခွန်းဖြစ်သဖြင့် ပြည်ထောင်စု အဆင့် တွင်သာ မေးမြန်းသင့်သည့် မေးခွန်းဖြစ်ပါကြောင်း သျှမ်းပြည် အစိုးရ အဖွဲ့၏ ၈.၆.၂၀၂၀ ရက်စွဲပါ စာအမှတ်၊ ၇၇၂၈/၆-၃၆၂/ အစရ (ရှမ်း) ဖြင့် သျှမ်းပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင် လက်မှတ်ရေးထိုးကာ ဖြေရှင်းချက် ပေးလာကြောင်းသိရသည်။

“သျှမ်းပြည်နယ် လွှတ်တော်မှာ ပွင့်လင်းမြင်သာမှု မရှိဘူး ။ သူ့ရဲ့ ဖြေရှင်းချက်မှာတော့ သူက ကိုယ်ပိုင်ဆုံးဖြတ်ခွင့် မရှိဘူး ပြည်ထောင်စုတွင် မေးမြန်းသင့်သည့် မေးခွန်းဆိုတာ ပြည်ထောင်စုမှာပဲ ဆုံးဖြတ်ခွင့် ရှိတယ်ဆိုတဲ့ အဓိပ္ပါယ် ရတယ်” ဟု ဦးစိုင်းလုံ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ယခုနှစ် ဖေဖော်ဝါရီ လမှ စတင်ကာ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် အစိုးရ တပ်မတော်တို့သည် တိုက်ပွဲ ဖြစ်ပွားပြီး၊ RCSS/SSA တပ်စခန်းချသည့် လွိုင်တွမ်းတောင် မှ ရှောင်တိမ်းပေးရကြောင်းသိရသည်။

ထိုတိုက်ပွဲကြောင့် ဒေသခံ ပြည်သူများ အိုးအိမ်စွန့်ခွာရခြင်း၊ ဒေသခံ ပြည်သူများ၏ နေအိမ်ကို အစိုးရတပ်မတော်မှ တပ်သားများဝင်ရောက်မွှေနှောက်မှုများပြုလုပ်ကာ နေအိမ်အတွင်းရှိ ကြက်၊ဝက်များသာမက အိမ်တွင်းပစ္စည်းများ၊ အဝတ်အစားများကိုပါ ယူဆောင်သွားခဲ့ကြောင်း သိရသည်။

မိုင်းကိုင် တွင်းဖြစ်ပွားသည့် တိုက်ပွဲ တွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲကော်မတီ (JMC) ၌ တာဝန်ရှိကြောင်း၊ JMCအနေဖြင့် ဖြေရှင်းသည့်နေရာတွင် ပွင့်လင်းမြင်သာမှု မရှိကြောင်း မိုင်းကိုင်မြို့နယ် ပြည်နယ်လွှတ်တော် အမတ် ဦးစိုင်းလုံ က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ပွင့်လင်းမြင်သာ ရှိတယ်ဆိုရင် ဒါတွေ ပြည်သူကို ချပြရမှာပဲ။ လွှတ်တော်မှာလည်း ဖြေရှင်းပေးရမှာပဲ။ ဘာကြောင့် တိုက်ပွဲဖြစ်တယ်ဆိုတာ ရှင်းလင်းပြရမှာပေါ့။ အခုကျတော့ မရှင်းလင်းပြဘူး။ လွှတ်တော် မှာ တင်ခွင့်တောင် မပေးဘူးဆိုတော့ ပွင့်လင်းမြင်သာမှု မရှိဘူး” ဟု မိုင်းကိုင် လွှတ်တော်အမတ် ဦးစိုင်းလုံ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

မိုင်းကိုင် မဲဆန္ဒနယ် အမှတ်(၂) ဦးစိုင်းလုံ သည် ဒုတိယ အကြိမ် သျှမ်းပြည်နယ် လွှတ်တော်(၁၉) ကြိမ်မြောက် ပုံမှန်အစည်းအဝေး မှာ ကြယ်ပွင့်ပြ မေးခွန်း ၂ ခု မေးမြန်းရာတွင် သျှမ်းပြည်နယ် လွှတ်တော်၏ ပယ်ချခြင်းခံခဲ့ရကြောင်း သိရသည်။

Leave a Comments

SHARE