သျှမ်းပြည်လွှတ်တော် ဆိုင်းဘုတ် သျှမ်းဘာသာဖြင့်ရေးသားရန် လွှတ်တော် လက်မခံ

သျှမ်းပြည် လွှတ်တော် ဆိုင်းဘုတ်ကို သျှမ်းဘာသာဖြင့်ထည့်သွင်းရေးသားရန် မေးမြန်းသည့် မေးခွန်းကို လွှတ်တော်က လက်မခံခဲ့ကြောင်း စုံစမ်းသိရသည်။

Photo by Nang Mya Htwe

ဒုတိယအကြိမ် သျှမ်းပြည်နယ် လွှတ်တော် (၁၉) ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ မိုင်းကိုင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ဦးစိုင်းလုံ မှ “တိုင်းရင်းသားများ၏ စာပေကို အလေးထားသောအားဖြင့် သျှမ်းပြည်နယ် လွှတ်တော် ဆိုင်းဘုတ်ကြီးတွင် သျှမ်းပြည်နယ်လွှတ်တော် ဟူသော စာတန်းကြီး အပြင် ၎င်း နှင့် အဓိပ္ပါယ်တူ သျှမ်းဘာသာကို သျှမ်းစာဖြင့် သင့်တော်သော နေရာတွင် ထည့်သွင်းရေးသားပေးရန်” အစီစဉ်ရှိ/မရှိ သိရှိလိုသည့် မေးခွန်းကို မေးမြန်းခွင့် မရခဲ့ကြောင်း စုံစမ်းသိရှိရသည်။

သျှမ်းပြည်နယ် လွှတ်တော်သည် သျှမ်းပြည်နယ် တစ်ခုလုံး၏ အထင်ကရ နေရာဖြစ်ပြီး သျှမ်းတိုင်းရင်းသား ဘာသာစာပေသည် သျှမ်းပြည်ကို ကိုယ်စားပြုခြင်း ဖြစ်ကြောင်း လွှတ်တော်အမတ် ဦးစိုင်းလုံ ကပြောသည်။

သျှမ်းလွှတ်တော် အဆောက်အဦးကို ၂၀၁၇ ခုနစ်တွင် စတင်တည်ဆောက်စဉ် ညှိနှိုင်း ၍ သျှမ်းပြည် အလံ သင်္ကေတ တခုဖြင့် သျှမ်းပြည်ကို ကိုယ်စားပြုပြီးဖြစ်ကြောင်း၊ နိုင်ငံတကာ ကို ကိုယ်စားပြုသော အင်္ဂလိပ်စာ နှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ၏ ရုံးသုံးစာ မြန်မာဘာသာဖြင့် လုံလောက်ကြောင်း သျှမ်းပြည် လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင် ၏ လက်မှတ်ဖြင့် ပြန်စာတွင်ရေးသားခဲ့သည်။

ထို့ပြင် သျှမ်းပြည် အတွင်း အခြား တိုင်းရင်းသားများစွာရှိသဖြင့် ၎င်းတို့၏ တိုင်းရင်းသားစာပါ ရေးသားရန် တင်ပြလာနိုင်ကြောင်းလည်း သျှမ်းပြည် လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင် ၏ မှတ်ချက်တွင်ရေးသားထားသည်။

“သျှမ်းပြည်နယ် လွှတ်တော်ဟာ သျှမ်းပြည်နယ် တစ်ခုလုံးအရေးကြီးတဲ့ အထင်ကရနေရာ ဖြစ်တယ်။ သျှမ်းစာလဲ တစ်လုံးမှ မရှိဘူး။သျှမ်းစာ ဆိုတာ ပြည်နယ် ရဲ့ ကိုယ်စားပြုစာလည်း ဖြစ်တယ်။ အဲ့ဒါကြောင့် သျှမ်းစာလေး ရေးပေးစေချင်တယ် သူများပြည်နယ် ဥပမာ မွန် ပြည်နယ် ဆိုရင် သူတို့ မွန်စာတွေ ရေးပေးတာ တွေ့ရတယ်။ သျှမ်းပြည်ကြတော့ မရေးဘူး” ဟု မိုင်းကိုင်မြို့နယ် လွှတ်တော်အမတ် ဦးစိုင်းလုံ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဒုတိယအကြိမ် သျှမ်းပြည်နယ် လွှတ်တော် (၁၉) ကြိမ်မြောက် အစည်းအဝေး မကျင်းပခင် မေးမြန်းလိုသည့် မေးခွန်းများကို ၁၀ရက် ကြိုတင်ထားရကြောင်း သိရသည်။

“တစ်နေ့ကျရင် ဒီသျှမ်းစာ ပါကိုပါရမယ်။ ဒါက အမှန်တရားမလို့ အမှန်တရားဆိုရင် ဘယ်တော့မှ ဖျောက်ဖျက်လို့မရဘူး” ဟု ဦးစိုင်းလုံ က ပြောသည်။

သျှမ်းပြည်နယ်တွင် တခြားပြည်နယ်များထက် တိုင်းရင်းသား ပေါင်းစုံ နေထိုင်ရာ ပြည်နယ် တစ်ခုဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်လည်း အများဆုံး ရှိသည့် ပြည်နယ် တစ်ခုဖြစ်သည်။

Leave a Comments

SHARE