Tuesday, April 30, 2024

ကျိုင်းတုံတွင် ကိုဗစ် စောင့်ကြည့်သံသယလူနာ ၄ဦးရှိ

Must read

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံပြည်သူ့ဆေးရုံမှာ ကိုဗစ် – ၁၉ စောင့်ကြည့် သံသယ လူနာ ၄ ဦး ရှိကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ကိုဗစ်-၁၉ စောင့်ကြည့် သံသယ လူနာ (၄)ဦးတွင် အမျိုသား (၃) ဦး နှင့် အမျိုးသမီး (၁) ဦးဖြစ်ပြီး ဖျားနာခြင်း၊ ချောင်းဆိုးခြင်းတို့ကြောင့် ဆေးရုံ တက်နေရခြင်းဖြစ်ကြောင်း ကျိုင်းတုံပြည်သူ့ဆေးရုံအုပ် ဆရာဝန်ကြီး ဒေါက်တာလှဌေးမင်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။

 

“ခု ဆေးရုံမှာ ကိုဗစ် – ၁၉ စောင့်ကြည့် လူနာ ၄ ဦး ရှိထားတယ်။ သူတို့ရဲ့ ဓါတ်ခွဲ နမူနာ တွေကို ပို့ထားပါပြီ” ဟု ဒေါက်တာလှဌေးမင်း က ပြောသည်။

ဆက်လက်ပြီး သျှမ်းပြည်တောင်ပိုင်း စဝ်စံထွန်း ဆေးရုံ နှင့် သျှမ်းပြည်မြောက်ပိုင်း လားရှိုး ပြည်သူ့ဆေးရုံတွေမှာတော့ ကိုဗစ် သံသယ လူနာ မရှိကြောင်း စုံစမ်း သိရှိရသည်။

“ခုလောလောဆယ် တော့ ကျနော်တို့ဆေးရုံမှာ သံသယ လူနာ မရှိသေးဘူး” ဟု လားရှိုးဆေးရုံအုပ် ဆရာဝန်ကြီး ဒေါက်တာဉာဏ်မြင့် သျှမ်းသံတော်ဆင့် ကိုပြောသည်။

ထို့ပြင် တောင်ကြီး စဝ်စံထွန်းဆေးရုံမှာ ကိုဗစ် – ၁၉ အတည်ပြု လူနာ ၂ ဦး မှ လွဲပြီး သံသယ လူနာ မရှိကြောင်း စဝ်စံထွန်းဆေးရုံအုပ် ဆရာဝန်ကြီး ဒေါက်တာ ဝေဝေမွန် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ကိုဗစ် – ၁၉ အတည်ပြု လူနာ ၂၆၃ ဦး ရှိပြီး ပြန်လည် သက်သာ လာသူ ၁၈၅ ဦး နှင့် သေဆုံးသူ ၆ ဦး ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သျှမ်းပြည်နယ်တွင် ကိုဗစ် အတည်ပြု လူနာ ၁၀ ဦး ရှိသည့် အနက် ၇ ဦး ဆေးရုံမှ ဆင်းခွင့်ရပြီး ကျန်သည့် အတည်ပြု လူနာ ၃ ဦးသည် သျှမ်းပြည်တောင်ပိုင်း စဝ်စံထွန်း ဆေးရုံမှာ ၂ ဦး နှင့် သျှမ်းပြည်မြောက်ပိုင်း မူဆယ် ပြည်သူ့ဆေးရုံမှာ ၁ ဦး တို့ ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

Leave a Comments

- Advertisement -spot_img

Latest article