Saturday, April 20, 2024

ကိုဗစ်ကာလ ရွေးကောက်ပွဲကျင်းပရင် ဘာတွေ ရင်ဆိုင်ကြုံတွေ့ရမလဲ

Must read

လာမည့် နိုဝင်ဘာလ မှာ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေကြပါတယ်။ ။ ထိုကျင်းပမယ့် ရွေးကောက်ပွဲက ကိုဗစ်-၁၉ တားဆီး ကာကွယ် ထိန်းချုပ် တဲ့ကာလ အတွင်း လည်းဖြစ်နေပါတယ်။

ဒါ့ကြောင့်၂၀၂၀ နိုဝင်ဘာလ မှာ ရွေးကောက်ပွဲ တကယ်ကျင်းပမယ်ဆိုရင် တိုင်းရင်းသားဒေသ အထူးသဖြင့် သျှမ်ပြည်မှာ ဘာတွေရင်ဆိုင်ရမလဲ။ ဘယ်လို အခက်အခဲစိန်ခေါ်မှုတွေကြုံတွေ့ရပြီး စည်းရုံးရေးဆင်းရင် ဘယ်လို ပြဿနာမျိုးကြုံလာနိုင်တယ်ဆိုတာ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD မှ  အထွေထွေအတွင်းရေးမှူး စိုင်းလိတ်ကို သျှမ်းသံတော်ဆင့် သတင်းထောက် နန်းဆိုင်ဖူး က ဆက်သွယ်မေးမြန်းထားပါတယ်။

သျှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD မှ  အထွေထွေအတွင်းရေးမှူး စိုင်းလိတ်

မေး – ၂၀၂၀ ရွေးကောက်ပွဲကို ဘယ်ချိန်မှာ ကျင်းပနိုင်မလဲရှင့်။ တစ်ဖက်ကလည်း ကိုဗစ် – ၁၉ ဖြစ်နေတော့ တကယ်လို့ ရွေးကောက်ပွဲ ကျင်းပရင် ဘယ်လို အခက်ခဲမျိုး ကြုံတွေ့နိုင်ပါသလဲရှင့်။

ဖြေ – ရွေးကောက်ပွဲကတော့ နိုဝင်ဘာ ထဲမှာပဲ ကျင်းပမယ်လို့ကတော့ UEC က ပြောရေးဆိုခွင့် ရှိသူ တစ်ယောက် ကပြောသွားတယ်။ ဒါပေမယ့် ဒီနေ့ ဒီချိန်ထိတော့ တရားဝင် ကြေငြာထားခြင်း မရှိသေးပါဘူး။

တကယ်လို့ နိုဝင်ဘာလထဲမှာ ကျင်းပဖြစ်မယ်ဆိုလို့ရှိရင် အဓိက ကြုံတွေ့ရမယ့် အခက်အခဲ ကတော့ နိုင်ငံရေးပါတီဘက်က စည်းရုံးရတာ ခက်ခဲပါလိမ့်မယ်။

လူစုလူဝေး ပုံစံမျိုးနဲ့ ဘယ်လို လုပ်မှာလဲ။ လူထု ရဲ့ ကျန်းမာရေးကို ဘယ်လို ကာကွယ်စောင့်ရှောက်ပေးနိုင်မလဲ။ လူထုကို မထိခိုက်စေဘဲ နဲ့ စည်းရုံးရေး ဆင်းရမယ့် အနေအထား အခင်းအကျင်း ကို ဘယ်လို လုပ်ရမယ်ဆိုတာ အခုထက်ထိ လမ်းညွှန်မှုကလည်း မရှိဘူး။ အဲ့အတွက် တော်တော်လေးကို အခက်ခဲ တွေ့ပါလိမ့်မယ်။

တဖက်ကလည်း မဲစာရင်းကို ဒီနေ့ထက်ထိ မကြေညာ သေးတဲ့အတွက်ကြောင့် မဲစာရင်း အကျ အပျောက်တွေ ရှိကောင်း ရှိမယ်။ အမှားအယွင်းတွေ ရှိကောင်း ရှိမယ်။

အဲ့ဒါကို အွန်လိုင်းကနေပဲ သိရမယ်ဆိုတဲ့ခါကျတော့ အွန်လိုင်းနဲ့ အဆက်အသွယ်မရှိတဲ့ အွန်လိုင်းနဲ့ ဆက်သွယ်ဖို့ ခက်ခဲတဲ့ လူထုတွေဘက်က ဒီအပေါ်မှာ အာရုံစူးစိုက်မှု နည်းပါးလိမ့်မယ်။

နောက် ကိုဗစ် ကာလမှာ ကျန်းမာရေးဆိုင်ရာ အခက်ခဲ ရှိသလို စီးပွားရေး ကဏ္ဍမှာလည်း စိတ်တိုင်းကျ မလုပ်ဆောင်နိုင်တဲ့ခါကျတော့ စားဝတ်နေရေးအတွက် အခက်အခဲ ဖြစ်မယ်။

အဲ့ဒါကြောင့်မလို့ ရွေးကောက်ပွဲကို ပိုပြီးတော့မှ အာရုံစူးစိုက်မှုကို အရင်ကထက် ပိုပြီး နည်းသွားနိုင်ပါတယ်။ မဲ ထည့် မယ့် ရာခိုင်နှုန်းလည်း နည်းသွားနိုင်တယ်လို့ မြင်ပါတယ်။ ဒါတွေက အခက်အခဲတွေပါ။

မေး – ကိုဗစ် -၁၉ ကာလမှာ တကယ်လို့ ရွေးကောက်ပွဲ လုပ်ဖြစ်ရင် SNLD အနေနဲ့ ရော ဘယ်လို စိန်ခေါ်မှုတွေ ရှိလာနိုင်မလဲရှင့်။

ဖြေ – အဓိက စိန်ခေါ်မှုကတော့ စည်းရုံးရေး ကာလကို အသေအချာ မသတ်မှတ်သေးခင်မှာ အာဏာရ ပါတီ အနေနဲ့က ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းတွေပဲ လုပ်လုပ်၊ အစိုးရ ရဲ့ စီမံကိန်းတွေ အကောင်အထည်ဖော်တယ်။ သူ့နေရာ ကျွဲကူးရေပါ တစ်ခါတည်း လုပ်သွားလို့ရတယ်။

တရားဝင် စည်းရုံးရေး မဟုတ်ပေမယ့်လို့ လူထုတစုအပေါ်မှာ တိမ်းညွှတ်အောင် တမျိုးမဟုတ် တမျိုး နဲ့ သူ့မှာ စည်းရုံးနိုင်မယ့် အနေအထား မျိုးရှိနေတယ်။

ကျနော်တို့ကျတော့ အဲ့လို အနေအထားမျိုးမရှိတဲ့အခါမှာ လက်ရှိ အာဏာရ ပါတီက ကျနော်တို့ထက်ကို သာသွားနိုင်တယ်။ ဒါက လက်တွေ့ကြုံတွေ့ရတာပါ။

မေး – လက်ရှိမှာ တခြား ပါတီတွေမှာ ကိုယ်စားလှယ်လောင်း လျှောက်လွှာတွေ တင်နေကြတာတွေ့ပါတယ်။ SNLD ပါတီ အနေနဲ့ရော လျှောက်လွှာတွေ တင်ဖို့ ခေါ်ယူနေပြီလားရှင့်။

ဖြေ – မလုပ်ရသေးပါဘူးခင်ဗျာ။ ကျနော်တို့ SNLD ပါတီကတော့ လွှတ်တော်ကိုယ်စားလှယ်လောင်း စီစစ်ရေးကော်မတီ မြို့နယ်က စတင်ဖွဲ့စည်း တဲ့ အဆင့်လောက်ပဲ ရှိပါသေးတယ်။

မြို့နယ် ကော်မတီ ဖွဲ့စည်းပြီးရင် ဌာနချုပ် ရုံးခွဲ ကော်မတီ ဖွဲ့မယ်။ ပြီးတော့မှ ဌာနချုပ်ကော်မတီပေါ့။ ကော်မတီ အဆင့် ၃ ဆင့် ဖွဲ့ထားဖို့ ရှိတယ်။

အခုမှ မြို့နယ်အဆင့်ကို စပြီး ဖွဲ့တဲ့ အဆင့်ပဲ ရှိသေးတယ်။ အဲ့ဒါတွေ အကုန်လုံး ဖွဲ့စည်းပြီးပြီဆိုတော့မှ လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်လွှာကို စပြီး ဖြန့်ဝေသွားမှာ ဖြစ်တယ်။

မေး – လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်တဲ့နေရာမှာ အရည်အချင်း သတ်မှတ်ထားတာရှိပါသလား။

ဖြေ – ၂၀၁၉ ခုနှစ် ဇွန်လ မြို့နယ်စုံ စည်းဝေး ဆုံးဖြတ်ချက်အရ EC အဆင့်ဆင့်ကို အမျိုးသမီး နဲ့ လူငယ် ၃၀ ရာခိုင်နှုန်း စီပါရမယ်ဆိုတဲ့ ပြဌာန်းချက် အဖြစ် ကျနော်တို့ ပြဌာန်းထားတာရှိတယ်။

ထိုနည်း လည်းကောင်းပဲ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်တဲ့ခါမှာလည်း အမျိုးသမီး နဲ့ လူငယ် အများဆုံး ပါဝင်နိုင်အောင် တတ်နိုင်လို့ရှိရင် ရာခိုင်နှုန်း ၃၀ အထိ ပါဝင်နိုင်အောင် ကျနော်တို့ ကြိုးပမ်းသွားမှာ ဖြစ်တယ်။ အဲ့ဒါကတော့ ထူးခြားချက် တစ်ခု လို့ ပြောလို့ရပါတယ်။

မေး – အရည်အချင်းတွေကိုရော ဘယ်လို ရှိရမှာလဲ။

ဖြေ – ကျနော်တို့ သတ်မှတ်ထားတာကတော့ အသက်အရွယ် ကြီးရင့်တဲ့သူ လူငယ်ကို ပိုပြီး ဦးစားပေးတယ်။ လူငယ်ပဲ ဖြစ်ဖြစ် လူကြီးပဲ ဖြစ်ဖြစ် ပြည်ထောင်စု အဆင့်မှာဆိုလို့ရှိရင် ဘွဲ့ရ ပညာတတ်ဖြစ်ရပါမယ်။

အနည်းဆုံး အဆင့် ဒီပလိုမာ တစ်ခုခု ရရှိထားရပါမယ်။ ပြည်နယ်လွှတ်တော်မှာ ဆိုလို့ရှိရင် အနည်းဆုံး အခြေခံပညာ အထက်တန်းအဆင့် ရှိရပါလိမ့်မယ်။ အဓိက ကျဆုံး ကတော့ လူထုထောက်ခံတဲ့ ရိုးသားကြိုးစားတဲ့သူ ဖြစ်ရမယ်။ ဒီအချက်လက်တွေကတော့ နည်းနည်း ထပ်ဖြည့်ထားတဲ့ အချက်တွေပါ။ သိပ်ပြီးတေ့ာ အထွေအထူးတော့ မဟုတ်ပါဘူး။

မေး – မြန်မာပြည်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲက တတိယအကြိမ်ဆိုတော့ SNLD အနေနဲ့ ဘယ်နှစ်နေရာ ဝင်ပြိုင်ဖို့ ပြင်ဆင်ထားပါသလဲ။

ဖြေ – ပြင်ဆင်ထားပြီးသားတော့ မရှိပါဘူးခင်ဗျာ။ ရည်ရွယ်ထားတာကတော့ အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ် နေရာ ၁၅၀ ဝန်းကျင် ရှိပါလိမ့်မယ်။ နည်းနည်း ပိုရင်လည်း ပိုပါလိမ့်မယ်။ နည်းနည်း လျော့ရင်လည်း လျော့မှာပေါ့နော်။ ၁၅၀ ပတ်ချာလည် မှာပါ။ ဝင်ပြိုင်မယ့် နေရာကတော့ သျှမ်းပြည်နယ် တစ်ခုလုံးရယ် ၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်း ဒါတွေပဲ ရှိမှာပါ။

ကယားပြည်နယ် နည်းနည်းတိုးရင် တိုးလာမှာပါ။ ဒါလည်းပဲ ကျနော်တို့ မိတ်ဆွေပါတီ UNA အဖွဲ့ဝင် ကယားပြည်နယ် အခြေစိုက်တဲ့ UNA အဖွဲ့ဝင် ပါတီ ကနေ ညှိနှိုင်းပြီး ဆောင်ရွက် သွားဖို့ ရှိပါတယ်။ သူတို့ သဘောတူတယ် လက်ခံတယ် ဆိုလို့ရှိရင် ကယားပြည်မှာ နည်းနည်းပါးပါး တိုးလာတာရှိမယ်။

မေး – ရွေးကောက်ပွဲ အတွေ့အကြုံက ၂ ကြိမ် ရှိပြီဆိုတော့ လာမယ့် ရွေးကောက်ပွဲကို ဘယ်လို ပြင်ဆင်သွားဖို့ ရှိပါသလဲ။

ဖြေ – အဓိကကတော့ လူထုတွေရဲ့ လိုအပ်ချက် အခက်အခဲတွေကို လက်တွေ့ကျကျ ဘယ်လိုဖော်ဆောင်ပေးနိုင်မလဲဆိုတာ ကျနော်တို့ ချဉ်းကပ်ပြီးတော့မှ ဖြေးဖြေးချင်း သွားရမှာဖြစ်ပါတယ်။

လူထုရဲ့အဓိက လိုအပ်ချက်ဆိုတဲ့ နေရာမှာ စားဝတ်နေရေး ဒေသဖွံ့ဖြိုးရေး ဆိုတာထက်ကို ရေရှည် ကျနောတို့ရဲ့ အမျိုးသားရေးအတွက် အာမခံချက်ရှိတဲ့ ကတိကဝတ်မျိုးပါ။

အာမခံချက်ပေးနိုင်တဲ့ ကတိကဝတ်မျိုး ကျနော်တို့ အမျိုးသားရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အချက်တွေကို လောင်းပေးရုံ၊က ပြီးတော့မှ စည်းရုံးသွားဖို့ပဲ ရှိပါတယ်။ ဒါကတော့ စည်းရုံးတယ်ဆိုတာထက်ကို လူထုကို တင်ပြဖို့ ဖြစ်တယ်။

လူထုအနေနဲ့လည်း ဒါတွေဟာ မရှိမဖြစ် လိုအပ်တယ်ဆိုတာကို သဘောပေါက် နားလည်မယ်ဆိုလို့ရှိရင် ကျနော်တို့အတွက် အင်အားဖြစ်လာလိမ့်မယ်လို့ ဒီအတိုင်းပဲ ယုံကြည်ထားပါတယ်။ ယုံကြည်တဲ့အတိုင်း ဆက်ပြီး လုပ်သွားဖို့ပဲ ရှိပါတယ်ခင်ဗျာ။

မေး – လက်ရှိ လွှတ်တော်ထဲ ရောက်နေတဲ့ SNLD ရဲ့ လွှတ်တော်အမတ်တွေကိုရော အားရ ကျေနပ်မှု ရှိပါသလား။ ဒီလာမည့် လွှတ်တော်အမတ်တွေကိုရော ဘယ်လိုမျှော်မှန်းထားပါသလဲ။

ဖြေ – ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက လွှတ်တော်ကိုယ်စားလှယ် ကတိုက်ကရိုက်ရွေးရတာမျိုးှရှိတယ်။ အဲ့ဒါကျတော့ အသက်အရွယ် ကန့်သတ်ချက်အားဖြင့်လည်းကောင်း ပညာရည်ချင်း ကန့်သတ်အားဖြင့် လည်းကောင်း စံမမှီတဲ့ အနေအထားမျိုး တွေ နည်းနည်းပါးပါး ရှိခဲ့တယ်။

အဲ့ဒါကြောင့်မလို့ လွှတ်တော် ထဲမှာ သိပ်ပြီးတော့မှ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နိုင်စွမ်း မရှိတာတွေ အနည်းအကျဉ်းတွေ့ရပါတယ်။

အဲ့လိုမျိုးတွေကိုတော့ ကျနော်တို့ ရှောင်ကျဉ်သွားကြဖို့ အထူးသတိထားနေပါတယ်။

မေး – လွှတ်တော် သက်တမ်း နှစ်ရပ်မှာ သျှမ်းပြည်အတွက် ဘာတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ ထင်ပါသလဲ။ သျှမ်းပြည်ကိုရော ဘယ်လိုပုံစံမျိုးနဲ့ ဖွဲ့စည်း လုပ်ဆောင်သွားဖို့ လိုအပ်ပါသလဲ။

ဖြေ – သျှမ်းပြည်နယ် လွှတ်တော်မှာ ကျနော်တို့ ပါတီ အနေနဲ့ အဓိက ထားပြီး လုပ်ဆောင်ပေးခဲ့တာတော့ ဥပမာ ဥပဒေကြမ်း တင်တာပေါ့နော်။ အရင်တုန်းက ပြီးခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၅ မှာ သျှမ်းကိုယ်စားပြုတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ဥပဒေကြမ်း တစ်ခုမှ တင်လာနိုင်တယ် တင်ခဲ့နိုင်တယ်လို့ ကျနော်တို့ မကြားဖူးဘူး။

၂၀၁၅ – ၂၀၂၀ ကြားမှာ SNLD ပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တွေက ဥပဒေကြမ်း ၂ ခု ၃ ခု တင်နိုင်ခဲ့တယ်။ သျှမ်းပြည် လျှပ်စစ် ဥပဒေ၊ ကြက်မွေးမြူရေး ဥပဒေ၊ ရေထွက် နဲ့ သစ်တော ထိန်းသိမ်းရေး ဆိုင်ရာ ဥပဒေ တွေပါ။

ဒါတွေ တင်နိုင်ခဲ့တဲ့ အပြင် တခြား ပြင်သင့် ပြင်ထိုက်တဲ့ ဥပဒေဖြစ်တဲ့ စည်ပင် အခေါ်ဆိုင်ရာ နောက် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ စတဲ့ ဥပဒေတွေလည်းပဲ ပြင်နိုင်ခဲ့ပါတယ်။ အထိုက်အလျောက်အားဖြင့်တော့ ကျနော်တို့ တတ်နိုင်တဲ့ ဘက်က လုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။

မေး – သျှမ်းပြည် လွှတ်တော် သက်တမ်းက ၃ ကြိမ်လောက်ပဲ ကျန်တော့တယ် အဲ့ဒီအပေါ်မှာကော SNLD အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ – SNLD ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တွေက ဘတ်ဂျတ် စိစစ်ရေး အပိုင်းမှာ အတွင်းရေးမှူး တာဝန် မှာ ထမ်းဆောင်နေတဲ့လူတွေ ရှိပါတယ်။ အဲ့ခါမှာ ဘတ်ဂျတ်တွေကို အတတ်နိုင်ဆုံး အလေအလွှင့် မရှိအောင် ပေးသင့်တဲ့နေရာ မပေးဘဲနဲ့ ပေးသင့်နေရာတွေ ပေးအောင်ဆိုပြီးတော့မှ စွမ်းဆောင်နိုင်တဲ့ အပိုင်းတွေ ရှိတယ်။

ကျန်ရှိတဲ့ လွှတ်တော်သက်တမ်းမှာလည်းပဲ ဘတ်ဂျတ် စိစစ်မှု ပိုပြီးတော့မှ မျှတမှု ရှိအောင် ဆက်လက် ထိန်းကြောင်းသွားဖို့ ဒါကို အဓိက ထားပြီး လုပ်ဆောင်သွားဖို့ ရှိပါတယ်။ အဓိက ဘတ်ဂျတ် ကိစ္စကို ထပ်မံပြီးတော့မှ မျှတအောင်၊ စီးဆင်းဖို့ မှန်ကန်အောင် ထပ်ပြီးတော့မှ လုပ်သွားဖို့ ရှိပါတယ်။

မေး – သျှမ်းပြည်မှာဆိုရင် သတ္တုတူးတာတွေ ရှိတယ်။ ပါတီအနေနဲ့ကော ဘယ်လို ဆောင်ရွက်ပေးသွားဖို့ ရှိပါသလဲ။

ဖြေ – သတ္တုတူးဖော်ရေး နဲ့ ပတ်သက်ပြီးတော့မှ အစဉ်တစိုက် ကျနော်တို့ ပွင့်လင်းမြင်သာမှုရှိဖို့ တရားမျှတမှု ရှိဖု့ိ လူထုရဲ့ သဘောထားကို ရယူဖို့ ပတ်ဝန်းကျင် ထိခိုက်မှု မရှိအောင် တာဝန်ယူမှု တာဝန်ခံမှု ရှိဖို့ အချက်အလက်ကို အမြဲတစေ တိုက်တွန်းခဲ့သလို မလုပ်တဲ့ အဖွဲ့အစည်း မလုပ်တဲ့ ကုမ္ပဏီ ကိုလည်းပဲ အရေးယူဖို့ ဆိုတဲ့ဟာ ကျနော်တို့ အခြေခံမူကို ချထားပြီးသား ဖြစ်တယ်။

ကျနော်တို့ လက်ရှိရေးဆွဲနေတဲ့ မူဝါဒ တွေထဲမှာလည်း ( ကျားခေါင်း) ရဲ့ မူဝါဒတွေပေါ့နော် အတိအလင်း ရေးဆွဲထားပြီး ဖြစ်တယ်။

လူထုဘက်က ရပ်တည် ပြီးတော့မှ လူထု ကိုယ်တိုင်က အကျိုးမရှိတဲ့ သတ္တုတူးဖော်တာမျိုး သစ်တော ဖျက်ဆီးတာမျိုး ကျနော်တို့ လုံးဝကို ကန့်ကွက်မယ်။ လုံးဝ ကိုဆန့်ကျင်မယ်။ အားပေးမှာ မဟုတ်ဘူး။ အဓိက ကတော့လူထုကို ဦးတည်တဲ့ အကျိုးပြုတဲ့ လုပ်ငန်းမျိုးကိုသာ လုပ်ဆောင်သွားရအောင် ကျနော်တို့ ကြိုးပမ်းမှာ ဖြစ်ပါတယ်။

မေး – SNLD အနေနဲ့ လွှတ်တော်မှာ ဖွဲ့စည်းပုံ ပြင်ဖို့၊ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ဖို့ ဝင်ရောက်လာတဲ့အပေါ် ဒီမျှော်လင့်ချက်တွေကရော တကယ် ရနေပြီလား။ ဘယ်လောက် ရာခိုင်နှုန်း ရနေပြီလဲ။

ဖြေ – ဖွဲ့စည်းပုံ ပြင်ဆင်ရေးလို့ပြောရင် အင်မတန် ကျယ်ပြန့်ပါတယ်။ ပြည်ထောင်စု လွှတ်တော်မှာ ဥပဒေကြမ်း တခု တင်နိုင်ဖို့ လွတ်တော်ကိုယ်စားလှယ် ရဲ့ ၂၀ ရာခိုင်နှုန်း က သဘောတူ လက်မှတ်ရေးထိုး တင်သွင်းရပါမယ်။

၂၀ ရာခိုင်နှုန်းဆိုတာ လူ ၆၆၀ ကျော်မှာ ကျနော်တို့ ၂၀ ရာခိုင်နှုန်းဆိုတာကတော့ အနည်းဆုံး ကျနော်တို့ ၁၀၀ ရှိရမယ့် အနေအထားဆိုတော့ သျှမ်းပြည်မှာ မြို့နယ်ပေါင်း ၅၅ မြို့နယ်မှာ မဲပေးပိုင်ခွင့်က ၅၀ ပဲ ရှိပါတယ်။

ကျနော်တို့ မြို့နယ် ၅၀ လုံး နိုင်တယ်ဆိုရင်တောင်မှ အမျိုးသား လွှတ်တော် အကုန်ပေါင်းရင်တောင်မှ ကျနော်တို့ ဥပဒေကြမ်းတခုကို တင်ဖို့ အလားအလာ မရှိသေးပါဘူး။

သျှမ်းပြည်နယ်မှာ ရှိတဲ့ ကျနော်တို့ ပါတီတွေ မကဘူး။ အခြားခြားသော ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားတွေ လည်း အနိုင်ရဖို့ လိုအပ်ပါတယ်။

ဒီအနိုင်ရတဲ့ တိုင်းရင်းသားတွေ အားလုံးဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို လိုအပ်တဲ့ စစ်မှန်တဲ့ လုပ်ဆောင်ချင်တဲ့ စစ်မှန်တဲ့ နိုင်ငံရေးပါတီ ဖြစ်ဖို့လည်း လိုအပ်ပါတယ်။

အဲ့ဒါတွေ အကုန်လုံး မစုပေါင်းနိုင်သေးသမျှ ကျနော်တို့ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့က အင်မတန်ကို အလှမ်းဝေး နေအုံးမှာ ဖြစ်တယ်။

ဒါမယ့် အဲ့လိုပြောလိုက်ခြင်းက ဖွဲ့စည်းပုံကို မလုပ်တော့ဘူးလား မလုပ်နိုင်ဘူးလား လို့ ပြောတာမဟုတ်ဘူး လုပ်ကို လုပ်မယ်။ မလုပ်နိုင်သေးတာပဲ ရှိတယ်။ လုပ်နိုင်တဲ့အနေအထားရောက်အောင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီတစ်ခုတည်း မဟုတ်ဘဲ နဲ့ အခြားအခြားသော တိုင်းရင်းသား နိုင်ငံရေးပါတီများအားလုံးကလည်း ဒီအပေါ်မှာ အာရုံစူးစိုက်ပြီး ဝိုင်းလုပ်ကြမယ်ဆိုရင် တစ်နေ့တော့ အောင်မြင်မှာဖြစ်တယ်။ အဲ့ဒါကြောင့်မလို့ ဆက်လက်ကြိုးပမ်းဖို့ပဲ ရှိပါတယ်။

မေး – သျှမ်းပြည်သူတွေကို လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဘာများ ထပ်ပြောချင်ပါသလဲ။

ဖြေ – အဓိက ပြောချင်တာ တစ်ချက်ကတော့ ကျနော်တို့ရဲ့မွေးရာပါ အခွင့်အရေးဖြစ်တဲ့ တန်းတူညီမျှခွင့် နဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် ဆိုတဲ့ ဥစ္စာကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ မထည့်သွင်းနိုင်သမျှ ကျနော်တို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်က ပြီးပြည့်စုံမှာ မဟုတ်ဘူး။

အဲ့ဒါတွေ မဖြစ်မချင်း ကျနော်တို့တော့ ဆက်တိုက် ဆက်တိုက် ကြိုးပမ်းသွားမှာ ဖြစ်တယ်။ ကျနော်တို့ ဘယ်လောက် ကြိုးပမ်း လူထုက ကျနော်တို့ မဲပေးရွေးချယ် တာဝန်ပေးအပ်မှသာ ကျနော်တို့ ဆောင်ရွက်နိုင်မယ်။ အဲ့ဒီ ဥစ္စာဟာ လူတကိုယ်စာ ရဲ့ အကျိုးမဟုတ်ဘူး လူတစ်စု ရဲ့ အကျိုးမဟုတ်ဘူး ပါတီ ရဲ့ အကျိုးမဟုတ်ဘူး။ ကျနော်တို့ သျှမ်းပြည်သူ ပြည်သား အားလုံးရဲ့ အကျိုးဖြစ်တဲ့အကြောင်း အဲ့ကြောင့်မလို့ ရေရှည်ကို မျှော်မှန်း ပြီးတော့မှ ကျားခေါင်းဆိုတဲ့ SNLD ပါတီကို မဲပေးကြပါ ဆိုတာပဲ ပြောချင်ပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article