Friday, June 14, 2024

မြန်မာ-တရုတ်နယ်စပ်ရှိ ရွှေလီမြစ် အရောင်ပြောင်း ဒေသခံများစိုးရိမ်

Must read

မြန်မာ-တရုတ်နယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့ ရှိ ရွှေလီမြစ်ရေသည့် အနီ ရောင်သို့ပြောင်းလဲလာမှုကြောင့် ဒေသခံများစိုးရိမ်ထိတ်လန့်နေကြကြောင်း စုံစမ်းသိရသည်။

Photo by မူဆယ်ဒေသခံ

အဆိုပါ ရေပြောင်းလဲမှုသည် တရုတ်နိုင်ငံ အတွင်းရှိ စက်ရုံများမှ ထွက်လာသည့် စွန့်ပစ် ညစ်ညမ်းရေကြောင့် ဖြစ်နိုင်သည်ဟုလည်း မူဆယ်ဒေသခံများက ပြောဆိုကြသည်။

“ တရုတ်ပြည်မှာ ရှိတဲ့ စက်ရုံ တခုခုက ရေဆိုးတွေ စွန့်သလားပေါ့။ ရွှေလီမြစ်ရေ အရောင်ပြောင်းတာကို ကျနော်တို့ ရွှေလီမှာ ရှိတဲ့ ပြည်ပရေးရာ ဌာနကို ကန့်ကွက်စာတင်ထားတယ်။ စစ်ဆေးနေတုန်းပါ” ဟု မူဆယ်မြို့ နယ် အမှတ်( ၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းကျော်သိန်း က သျှမ်းသံတော်ဆင့်ကိုပြောသည်။

ရွှေလီမြစ်ရေ  သည် ဇွန် ၁၀ ရက်ကစပြီး ရေနှောက်ကျိလာသည်ကို မူဆယ်ဒေသခံများက သတိပြုမိကြကြောင်း သိရသည်။

Photo by မူဆယ်ဒေသခံ

၄င်းနှင့်ပတ်သက်ပြီး စိုင်းကျော်သိန်း က “ ကျနော်တို့ ရေနမူနာကို ယူပြီးတော့ ဓာတ်ခွဲစမ်းသပ်ဖို့ မနေ့ကတည်းက လုပ်ပါတယ်။ မန္တလေးကို ပို့ထားတယ်” ဟု ဆိုသည်။

ရွှေလီမြစ် အထက်ပိုင်း တရုတ်နိုင်ငံထဲတွင် သကြားစက်ရုံ၊ စက္ကူစက်ရုံ၊ သား၊ငါး စည်သွတ်စက်ရုံ တို့အပြင် ရေကာတာ များလည်း ရှိနေပါသည် ။

“ ကျနော်တို့ တခါမှ ဒီလို ရေနှောက် ရေညှစ်တွေဖြစ်တာ မကြုံဖူးဘူး။ ဒါပထမဆုံးပဲ။ တရုတ်ပြည်ဘက်က ဘာလုပ်လိုက်လဲမသိဘူး” ဟု မူဆယ်မြို့ ရွှေလီမြစ်ဘေးရှိ တော်ရွက်ရပ်ကွက်မှ စိုင်းအေး က ပြောသည်။

ရွှေလီမြစ်ကို မှီတင်းနေထိုင်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ် ဒေသခံများသည် မြစ်ရေ ညှစ်ထေးမှုကြောင့် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ခဲ့ကြသည်။

“ ရွှေလီမြစ်ရေ နီတဲ့အကြောင်း ကျနော်တို့စုံစမ်းသင့်တယ်။ မြစ်ဘေးမှာ အလုပ်လုပ်တဲ့သူတွေ အတွက် တော့ ထိခိုက်မှုတွေဖြစ်လာနိုင်တယ်” ဟု နမ့်ခမ်းဒေသခံတဦးကပြောသည်။

မြန်မာ-တရုတ်နယ်စပ် တလျှောက်သစ်တောများဖြုန်းတီးမှု ကြောင့်လည်း ဖြစ်နိုင်သကဲ့သို့ တရုတ်နိုင်ငံ စက်ရုံများမှ ဓာတုပစ္စည်းများ အလွန်အကျွံသုံးပြီး စွန့်ပစ်သည့် ညစ်ညမ်းမှုလည်းဖြစ်နိုင်ကြောင်း မူဆယ်မြို့ခံများ ၀ေဖန်နေကြသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အနေဖြင့် အမြန်ဆုံး စုံစမ်းပြီး ဖြေရှင်းရန် လိုအပ်ကြောင်းလည်း မူဆယ် ဒေသခံ များက ပြောဆိုလိုက်သည်။

Leave a Comments

- Advertisement -spot_img

Latest article