သျှမ်းပြည်တောင်ပိုင်း ရလခတိုင်းစိုက်ရာ ခိုလမ်မြို့နယ် အတွင်း ကျွန်းသစ် တင်ဆောင်သည့် မော်တော်ယာဉ် ၁၃ စီး အားဖမ်းဆီးမိရာ တရားခံ တဦးတည်းသာ ဖမ်းဆီးရမိကြောင်း စုံစမ်းသိရသည်။

ဇွန် ၁ ရက် နေ့လည် ၁၁ နာရီက ခိုလမ်မြို့နယ်ခွဲအတွင်း ခိုလမ်- ကွန်ဟိန်း ပြည်ထောင်စုလမ်းမကြီးပေါ် တွင် ရပ်တန့်ထားသည့် စူပါကာစတန် အမျိုးအစား ယာဉ်ငယ် ၁၃ စီးကို အာဏာပိုင်များ စစ်ဆေးရာ ကျွန်းခွဲသားပေါင်း (၈၃၇)ချောင်း (၁၅)တန် ကို ဖမ်းဆီးရမိခဲ့သော်လည်း ထိုကား ၁၃ စီးတွင် ကားသမား တဦးသာ ဖမ်းဆီးရမိကြောင်း ကျန်ကားသမား ၁၂ ဦး မှာ ထွက်ပြေးလွှတ်မြောက်နေကြောင်း လွိုင်လင်မြို့ နယ် သစ်တော ဦးစီးအရာရှိ ဦးပြည့်ဟိန်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။
“ယာဉ် ၁၃ စီးမှာ တစ်စီး က တရားခံ မိတယ်။ ၁၂ စီးက ပိုင်ရှင် မတွေ့ရှိရပဲ ဖမ်းဆီး ရမိတယ်” ဟု လွိုင်လင်မြို့နယ် သစ်တော ဦးစီးအရာရှိ ဦးပြည့်ဟိန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

တရားခံကို ဆက်လက်ရှာဖွေနေပြီး၊ လက်ရှိ ဖမ်းဆီးရမိသူကို ခိုလမ်ရဲစခန်းတွင် သစ်တော ဥပဒေ ပုဒ်မ (၄၃) (က) နှင့် အမှုဖွင့်ထားကြောင်း ဦးပြည့်ဟိန်း က ဆိုသည်။
ထိုနည်းတူ သျှမ်းပြည် တောင်ပိုင်း ကျိုင်းတောင်း မြို့နယ် တွင် ဇွန် ၂ ရက် မနက် ၁၁နာရီ ၌ တရားမဝင် ပိတောက်သစ်ခွဲသားဆိုဒ်စုံ ၁၀ တန် နှင့် ကျွန်းသစ်ခွဲသားဆိုဒ် စုံ ၂၀ တန် တို့ကိုတင်ဆောင်လာသည့် လိုင်စင်မဲ့ ယာဉ် ၅ စီး ကို ဖမ်းဆီးရမိကြောင်းသိရသည်။
ပြီးခဲ့သည့် မေ နောက်ဆုံး ပတ်ကလည်း လွိုင်လင်မြို့နယ်တွင် သစ်တံခါး ၉ ရွက် ကို အရေးပေါ် ကားဖြင့် တင်ဆောင်လာသည့် ဆရာဝန် တစ်ဦးကို ဖမ်းဆီးရမိကြောင်းသိရသည်။












Leave a Comments