ကိုဗစ်နှင့် ပိုးသတ်ဆေးကြား သျှမ်းရွှေ့ပြောင်းများ အနာဂတ် ဝိုးတဝါး

0

စိမ်းစို အုံ့ဆိုင်းနေသည့် တောတောင်ကြား စူးရှ ပြင်းထန်တဲ့ အနံ့အသက်များက ထိုးထွက်လာသည်။

လိမ္မော်ခြံခူးနေသည့် ရွှေ့ပြောင်းအလုပ်သမားပုံ (ဓာတ်ပုံ SHAN)

စူးရှပြင်းထန်တဲ့ အနံ့ ကို တကြိမ်တခါမျှ မရင်းနှီးသည့် သူတယောက် အနေဖြင့် ခေါင်းမူးခြင်း၊ အော့အန်ခြင်းကို ဖြစ်စေနိုင်သည့် ပိုးသတ်ဆေးအနံ့ပါ။

ထိုအနံ့တွေနှင့် အတူ နေ့စဉ် လှုပ်ရှားနေရသည့် သူများသည် ထိုင်းရောက် သျှမ်းပြည် ရွှေ့ပြောင်းအလုပ်သမားများဖြစ်သည်။

ထိုနေရာလေးက ထိုင်းနိုင်ငံ ချင်းမိုင် ခရိုင် ဖှန် (Fang) မြို့နယ် ဖြစ်ပြီး၊ ထိုဒေသ က နိုင်ငံတကာကို တင်ပို့နေသည့် သီးနှံကို စိုက်ပျိုးသော အဓိက နေရာ တခုလည်း ဖြစ်သည်။

ကိုဗစ် ကာလ ကြောင့် နိုင်ငံတကာ ဈေးကွက်များ၊ နိုင်ငံတကာ လေကြောင်းလိုင်းများ ပိတ်ဆိုင်းလိုက်ရသည့်အတွက် ထိုဒေသ က ထွက် ရာသီ သီးနှံလည်း ဈေးကွက် ပျက်ခဲ့သည့် နေရာ တခုလည်း ဖြစ်သည်။

ထို့ကြောင့် ၎င်းစိုက်ပျိုးရေးတွင် အလုပ်လုပ်ကိုင်ကြသည့် မြန်မာပြည်ရွှေ့ပြောင်းအလုပ်သမားများသည် စိုက်ပျိုးရေးကို လွန်ခဲ့သည့် နှစ်ထက် လျော့ကာ လုပ်ဆောင်နေရသဖြင့် ဝင်ငွေတွေလျော့လာပြီး ငွေချေးငှား စားသောက်နေရသော အဆင့် ဖြစ်နေတာကို ကြားရ သိခဲ့ရသည်။

“ ပြီးခဲ့တဲ့ ဧပြီလ ထဲမှာ အလုပ် ၂ရက်ပဲလုပ်ရတယ်။ တရက်ကို ဘတ် ၁၇၀ (မြန်မာကျပ် ၈၀၀၀ ) ဝန်းကျင်ရပါတယ်” ဟု ထိုင်းနိုင်ငံ ဖှန်မြို့ရောက် ကျေးသီးမြို့သူ နန်းထား က ပြောပြသည်။


လိမ္မော်ခြံထဲတွင် အလုပ်လုပ်သည့် ရွှေ့ပြောင်းအလုပ်သမားပုံ (ဓာတ်ပုံ SHAN)

ရွှေ့ပြောင်းအလုပ်သမားများသည် စိုက်ပျိုးရေးခြံထဲတွင် တလ ဘတ် ၂၀၀၀ ဖြင့် သူဌေးထံငှားရမ်းနေထိုင်ကြပြီး၊ လက်ရှိမှာ အလုပ်လုပ်ရသည့်ရက်လျော့လာသဖြင့် သူဌေးထံ ဆန်ချေးစားနေရကြောင်း နန်းထား က လက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲကို ပြောပြနေသည်။

“ ကျမ မှာက သမီး ၂ယောက်ရှိတယ်။ အဓိက ဆန်လိုတယ်။ ဟင်းရွက်ကတော့ တောထဲ သွားရှာစားတယ်” လို့ နန်းထား က ထပ်လောင်းပြောသည်။

ဖှန်မြို့နယ် အတွင်း အလုပ်လုပ်နေသူများသည် သျှမ်းပြည်နယ် ဒေသ အစုံ မှ လာရောက်ကြ သူများ ဖြစ်ကြပြီး၊ အများစု က သျှမ်းပြည်တောင်ပိုင်း ကျေးသီး၊ မိုင်းနောင်၊ လဲချား၊ လင်းခေး၊ မိုင်းကိုင် ၊မိုင်းရှူးဘက်က သျှမ်းလူမျိုးများ နှင့် တအာင်း (ပလောင်) လူမျိုးများ ဖြစ်ကြသည်။

“ ကျနော်တို့ တွေကတော့ နေ့တိုင်းမလုပ်ရပေမယ့် မိန်းကလေးတွေထက်တော့ အလုပ်လုပ်ရတယ်။ အရင်ကထက်စာရင်တော့ ရက်တွေ လျော့ခံရတယ်” ဟု သျှမ်းပြည်တောင်ပိုင်း လင်းခေး ဘက်မှ လာရောက် အလုပ်လုပ်သည့် စိုင်းလှမောင် က ပြောသည်။

စိုက်ပျိုးရေးခြံထဲတွင် အမျိုးသားအများစုသည် သီးနှံပိုးသတ်ဆေးဖြန်သည့် အလုပ်လုပ်ရပြီး၊ တရက်လျှင် လုပ်အားခ ဘတ် ၂၀၀ ရရှိပြီး အမျိုးသမီးများသည် ဘတ် ၁၇၀ သာ ရရှိကြသည်။

လိမ္မော်သီးများ အလုံးလှ၊ အရသာကောင်းမွန်ရန် အတွက် ဆေးရည်များထည့်သည့် ဗူးခွံ (ဓာတ်ပုံ SHAN)

“ ရှေ့လ (ဧပြီလ)ကတော့ ခြံထဲကနေ အပြင်ပေးမထွက်ဘူး။ ရောဂါရှိတယ်လို့ပဲ ပြောတယ်။ ကျန်းမာရေးလာစစ်ပေးတာတော့ မရှိဘူး” ဟု စိုင်းလှမောင် က ပြောပြသည်။

လက်ရှိ ကမ္ဘာတဝှမ်း ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး ထို ရွှေ့ပြောင်းအလုပ်သမားများသည် သိရှိနားလည်ခြင်းမရှိသလို ကိုဗစ်-၁၉ အတွက်မည်ကဲ့သို့ပြုမူနေထိုင်ရမည်ကိုလည်း မသိရှိကြပေ။

“ ရောဂါ တွေဖြစ်နေတယ်လို့ဘဲသိတယ်။ ဒါပေမယ့် ဘယ်လို ကူးတယ်။ ဘယ်လိုနေရမယ်ဆိုတာတော့မသိဘူး။ ကျနော်တို့လည်း အပြင် မသွားကြဘူး။ ဒီခြံထဲမှာပဲနေကြတယ်လေ” ဟု စိုင်းလှမောင် က ဆိုသည်။

ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းလာရောက် အလုပ်လုပ်ကြသည့် သျှမ်းပြည်သားများသည် များသောအားဖြင့် မိသားစုလိုက် ပြောင်းလာကြပြီး၊ ဒုက္ခမျိုးစုံရင်ဆိုင်နေကြရသည်။

ထိုင်းနိုင်ငံတွင် လာရောက် အလုပ်လုပ်သည့် အတွက် အဓိကအားဖြင့် ထိုင်းနိုင်ငံ အတွင်း နေထိုင်ခွင့် အလုပ်သမားဗီဇာ ပြုလုပ်ရခြင်း၊ လိုက်ပါလာသည့် ကလေးငယ်များအတွက် ရှေ့ရေး ပူဆွေးနေရခြင်း တို့ ဖြင့် ရင်ဆိုင်ရကြောင်း ရွှေ့ပြောင်းအလုပ်သမားများက ပြောသည်။

“ ကိုယ့်နိုင်ငံမှာ အလုပ်မရှိတာထက်စာရင်တော့ ဒီမှာ က အလုပ်လုပ်ရ ဝင်ငွေနည်းနည်းရှိသေးတယ်။ ဒီကိုဗစ်ကတော့ ဝင်ငွေ မရှိပေမယ့် သူဌေး ဆီကနေ ချေးငှားပေါ့။နောက် အလုပ်လုပ်ရရင် ပြန်ဆပ်ရမယ်” ဟု သျှမ်းဘာသာစကားဖြင့် နန်းထွေး က ပြောသည်။

ရွှေ့ပြောင်းအလုပ်သမား မိသားစုသည် စိုက်ပျိုးရေးခြံထဲတွင် စုပေါင်းနေထိုင်ရသဖြင့် သီးနှံပင်များကို ပိုးသတ်ဆေးဖြန်းသည့် အခါ အနံ့ဆိုးများခံနေရပြီး တချို့ ရွှေ့ပြောင်းအလုပ်သမားများသည် ပိုးသတ်ဆေးရည် ဖျော်စပ်သည့် ရေကန် အနီးတွင် နေထိုင်ကြရသည်။

ပိုးသတ်ဆေးကန် ကပ်ရပ်တွင်နေထိုင်ရသည့် ရွှေ့ပြောင်းအလုပ်သမားများအိမ် ပုံ (ဓာတ်ပုံ SHAN)

“သီးနှံကို ဖြန်းဖို့ ပိုးသတ်ဆေး လာစပ်တဲ့အခါတော့ အရမ်းနံတယ်။ ဘယ်တတ်နိုင်မှာလဲ အလုပ်ဆိုတော့လည်း နေရမှာပဲလေ” ဟု အသက် ၅၀ ကျော် တအာင်း အမျိုးသမီးက ပြောသည်။

စိုက်ပျိုးရေးခြံထဲတွင် ဆေးဖြန်းသည့် အမျိုးသား များကို ကြည့်လိုက်ပါက နှားခေါင်းအုပ်ခြင်း၊ လုံခြုံသည့် အဝတ်အစားများဝတ်ဆင်ခြင်းနှင့် လက်အိတ်ဝတ်ဆင်ခြင်းတို့မရှိသည်ကို မြင်တွေ့ခဲ့ရသည်။

ထို စိုက်ပျိုးခြံထဲတွင်နေထိုင်သည့် သျှမ်းပြည် ရွှေ့ပြောင်းအလုပ်သမားများသည် အနေအထိုင် အစားအသောက် ဆင်းရဲကြသော်လည်း မိမိဒေသတွင် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးပြီး၊ ဝင်ငွေမရှိသည့်အတွက် ပြောင်းရွှေ့လာရသည့် သူများဖြစ်ကြောင်း သိရသည်။

လိမ္မော်သီးများ အလုံးလှ ပိုးကင်းစင်ရန်အတွက် ပိုးသတ်ဆေးရည်ထည့်သည့် ဗူးခွံများ( ဓာတ်ပုံ- SHAN)

လက်ရှိ ကိုဗစ်-၁၉ ကာလသည် ရွှေ့ပြောင်းအလုပ်သမားသာမက ခြံပိုင်ရှင်များကလည်း စီးပွားရေး ကပ်ဆိုဒ်သည့် အချိန်ကာလဖြစ်ကြောင်း၊ ယခင် ခြံမှ ထွက်လာသည့် သီးနှံများကို ပြည်ပသို့တင်ပို့နိုင်ခြင်းမရှိသဖြင့် ဝင်ငွေလျော့ကျလာကြောင်း ဖှန် ဒေသခံများပြောပြချက် အရသိရသည်။

ဖှန်မြို့နယ် မှ ထွက်ရှိသည့် လိုင်ချီး၊ လိမ္မော်သီးများသည် တရုတ်နိုင်ငံ နှင့် ကိုးရီးယားနိုင်ငံကို အဓိက တင်ပို့ရောင်းချနေသည့် သီးနှံများဖြစ်ကြသည်။

“ ဒီချိန်က အလုပ်ရှင်တွေလည်း သီးနှံမရောင်းရတော့ ဝင်ငွေမရဘူး။ နောက် အပင်တွေ ဆေးဖြန်းရတာ အလုပ်သမားခိုင်းရတာလည်း စရိတ်မတတ်နိုင်တော့ဘူး။ ရွှေ့ပြောင်းအလုပ်သမားပဲထိတာ မဟုတ်ဘူး။ အလုပ်ရှင်ပါထိခိုက်တယ်” ဟု ဖှန် Fang မြို့တွင်နေထိုင်သည့်အလုပ်ရှင်အမျိုးသမီး တဦး က ရှင်းပြသည်။


ပိုးသတ်ဆေးကန် နှင့် ကပ်ရပ်တွင်နေထိုင်ရသည့် ရွှေ့ပြောင်းအလုပ်သမားများအိမ် ပုံ (ဓာတ်ပုံ SHAN)

ကိုဗစ်-၁၉ ကြောင့် လာမည့် ပညာသင်နှစ် ရွှေ့ပြောင်းအလုပ်သမား ကလေးငယ်များသည် ပညာသင်ကြားခွင့် ခက်ခဲလာနိုင်သည့် အဆင့် ဖြစ်လာနိုင်သည် ဟုလည်း ထိုင်းနိုင်ငံ (Fang) ရောက် ရွှေ့ပြောင်းကလေးငယ်များကို ကူညီပေးနေသည့် စွမ်းဖောင်ဒေးရှင်းမှ ကျန်းမာရေး တာဝန်ခံ ယိင်းစံဟွမ် က ပြောသည်။

“ လာမယ့် ပညာသင်နှစ် ကလေးငယ်တွေ ပညာသင်ဖို့ ခက်ခဲလာနိုင်တယ်။ မိဘတွေကလည်း အလုပ်အကိုင် အဆင်မပြေတော့ သူတို့တွေ ကျောင်းထွက်သွားနိုင်တယ်။ နောက် အရွယ်ရောက်တဲ့ ဆယ်ကျော်သက်တွေ လုပ်ငန်းခွင်သို့ဝင်သွားနိုင်တယ်” ဟု ယိင်းစံဟွမ် က ဆိုသည်။

ကိုဗစ်ကြောင့် ထိုင်းရောက် တချို့ သျှမ်းရွှေ့ပြောင်းအလုပ်သမားများသည် အလုပ်လက်မဲ့ဖြစ်နေကြပြီး၊ တချို့မှာ အလုပ် လုပ်သည့် ရက် လျော့ချခံရပြီး မိဘများ ပုံမှန်ဝင်ငွေ မရှိလာသည့်အတွက် ကလေးများအတန်းပညာတက်ရန် ခက်ခဲလာနိုင်ကြောင်း၊ ကလေးငယ်များ ကျောင်းဆက်တက်နိုင်ရန် နည်းလမ်း ထပ်မံ ရှာရမည်ဖြစ်ကြောင်းလည်း ယိင်းစံဟွမ် က ပြောသည်။

လိမ္မော်ခြံခူးနေသည့် ရွှေ့ပြောင်းအလုပ်သမားပုံ (ဓာတ်ပုံ SHAN)

“ အရင် အလုပ် ပုံမှန်ရှိတဲ့အချိန်ကတောင် ကလေးတွေ ကို ကျောင်းမထောက်ပံ့နိုင်ကြတာ။ ဒီကာလ ပုံမှန်ငွေမရှိတဲ့အချိန်ဆို ကလေးတွေ ကျောင်းတက်ဖို့က ပိုပြီးခက်လာနိုင်တယ်” ဟု ရွှေ့ပြောင်းကလေးများကို စာသင်ပေးနေသည့် ခူးအဲ က ပြောပြသည်။

ထိုင်းရောက် သျှမ်းပြည် ရွှေ့ပြောင်းအလုပ်သမားများသည် ကိုဗစ်-၁၉ မတိုင်ခင်တွင် ဒုက္ခ အခက်အခဲ ရင်ဆိုင်နေရပြီး၊ လက်ရှိ ကိုဗစ်-၁၉ ကာလ မှာ ထိုသူများအတွက် အခက်အခဲသည် ပိုပြီး ကြီးလေးလာကြကြောင်း ရွှေ့ပြောင်းအလုပ်သမားများက ပြောဆိုလိုက်သည်။

“ ဒီ မတိုင်ခင်ကတော့ ဒုက္ခအခက်အခဲကတော့ ရှိတာပေါ့။ အခုကျတော့ ပိုပြီး ကျပ်တည်းလာတယ်။ ခက်လာတယ်” ဟု စိုင်းလှမောင် က ပြောသည်။

စိမ်းစိုနေတဲ့ သစ်ပင်တွေကြား နေထိုင်ရသော်လည်း ဆိုးရွားသည့် အနံ့ကို နေ့စဉ် ရှူရှိုက်ကာ ဝမ်းရေးအတွက် မိသားစု အရေးအတွက် ရုန်းကန်အလုပ်လုပ်နေသည့် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မငတ်ရုံသာ အလုပ်လုပ်ကိုင်နေရသည်။

လက်ရှိအခြေအနေ တွင် “ရှေတိုးထမ်းပိုး နောက်ဆုတ်လှည်းငုတ်” အနေအထားဖြစ်နေရာ အနာဂတ်တွင်မည်သို့ဖြစ်လာမည်ကို မတွေးတောရဲကြကြောင်းလည်း ရွှေ့ပြောင်းအလုပ်သမားတွေက ဝမ်းနည်းစွာဖြင့် ရင်ဖွင့်လာကြသည်။

Leave a Comments

SHARE