ကိုဗစ်ကြောင့် ထိုင်းရောက်ရွှေ့ပြောင်းကလေး ပညာဆက်သင်ယူရေး ခက်ခဲလာနိုင်

0

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဖှန် (Fang) မြို့နယ်တွင် အလုပ်လုပ်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးများသည် ကိုဗစ်ကာလကြောင့် ပညာရေး ဆက်သင်ရန် ခက်ခဲလာနိုင်ကြောင်း စုံစမ်းသိရသည်။

Photo by SHAN/ထိုင်းနိုင်ငံ Fang မြို့နယ် ရောက် သျှမ်းပြည်မှ ရွှေ့ပြောင်းကလေးများပုံ

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများသည် အလုပ်အကိုင်ရှာပါးခြင်း၊ လုပ်ငန်းခွင် ပုံမှန် ဝင်ရောက်မှု မရှိသဖြင့် လာမည့် ပညာသင်နှစ်တွင် ကလေးငယ်များ ကျောင်းတက်ရန် အဆင်မပြေမှုများဖြစ်လာနိုင်သည် ဟု ရွှေ့ပြောင်းကလေးငယ်များကို ကူညီပေးနေသည့် အဖွဲ့ ကပြောဆိုလိုက်သည်။

“ အခု ကိုဗစ်ကြောင့် အလုပ်တွေက တလမှ ရက်နည်းနည်းပဲ လုပ်ရတယ်။ တချို့ က ၂ရက်ပဲလုပ်ရတာရှိတယ်။ တချို့က အလုပ်မရှိတော့ဘူး။ အရင်ကတည်းက ရွှေ့ပြောင်းအလုပ်သမားကလေးတွေက ကျောင်းတက်ဖို့ ခက်နေတာ။ ဒီကိုဗစ်နဲ့ဆို ပိုဆိုးလာနိုင်တယ်” ဟု ရွှေ့ပြောင်းအလုပ်သမားကလေးကို စာသင်ပေးသည့် သျှမ်းဆရာမ တဦးဖြစ်သည့် ခူးအဲ က သျှမ်းသံတော်ဆင့် သို့ပြောသည်။

Photo by SHAN/ထိုင်းနိုင်ငံ Fang မြို့နယ် ရောက် သျှမ်းပြည်မှ ရွှေ့ပြောင်းကလေးများပုံ

Fang ဖှန်မြို့နယ် အတွင်း ထိုင်းအစိုးရ ကျောင်းတွင် ပညာသင်ယူနေသည့် ကလေးငယ် ၂၈၀ကျော်ရှိပြီး၊ ထိုကလေးငယ်များသည် ထိုင်းအစိုးရကျောင်းတွင် ပညာသင်ယူရန် အခက်အခဲများစွာရင်ဆိုင်နေရကြောင်း လည်း ခူးအဲ က ပြောပြသည်။

ရွှေ့ပြောင်းကလေးငယ်များသည် မိဘများ အလုပ်လုပ်သည့်နေရာကို အစဉ်အမြဲ ရွှေ့ပြောင်းနေရသကဲ့သို့ ထိုင်းနိုင်ငံသို့ ဝင်လာသည့် အချိန်တွင်လည်း ကလေးငယ်များသည် အထောက်အထားများ မရှိသဖြင့် ထိုင်းအစိုးရ ကျောင်းတက်ရန် အခက်အခဲများရှိကြောင်းလည်း သိရသည်။

“ တချို့ ကလေးတွေက အထောက်အထားမရှိဘူး။ အခုဆိုရင် ထိုင်းကျောင်းကလည်း ပေါ်လစီတွေပြောင်းထားတယ်။ ကျမတို့ ရွှေ့ပြောင်းကလေးတွေကို ကျောင်းမှာ နေ့လည်စာ မကျွေးတော့ဘူးဆိုတော့ ကလေးတွေ ကျောင်းထွက်ဖို့ပိုများလာမှာပဲ စိုးရိမ်နေရတယ်” ဟု ခူးအဲ က ထပ်လောင်းပြောပြသည်။

Photo by SHAN/ထိုင်းနိုင်ငံ Fang မြို့နယ် ရောက် သျှမ်းပြည်မှ ရွှေ့ပြောင်းကလေးပုံ

ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမား၏ ကလေးငယ်များ ကိုဗစ်ကာလပြီးဆုံးပါက ဆက်လက်ပညာသင်ကြားဖို့ လျော့လာနိုင်ကြောင်း၊ ကလေးငယ်များ ကျောင်းဆက်တက်နိုင်ဖို့ လည်း နည်းလမ်းထပ်မံရှာနေကြောင်း ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားကလေးငယ်များကို ကူညီပေးနေသည့် စွမ်းဖောင်ဒေးရှင်း အဖွဲ့မှ ကျန်းမာရေး တာဝန်ခံ ယိင်းစံဟွမ် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ မိဘတွေကလည်း ငွေကြေးအဆင်မပြေ၊ နောက် ကလေးတွေ ကျောင်းသွားဖို့ ကလည်း ဝေးတော့ အဆင်မပြေမှုတွေဖြစ်လာနိုင်တယ်။ လာမယ့် အတန်းကျရင် ကလေးငယ်တွေ ကျောင်းတက်ဖို့ နည်းလာမှာ အရမ်းစိုးရိမ်နေတယ်” ဟု ယိင်းစံဟွမ်က ဆိုသည်။

ကိုဗစ်ကြောင့် ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားအများစုသည် အလုပ်အကိုင်မဲ့ဖြစ်ကြသကဲ့သို့ တချို့မှ လုပ်ငန်းခွင်ကို တလ ၂ရက် လုပ်ရပြီး တရက်လျှင် ဘတ် ၁၇၀မှ ဘတ် ၂၀၀ အထိသာ ရရှိကြောင်းသိရသည်။

Fang မြို့နယ်သည် ထိုင်း-သျှမ်းနယ်စပ်တွင် တည်ရှိပြီး သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ နှင့်မျက်နှာချင်းဆိုင်ရှိ ချင်းမိုင်ခရိုင်အတွင်းရှိ မြို့နယ်တခုဖြစ်ပါသည်။

အဆိုပါဒေသရောက်သျှမ်းပြည်မှ ရွှေ့ပြောင်းအလုပ်သမားအများစုသည် စိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်ကြသူများဖြစ်သည်။

Leave a Comments

SHARE