မလေးရှားပြန် ကိုဗစ်-၁၉ လူနာ နှင့်ထိတွေ့သည့် သျှမ်းပြည် ၂ဦး Negative ဖြစ်

မလေးရှားနိုင်ငံပြန် ကိုဗစ် – ၁၉ လူနာ အမှတ် ၁၈၂ နှင့် ထိတွေ့မှုရှိသည့် သျှမ်းပြည် ၂ ဦး Negative ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

Photo by Mofamyanmar

ကိုဗစ် -၁၉ လူနာအမှတ် ၁၈၂ နှင့် ထိတွေ့ မှုရှိသည့် ၂ ဦးမှာ သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်မှ အမျိုးသား တစ်ဦး နှင့် သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်မှ အမျိုးသား တစ်ဦး ဖြစ်ကြောင်း သိရသည်။

“လူနာ ၁၈၂ နှင့် ထိတွေ့ ဆက်စပ်သူ သျှမ်းပြည်မှာ ၂ ဦးရှိတာပေါ့နော်။ ၂ ယောက်စလုံးက ပိုးမတွေ့ဘူး”ဟု ပြည်နယ် အထူးရောဂါနိမ်နင်းရေး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူ က ပြောသည်။

မလေးရှားပြန်နှင့် ထိတွေ့ဆက်စပ်သူ သျှမ်းပြည်နယ်တွင် ၃ ယောက်ရှိပြီး ကျန်သည့် ၁ ယောက်သည် ရန်ကုန် Quarantine center မှာ ရှိနေကြောင်း သိရသည်။

“တန့်ယန်းက တစ်ယောက်က ၂၀ ရက်နေ့ က ပိုးမတွေ့ဘူးဆိုတာ အဖြေသိရတယ်။ ပင်းတယကတော့ ၁၉ ရက်နေ့က သိရတာပေါ့နော်။” ဟု ဒေါက်တာနှင်းအိဖြူ ကပြောသည်။

မလေးရှားနိုင်ငံမှာ အကြောင်းအမျိုးမျိုး နှင့် ပြစ်ဒဏ်ကျခံရပြီး ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၃၉၁ ယောက်ကို မလေးရှား အစိုးရက မေလ ၁၁ ရက်က သူတို့ စီစဉ်ထားသည့် Malaysia Airlines ကို စင်းလုံးဌား အထူးလေယာဉ် ၂ စီး နှင့် ပို့ပြန်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ အားလုံးသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ဆိုက်ရောက်ချိန်တွင် လူဝင်မှု ကြီးကြပ်ရေးမှ ကျန်းမာရေး စိစစ်ပြီး သက်ဆိုင်ရာပြည်နယ် နှင့်တိုင်း အသီးသီးတို့ သတ်မှတ်မော်တော်ယာဉ်ဖြင့် ခေါ်ဆောင်သွားကြကြောင်း သိရသည်။


eastern_breeze
SHARE