သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အတွင်းရှိ ခရမ်းချဉ်သီး စိုက်တောင်သူများသည် ယခုနှစ် ကိုဗစ်ကာလကြောင့် အရှုံးများဖြင့် ရင်ဆိုင်နေရကြောင်း တောင်သူများ ပြောချက်အရ သိရသည်။

ခရမ်းချဉ်သီးစိုက်တောင်သူ အများစုသည် ယခုနှစ်တွင် ခရမ်းချဉ်သီး ဈေးအဆမတန်ကျ သောကြောင့် ခြံသမားများ အရင်းမရကြကြောင်း သိရသည်။
“လက်ရှိ အခြေနေက ဒီနှစ်ဈေးဆိုရင် တအားပေါလာတယ်။ ခြံသမားတွေ အရင်းမရကြဘူး။ ပြီးခဲ့တဲ့ နှစ်က ဈေးကောင်းတယ်။ ဒီနှစ်က လူတစ်ရာမှာဆို ၉၀ လောက်က အရှုံးပြတယ်” ဟု ကေလောကျေးရွာနေ ခရမ်းချဉ်သီးခြံပိုင်ရှင် ဦးဝင်းနိုင် က သျှမ်းသံတော်ဆင့် ကို ပြောသည်။
ယခုနှစ် ခရမ်းချဉ်သီး ဈေးနှုန်းများမှာ အစောပိုင်း ကာလတွင် တတင်း ( ပှိဿာ ၃၀ ) လျှင် ၃၀၀၀ ကျပ်နှင့် ၃၅၀၀ ကျပ်ကြားသာရရှိပြီး၊ရင်းနှီးမြုပ်နှံထားသည့် အလုပ်သမားခ သာ ရရှိကြောင်း၊ ဆေးဖိုး၊ ဓာတ်မြေသြဇာဖိုး မရကြောင်းလည်း ဦးဝင်းနိုင်က ပြောသည်။

သို့သော် ယခု ရက်ပိုင်းအတွင်း ခရမ်းချဉ်သီးဈေး ၁ တင်း ကျပ် ၉၅၀၀ တက်လာသဖြင့် အမြတ်မရသော် လည်း အရင်း ပြန်ရရန် မျှော်လင့်နေရကြောင်း ဦးဝင်းနိုင် ကပြောသည်။
“အခု ၂ရက် အတွင်းကတော့ တတင်းကို တစ်သောင်းဝန်းကျင်လောက် ဖြစ်လာတဲ့အချိန်ဆိုရင်တော့ ဆိုးတော့ မဆိုးပါဘူးပေါ့။ အရင်းရဖို့ မျှော်လင့်ချက် ပြန်ရှိလာတာပေါ့ ၁ သောင်းဝန်းကျင်ဆိုတာ ပြီးခဲ့တဲ့ ၂ ရက်လောက်မှ ပြန်ဖြစ်တာ။”ဟု ကေလာကျေးရွာနေ ဦးဝင်းနိုင် ကပြောသည်။
ယခင်နှစ်တွင် ခရမ်းချဉ်သီး တတင်းကို ကျပ်ငွေ ၂သောင်းခွဲ မှ ၃သောင်း ကျပ်ထိ ရောင်းရကြော င်းသိရသည်။
“အသီး တအားထွက်တဲ့ချိန်က ဈေးက မရှိဘူး ကျနော်တို့ တပန်းရှုံးတာပေါ့။ ခရမ်းချဉ်သီး ထွက်ကြိမ်များလေ အသီးလျှော့လေ။ ဈေးကောင်းလာရင်လည်း အတင်းသိပ်မထွက်တော့ဘူး။ အဲ့မှာပဲ ကျနော်တို့က စရှုံးနေပြီ” ဟု ခြံပိုင်ရှင် တဦးကလည်း ထပ်လောင်းပြောသည်။
အင်းလေးကန် မှ ထွက်သည့် ခရမ်းချဉ်သီးသည် မြန်မာပြည် အနှံ့ ကို တင်ပို့ ရောင်းချသည့် ကုန်စိမ်းဖြစ်ပြီး ယခုနှစ် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှု၊ ကုန်စည်ကားများ ပြေးဆွဲမှု ရှားပါးလာသဖြင့် အရှုံးပေါ်မှု ဖြစ်ပွားခဲ့သည်။
စားသုံးသူများဈေးကွက်တွင်မူ ခရမ်းချဉ်သီး ယခင်က တပိဿာ ၃၀၀ ကျပ်မှ ယနေ့ တပိဿာ ၅၀၀ ကျပ်တက်လာကြောင်းသိရပါသည်။












Leave a Comments