Thursday, April 25, 2024

ကိုဗစ်ကြောင့် နယ်စပ် ခြံစိုက်တောင်သူ အကြွေးသောက

Must read

ပြောင်းဖူးတင်ဆောင်ထားသည့် ထော်လဂျီ အစီးပေါင်း ရာချီ သည် တရုတ်ပြည် ကို သွားရောင်းချရန် အတွက် နေ့စဉ်နဲ့ အမျှ နယ်စပ်ဂိတ်တွင် စောင့်ဆိုင်းနေကြသည်။

ထိုစောင့်ဆိုင်းနေသည့် ထော်လာဂျီ ရာချီများသည် သျှမ်းပြည် မြောက်ပိုင်း မြန်မာ-တရုတ် နယ်စပ် မူဆယ် နှင့် နမ့်ခမ်း တလျောက် ရှိ ကျေးရွာဒေသခံများ က တပိုင်တနိုင် စိုက်ပျိုးထားသည့် ပြောင်းဖူးများကို တရုတ်ပြည်သို့ ရောင်းချရန် အတွက် ဖြစ်သည်။

လွန်ခဲ့သည့် ဧပြီလ ၂၄ ရက်က အသက် ၈၇ နှစ် အရွယ်ရှိ မူဆယ် ဒေသခံ အမျိုးသမီး သည် အဆုတ်ရောင် ကူးစက်မြန် ကိုဗစ်-၁၉ လူနာ အဖြစ် မြန်မာနိုင်ငံ အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာပြီးနောက်ပိုင်း တရုတ်အစိုးရသည် မြန်မာ နယ်စပ်ဂိတ် ပေါက်များ တင်းကြပ်စီစစ်ပြီး ပိတ်ပင်လိုက်သည်။

ထို့နောက် တရုတ်နိုင်ငံ အစိုးရက တရုတ်နိုင်ငံသားများ မြန်မာပြည်သို့ သွားရောက်ခွင့်ကို ယာယီပိတ်ပင်လိုက်ခြင်း၊ ခိုးဝင်၊ထွက် ပါက ထောင်ဒဏ် အထိအရေးယူခြင်း အစရှိအရေးပေါ်ကြေငြာချက်ကိုထုတ်ပြန်ခဲ့သည်။

ထိုပြင် နယ်စပ်ဖြတ်ကျော်ခွင့်ကိုလည်း ရက်ပေါင်း ၆၀ ပိတ်ပင် ကန့်သတ်လိုက်သည်။

ထိုအရေးပေါ် ကြေညာချက်ပြီးနောက် မြန်မာ-တရုတ်နယ်စပ်တလျောက် ရှိ ဂိတ်တွေကို ပိတ်လိုက်ပြီး တပိုင်တနိုင် ကိုယ်ထူကိုယ်ထ စိုက်ပျိုးပြီး တရုတ်ပြည်သို့ပို့ဆောင်နေသည့် တောင်သူများ အတွက် အခက်အခဲများစွာ ရင်ဆိုင်ရပြီး ငွေကြေးဆုံးရှုံးမှုများလည်း ရှိလာသည်။

မူဆယ်-နမ့်ခမ်း ဒေသခံများသည် အဓိကအားဖြင့် ဖရဲသီး ၊ ပြောင်းဖူးများကို စိုက်ပျိုးကာ တရုတ်ပြည်နယ်စပ်စျေးကွက်တခုတည်းကိုသာ အားကိုးနေရသည့် ဒေသဖြစ်သည်။

တရုတ်နယ်စပ်ဂိတ် ရက်ပေါင်း ၆၀ အကန့်အသတ်ပိတ်လိုက်သည့်အတွက် နယ်စပ်ဂိတ်တွင် တန်းစီစောင့်ဆိုင်းနေသည့် ပြောင်းတင်ထော်လာဂျီအစီးရေ ၁၀၀ ၀န်းကျင်အနက် အရေအတွက် တချို့မှာ တပ်ဆုပ်ကာ ရွှေလီမြစ်ထဲသို့ ပြောင်းများ သွန်ချပစ်လိုက်ရသည့် အဆင့်ဖြစ်လာသည်ကို တွေ့မြင်ရသည်။

“ တရုတ်က ပေးမဝင်ရတော့ ကျနော်တို့တော်တော် ဒုက္ခရောက်တယ်။ ထွက်လာတဲ့ ပြောင်းတွေဘယ်ကို သွားရောင်းရမလဲ မသိတော့ဘူး” ဟု နမ့်ခမ်းမြို့နယ် ကွမ်လုံကျေးရွာ ပြောင်းစိုက်တောင်သူ စိုင်းသန်းမြင့် က ပြောသည်။

လက်ရှိ နယ်စပ်ဂိတ်များ ပိတ်လိုက်သည့် အတွက် စိုက်ပျိုးထားသည့် သီးနှံများ တရုတ်ဘက်ကို ပို့လို့မရသဖြင့် အရာရာကို စိုးရိမ်ပူပန်နေရကြောင်း၊ တနေ့တနေ့ တရုတ်ပြည်ပို့ရန် နည်းလမ်း ရှာဖွေနေရကြောင်းလည်း စိုင်းသန်းမြင့် က ပြောသည်။

“ စိုက်တဲ့ မျိုးကလည်း တရုတ်မျိုးပဲ။အဲ့ဒါကြောင့် သူတို့ဆီပဲ ရောင်းတာ။ အခုတော့ စိုက်ခင်းမှာပဲ အရှုံးခံရတော့မယ်” လို့ စိုင်းသန်းမြင့် ကဆိုသည်။

တပ်ဆုတ်မပြန်သေးသည့် ထော်လာဂျီများမှာ တရုတ်ဘက်ဝင်ရောက်ရောင်းချ ခွင့်ရလိုရငြား မျှော်လင့်ချက်ကြီးစွာဖြင့် ဆက်လက်စောင့်ဆိုင်းနေကြပြီး ၊ ယနေ့ဆိုလျင် စောင့်နေသည်မှာ ၅ ရက်ကျော်သွား ပြီဖြစ်သဖြင့် ပြောင်းသည်များမှာ စိတ်ဓါတ်ကျဆင်းစပြုလာပြီဖြစ်ကြောင်း တောင်သူများပြောသည်။

“ သီးနှံတွေက ဒီကနေထွက်တာပဲလေ။ အဝေးက ထွက်တာမဟုတ်ဘူး။ ကိုယ့်ခြံတွေကထွက်တာလေ။ မသွားရရင်သူတို့ဘက်ကလူတွေ လာဝယ်ဖို့ပါ။ မဖမ်းစေချင်ဘူး။ တရားဝင်ရောင်းစေချင်တယ်” လို့ နမ့်ခမ်းမြို့နယ် ဟိုနောင်ရပ်ကွက် ပြောင်းစိုက်သူ စိုင်းအိုက်လှိုင်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွါးမှုများပြားလာသည့်အချိန်မှစပြီး တရုတ်နယ်စပ်ဂိတ်များ ပိတ်ပင်လိုက်သော ကြောင့် ဒေသခံ တောင်သူများ စိုက်ပျိုးထားသည့် ခြံထွက်သီးနှံများ တင်ပို့ရောင်းချခြင်း မရတော့သည့်အတွက် မိသားစု စားဝတ်နေရေးအတွက် အခက်အခဲရင်ဆိုင်နေရကြောင်း၊ ကြွေးမြီများလည်း ရှိနေကြောင်း စိုင်းအိုက်လှိုင်းက လက်ရှိ ရင်ဆိုင်နေရသည့် ပြဿနာကို ပြောပြသည်။

“ ကျနော်တို့ က ဒီသီးနှံတွေ ရောင်းမှ ငွေပြန်ရမယ်။ စိုက်လာတာ ၃လ ကျော်ပြီး ဒီသီးနှံကိုပဲ မျှော်လင့်နေရတာ။ ဒီထဲမှာ အားလုံးရင်းနှီးမြှုပ်နှံထားရတာလေ” ဟု ိ့ စိုင်းအိုက်လှိုင်းက ဆိုသည်။

ကိုယ်ထူကိုယ်ထ သီးနှံစိုက်ပျိုးရန် အတွက် မူဆယ်-နမ့်ခမ်း တောင်သူအများစုက တရုတ်ပြည်ဘက်မှ မျိုးစေ့၊ မြေသြဇာ တွေကို ချေးငွေ အဖြစ် ယူလာပြီး၊ သီးနှံထွက်ပေါ်မှသာပြန်လည် ဆပ်ရကြောင်း၊ ယခုကဲ့သို့ရောင်းမထွက်သည့် အခါ ယူလာသည့် ချေးငွေ ပြန်ဆပ်ရန်လည်း နည်းလမ်း စဉ်းစားနေရကြောင်း စိုင်းအိုုက်လှိုင်းက ပြောသည်။

“ ကျနော်တို့ တရုတ်က မျိုးတွေ ယူလာတာ ငွေမပေးရဘူး။ ရောင်းမှ ပြန်ပေးမယ်ဆိုတာရှိတယ်။ အခုဆိုရင် ဘယ်လို ပြန်ပေးမလဲ။ ခက်ခဲမှုကတော့ အဖက်ဖက်ပါပဲ” လို့ စိုင်းအိုက်လှိုင်းက ပြောသည်။

တရုတ်မပို့နိုင်သဖြင့် တချို့မှာ ပြောင်းများကို မူဆယ်မြို့ဒေသခံများထံ သွားရောက်ဝေငှကြသကဲ့သို့ တချို့မှာလည်း ကျွဲမွေးသည့် သူများထံသို့ စျေးပေါပေါဖြင့် သွားရောင်း ကြကြောင်းလည်း သိရသည်။

“ ဟိုနေ့ က တော့ မူဆယ်က ဒေသခံတွေကို သွားလှူတာတွေရှိသလို တချို့ ကကျွဲ တွေမွေးတဲ့သူတွေဆီကို စျေးပေါပေါနဲ့ ရောင်းလိုက်တယ်။ ရွှေလီမြစ်ထဲ ပစ်ချတာကတော့ ကျနော်အထင် ထော်လဂျီ ၁၀စီးလောက်ရှိပါတယ်။တန်ဖိုးငွေ ကျပ် ၁၀၀ သိန်းလောက်ရှိပါတယ်” လို့ စိုင်းအိုက်လှိုင်းက ပြောပြသည်။

လက်ရှိမှာတော့ ခြံထွက်ပြောင်းရောင်းရန် အတွက် နည်းလမ်းရှာဖွေနေကြောင်း၊ ရောင်းနိုင်ဖို့လမ်းမတွေ့ပါက ဆုံးရှုံးရတော့မည် ဟု လည်း တောင်သူ နန်းဟွမ်ခေး က ပြောပါတယ်။

“ကျမ ဟိုဘက်ကို ရောင်းဖို့ နည်းလမ်းရှာနေတာ။ မရရင်တော့ ဒီတိုင်းပဲ အရှုံးခံရမှာပေ့ါ။ မျိုးတွေ ဓာတ်မြေသြဇာတွေ အတွက် ဘယ်လို ဆပ်ရမှာလည်းတော့ မသိတော့ဘူး” လို့ နန်းဟွမ်ခေးက သူမ ကြုံတွေ့နေရတဲ့ အကြောင်းကို ပြောသည်။

တရုတ်သို့ ရောင်းရန် အတွက် တောင်သူများ ခက်ခဲနေမှု၊ ပြောင်း ထော်လဂျီ ရာချီ ပိတ်ဆို့မှုများကို သက်ဆိုင်ရာက လာရောက် ကြည့်ရှုခြင်း၊ ဝင်ရောက်ဖြေရှင်းပေးခြင်းတစုံတရာ မရှိကြောင်း၊ သက်ဆိုင်ရာက လာဖြေရှင်းပေးစေလိုကြောင်းလည်း နမ့်ခမ်းတောင်သူများက တောင်းဆိုလိုက်သည်။

“ ကျနော်တို့ ဖြစ်နေတာကို ဘယ်သူမှ လာမကြည့်ဘူး။ကိုယ်လုပ် ကိုယ်ရှုံးနေတဲ့သဘောပါပဲ” ဟု့ စိုင်းသန်းမြင့် က ဆိုပါ သည်။

သက်ဆို်င်ရာတွေအနေဖြင့် ကွင်းဆင်းပြီး ဒေသတွင်းဖြစ်ပျက်နေသည်ကို မြင်စေချင်ကြောင်း၊ ဖြေရှင်းသည့်နည်းလမ်းလည်း ရှာပေးစေလိုကြောင်းလည်း စိုင်းအိုက်လှိုင်းက ပြောသည်။

ဒေသထွက်ကုန် ပစ္စည်းများကို တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့နိုင်ရန် အတွက် ညှိနှိုင်းလုပ်ဆောင်နေကြောင်း၊ ပြောင်း အမျိုးအစားသည် သွင်းကုန်၊ ထွက်ကုန် စာရင်းထဲတွင် မပါသည့် အတွက် အနည်းငယ်ခက်ခဲနိုင်ကြောင်း နမ့်ခမ်းမြို့နယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင် က ပြောသည်။

“ နည်းလမ်းကတော့ ရှာနေရတယ်။ ကျနော်တို့က တပိုင်တနိုင် ထုတ်တဲ့ဟာတွေပဲရှိသေးတယ်လေ။ ကြီးကြီးကျယ်ကျယ်ထုတ်တာမဟုတ်ဘူး။ ကျနော်တို့လည်း အကူအညီတောင်းထား တယ်။ မြို့နယ် အုပ်ချုပ်ရေးမှူး တွေ တိုင်ပင်ကြတယ်။ ခရိုင်ကနေ ညွှန်ကြားချက်တော့ လာမယ်” လို့ ဦးအေးမောင် က ဆိုပါတယ်။

တရုတ်ပြည်က အထက်ညွှန်ကြားချက်ကို ဖိဖိစီးစီးလုပ်လိုက်သည့်အတွက် မူဆယ်-နမ့်ခမ်း ဒေသခံတွေ တပိုင်တနိုင် တင်ပို့ကာ ဝင်၊ထွက်နေသည့် နယ်စပ်ဂိတ်များ ကို ရက်ပိုင်း ၆၀ ပိတ်ချလိုက်ကြောင်း ဦးခင်မောင် က ပြောပြပါတယ်။

“ အခုလည်း ကျနော်တို့တဖက်ကမ်း ကုန်သည်တွေနဲ့ ချိတ်ဆက်ပြီး ကြိုးစားနေတယ်။ နောက်တဖက်က တရားဝင်ဂိတ်ကနေ ထွက်ဖို့ကြိုးစားနေတယ်” ဟု နမ့်ခမ်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီ အဖွဲ့ဝင် စိုင်းထွန်းလှိုင် က ပြောသည်။

ပြောင်းများသည် ခူးပြီး ရက် တရက်အတွင်းတရုတ်ပြည်သို့တင်ပို့ ရောင်းချခွင့်မရပါက အဆင်မပြေကြောင်း၊ ရက်ကြာလျှင် ပြောင်းစျေးကောင်းမရကြောင်းလည်း စိုင်းထွန်းလှိုင် က ပြောသည်။

ကိုဗစ်-၁၉ သည် ဒေသထွက်ကုန်သည်များအတွက် ပညာများစွာရရှိကာ၊ တရုတ်စျေးကွက်တခုတည်း မရှာဖွေရန် ပြသလိုက်သည့် သဘောဖြစ်ကြောင်း မူဆယ်-နမ့်ခမ်း ပြောင်းစိုက်တောင်သူများက ပြောဆိုလိုက်သည်။

“ ကိုဗစ်-၁၉ က တရုတ်ကို အားမကိုးဘဲ ပြည်တွင်း စျေးကွက်ကို ဘယ်လို ဖော်လို့ရမလဲ။ တခြားစျေးကွက်တွေ မြန်မာပြည်မကို တင်သွင်းနိုင်တဲ ကုန်သီးနှံတွေလည်း စိုက်ပျိုးဖို့လိုအပ်နေပြီ” ဟု စိုင်းထွန်းလှိုင်း ကထပ်လောင်းပြောသည်။

ပြည်တွင်း ထွက်ကုန်များကို ကုန်ချော အဖြစ် ပြုလုပ်ရန် စဉ်းစားသင့်ကြောင်း၊ နောင်တချိန်တွင် ပြောင်းကို ကုန်ချော အဖြစ်ဖော်ဆောင်ပြီး၊ပြည်တွင်း စျေးကွက်တွင် ရောင်းချနိုင်ရန် ကြိုးစားသင့်ကြောင်းလည်း ပြောင်းတောင်သူ စိုက်အိုက်လှိုင်းက ပြောသည်။

“ ကျနော်တို့ က ကုန်ကြမ်းပဲလုပ်တတ်တယ်။ ကုန်ချောလုပ်တဲ့ နည်းပညာတွေ လိုတယ်။ ကုန်ချောလုပ်ရင်တော့ စျေးကွက် တမျိုးထပ်ဖြစ်လာမယ်” ဟု စိုင်းအိုက်လှိုင်းက ဆိုသည်။

မူဆယ်-နမ့်ခမ်း နယ်စပ် တလျောက်တွင် ကိုယ်ထူကိုယ်ထ စိုက်ပျိုးနေသည့် တောင်သူများအနေဖြင့့် တရုတ်စျေးကွက်ကို မက်မောပြီး အားမကိုးကြရန် အသိပေးလိုက်သည့် သဘောဖြစ်နေသည် ဟု လည်း စိုင်းအိုက်လှိုင်းက ပြောသည်။

လက်ရှိ နယ်စပ်တွင် ရင်ဆိုင်နေသည့် အခက်အခဲ ပြဿနာကို ဗဟို အစိုးရ အနေဖြင့် လာရောက်ဖြေရှင်းကာ နယ်စပ်ပြည်သူအရေးကိုလည်း လစ်လျူရှုမထားသင့်ကြောင်း မူဆယ်-နမ့်ခမ်းဒေသခံများက ပြောဆိုလိုက်သည်။

“ အခုက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနေရတယ်။ အစိုးရ က ကျနော်တို့နယ်စပ်ကို လစ်လျူရှုထားတယ်” ဟု စိုင်းအိုက်လှိုင်းက ပြောသည်။

Leave a Comments

- Advertisement -spot_img

Latest article