ကမ္ဘာတဝှမ်း အသံတိတ် စစ်ပွဲရဲ့ ခြိမ်းခြောက်မှုဟာ လူမျိုး၊ ဘာသာ၊ အရွယ်မရွေး စိုးရိမ်ထိတ်လန့် နေကြပြီး ကမ္ဘာကြီးက တိတ်ဆိတ်ငြိမ်သက်နေပါတယ်။

တကမ္ဘာလုံး ရွံမုန်းနေတဲ့ ဒီစစ်ပွဲကြီးဟာ မတ်၂၃ရက် မှာတော့ မြန်မာနိုင်ငံကို မဖိတ်ခေါ် ဘဲ ရောက်ရှိလာပါတယ်။
မြန်မာနိုင်ငံမှာ ဧပြီ ၁၄ ရက် ထိ ရောဂါပိုးကူးစက်ကြောင်းအတည်ပြုလူနာ ၈၅ ဦး၊ သေဆုံးသူ ၄ ဦးခဲ့ပြီး သျှမ်းပြည်မှာ ကိုဗစ် ၁၉ ကူးစက်ခံရသူ ၃ဦးရှိကြောင်းသိရပါတယ်။
လူသားအားလုံးကို ထိတ်လန့်တကြား ဖြစ်စေတဲ့ အသံတိတ် စစ်ပွဲ ကတော့ ကိုဗစ်-၁၉ လို့ခေါ်တဲ့ အဆုတ်ရောင် ကူးစက်မြန်ရောဂါ ပါပဲ။
ထို ကပ်ရောဂါ ကူးစက်မှု နည်းအောင် ထိန်းချုပ်တဲ့အနေဖြင့် ကျန်းမာရေး ဌာန က မလိုအပ်ဘဲ အိမ်ပြင်မထွက်ရန်၊ လူစု လူဝေး မပြုလုပ်ရန် Home Stay နေကြရန် ထုတ်ပြန်ကြေညာခဲ့ပါတယ်။
သို့သော် အခြေခံလူတန်းစားများက မိသားစု စားဝတ်နေရေး အတွက် Home Stay နေဖို့ ခက်ခဲပြီး ကပ်ရောဂါကြားမှာ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ရုန်းကန် လှုပ်ရှားနေရပါတယ်။
“သူ များတွေ မထွက်ပေမယ့် ကျနော်တို့တော့ အရဲစွန့်ပြီး ထွက်ရတာ။ ကိုယ်ကိုယ်တိုင်တော့ ကာကွယ်နေရတာပေါ့။ ကြောက်ပေမယ့် လက်ဆေးရည် တွေ Mask တွေ တပ်ပြီး ကာကွယ်နေရတာပေါ့” ဟု ဆိုင်ကယ်ဖြင့် စားသောက်ကုန်တွေလုပ်ရောင်းတဲ့ ဈေးသည် ကိုလှမောင် က ပြောပါတယ်။
ဈေးသည်တွေဟာ မနက် ၃နာရီ အချိန်တွင် လိုအပ်တဲ့ သား၊ငါး တွေကို ဝယ်ယူပြီး၊ မနက် ၈နာရီ အချိန် ဝယ်သူတွေ ဆီရောက်အောင် ခရီးနှင်ကြပါတယ်။

ယခုလို မြန်မာနှစ်သစ် အတာသင်္ကြန် ကာလ အချိန်ဆိုရင် မြန်မာတဝှမ်းလုံး ရေသဘင် မဏ္ဍိုင်တွေ သင်္ကြန်တေးသီချင်းတွေနဲ့တောင်ကြီးမြို့တခုလုံးကို စိုပြေ စေပေမယ့် ဒီနှစ်ကတော့ ဆိုင်ကယ် ဈေးသည် သံက လွှဲပြီး တိတ်ဆိတ်နေပါတယ်။
သင်္ကြန်ကာလ ရုံးပိတ် အလုပ်ပိတ်ချိန်အတွင်း အခြေခံ လူတန်းစားအတွက် နိုင်ငံတော် အစိုးရ မှ တအိမ်ထောင် လျှင် ကျပ်ငွေ ၂သောင်းနှင့် ညီမျှတဲ့ ဆန်၊ဆီ၊ ကြက်သွန်တွေ ဝေမျှပေမယ့် ဈေးသည် ကိုလှမောင် တယောက်တော့ ထောက်ပံ့မှုကို မျှော်လင့်မထားကြောင်း ပြောပြပါတယ်။
“ထောက်ပံ့တာတွေတော့ အဲ့လောက်မမျှော်လင့်ပါဘူး။ ကိုယ်လဲ ဒီလိုပဲ လုပ်နေရတာဆိုတော့လေ သင်္ကြန်တွင်းလည်း ဖောက်သည်တွေက ကျနော်တို့ လာမှ အဆင်ပြေတယ်” လို့ ကိုလှမောင်က ဆိုပါတယ်။

Photo by TAI Programme-NRC/တောင်ကြီးမြင်ကွင်းပုံ
လက်ရှိ ကာလ မှာ ဝယ်သူတွေကိုယ်တိုင် ဈေးမသွားကြတော့ ဈေးသည်တွေ ဆိုင်ကယ်သံကို မျှော်လင့် နေရတဲ့အချိန်လို့ပြောရင်လည်း မမှားပါဘူး။
လက်ရှိ တောင်ကြီးမြို့တွင်းက ပြည်သူတွေတော့ အိမ်အပြင်မထွက်ကြသလို ၅ ရက် တစ်ဈေးလို့ ခေါ်တဲ့ ဒေသဓလေ့ ဈေးကိုလည်း လဲ အစိုးရက ပိတ်သိမ်းဖို့ ကြေညာထားပါတယ်။
ဒါ့ကြောင့် ဆိုင်ကယ်ဈေးသည်တွေ ယခုအခါမှာတော့ ရောင်းအား က အရင်ကထက် ပိုကောင်းပါတယ်။
“ခုချိန်က နည်းနည်း ပိုရောင်းကောင်းတယ်။ အရင်ကထက်စာရင် အရောင်းပိုသွက်လာတယ်”ကိုလှမောင် တယောက် လက်ရှိ ဆိုင်ကယ်ဈေးသည်တွေ အကြောင်း ပြောပြနေတာပါ။
မြန်မာတဝှမ်း ကိုဗစ်-၁၉ ကပ်ရောဂါကို ကြောက်ပြီး အိမ်ပြင် မထွက်ရဲ၊ ဈေးသွားမဝယ်ရဲကြတဲ့အချိန်မှာ ဆိုင်ကယ်ဈေးသည်တွေ ဘဝကတော့ ကြောက်စိတ်ကြားက အရဲစွန့်ပြီး ဖောက်သည်တွေဆီ သွားကြပါတယ်။
“ ကြောက်တော့ကြောက်တာပေါ့ မလုပ်လို့လည်းမ ရဘူး။ ဒါလုပ်မှစားရတာကို တစ်နေ့လုပ် မှ တစ်နေ့စားဆိုတော့” လို့ ဆိုင်ကယ်ဈေးသည် ကို ဇေယျာ က ပြောပါတယ်။
ယခုချိန်ကာလ မှာ မိမိနေအိမ်ထဲတွင် မိသားစုနဲ့ အတူ နေထိုင်ချင်ကြပေမယ့် တဖက်မှာလည်း ဝမ်းရေး အတွက် ရှာစားနေရတဲ့ သူတွေ အတွက်တော့ အခက်အခဲတွေ များစွာရင်ဆိုင်နေရပါတယ်။
“ ကျနော်တို့ ဈေးမထွက်ရင် ကျနော်တို့ဖောက်သည်တွေ ပျက်သွားနိုင်တယ်။ နားချင်တာပေါ့။ ကျနော်မှာလည်း မိသားစုတွေရှိတယ်လေ” ဟု ဈေးသည် တဦး က ပြောပါတယ်။
လက်ရှိမှာတော့ ပြည်သူတွေအများစု ဟာ ဆိုင်ကယ်ဈေးသည်ကို အားကိုးနေရတဲ့ အချိန်လို့ တောင် ပြောလို့ ရပါတယ်။
“ခုချိန်က ဈေးသည်တိုင်းလိုလိုရောင်းကောင်းကြတယ် ဘာလို့လဲဆိုတော့ လူတွေက ဈေး ကိုမထွက်ကြတော့ ပိုပြီး အရောင်းသွက်လာကြတယ်” လို့ဈေးသည် ကိုဇေယျာ က ပြောဆိုလိုက်ပါတယ်။
ကိုဗစ်-၁၉ လူနာ အမှတ် (၂၉ ) ဟာ တောင်ကြီးမြို့ သားတဦးဖြစ်ပြီး၊ စဝ်စံထွန်းဆေးရုံမှာ ဧပြီ ၁၁ ရက်က စပြီး ဆေးကုမှုသခံယူ နေတယ်လို့ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ကြေညာပါတယ်။
ထို ကြေညာချက်ထုတ်ပြီးနောက် တောင်ကြီးမြို့ အစဉ်အမြဲစည်ကားနေတဲ့ မြို့မဈေးနဲ့တောင်ကြီး အမှတ်(၅) ဈေးဟာ ရောင်းသူ၊ ဝယ်သူမရှိအောင် တိတ်ဆိတ်ခြောက်ကပ်နေပြီး၊ မြို့ပေါ်ရှိ ကုန်စုံဆိုင်တွေ အိမ်တွေကလည်း တံခါးကိုယ်စီ ပိတ်ထားတာကို တွေ့မြင်ရပါတယ်။

“ ကျမ တို့က မလိုအပ်ပဲနဲ့ အိမ်အပြင်ကို မထွက်ကြတော့ဘူး။ ဆိုင်ကယ်ဈေးသည်ဆီကပဲ ကိုယ်လိုအပ်တဲ့ဟင်းတွေ မှာယူ ဝယ်ယူတော့တယ်” လို့ တောင်ကြီးဒေသခံ နန်းယိင်း က ပြောပါတယ်။
နေ့စဉ် နဲ့ အမျှ ကိုဗစ်-၁၉ ရဲ့ ဒဏ်ကြောင့် ပြည်သူတွေဟာလည်း အိမ်တွင်းကနေ အိမ်ပြင် မထွက်ရဲကြတဲ့အတွက် လုပ်ငန်းတွေ ဈေးဆိုင်တွေ စားသောက်ဆိုင်တွေဟာ ယာယီရပ်ဆိုင်းနေရကာ ပြည်သူတွေအတွက် ဈေးသည်ကို အားကိုးနေရတဲ့ ဘဝဖြစ်နေပါတယ်။
“ ဈေးသွားစရာ မလိုတော့ လူတွေနဲ့ ထိတွေ့မှု မရှိတော့ဘူး။ စိတ်ထဲမှာ ပိုလုံခြုံတယ်လို့ ခံစားရတယ်။ ဆိုင်ကယ်ဈေးသည်တွေလည်း အဈေး အများကြီးမတင်ထားတော့ ကျနော်တို့ အတွက်လဲ အဆင်ပြေတယ်” ဟု ကိုစိုင်း က လက်ရှိ ကြုံတွေ့နေရတဲ့ဘဝကို ပြောပြပါတယ်။
လက်ရှိကာလ မှာ ဈေးသည်တွေ့နေ့စဉ်လာရောက် ရောင်းပေးမှုကြောင့် အဆင်ပြေကြပေမယ့် တဖက်မှာလည်း ဈေးသည်တွေ ရဲ့ ကျန်းမာရေးကို စိုးရိမ်ပေးနေရကြောင်း တောင်ကြီးဒေသခံတွေက ပြောပါတယ်။
ကိုဗစ်-၁၉ ကူးစက်ခံရသူတွေ တနေ့တခြားမြင့်တက်လာမှုကြောင့် ထိုရောဂါ ထိန်းချုပ်နိုင်ဖို့ အချိန်ဘယ်လောက် ယူရမယ်၊ အချိန်ဘယ်လောက်ကြာ အိမ်တွင်းထဲနေထိုင်ရမယ်ကို မသိရှိကြပေ။
“ ကျမတို့တွေ ဘယ်လောက်ထိ ဒီတိုင်းဆက်သွားရမှာလဲမသိဘူး။ ဆိုင်ကယ် ဈေးသည်တွေ မရှိတော့ရင် တော့ ကျမတို့လည်း အခက်အခဲကြုံနိုင်ပါတယ်” လို့ နန်းယိင်း ကဆိုပါတယ်။
ကိုဗစ် အသံတိတ် စစ်ပွဲကို လူသားတိုင်း ကြောက်ကာ အိမ်တွင်းအောင်း နေထိုင်ကြပေမယ့် ဝမ်းရေး အတွက် ရုန်းကန်နေရတဲ့ အခြေခံ လူတန်းစား တွေအတွက် ကတော့ အိမ်းတွင်းအောင်းဖို့ အလှမ်းဝေးနေဆဲပါ။












Leave a Comments