Tuesday, October 8, 2024

COVID-19 ကြောင့် သျှမ်း/တောင် ကုန်စည်များ အရောင်းအဝယ် ကျဆင်း

Must read

သင်္ကြန်ကာလပင်ဖြစ်သော်ငြား သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ တွင် ကုန်စည် များ အရောင်းအဝယ် ကျဆင်းနေကြောင်း သတင်းရရှိသည်။

Photo Credit to TGI youth-တောင်ကြီးမြို့ရှိကုန်စည်ဒိုင် တနေရာ

နှစ်စဉ် နှစ်တိုင်း သင်္ကြန်မတိုင်မီ အချိန်တွင် အရောင်းအဝယ်ကောင်းသော်လည်း ယခုနှစ် COVID-19 ကြောင့် အရောင်းအဝယ်များစွာ ကျဆင်းနေကြောင်း သျှမ်းတောင် ပွဲရုံ အသိုင်းအဝန်းက ပြောဆိုလိုက်သည်။

COVID-19 ကြောင့် စီးပွားရေး လောကတွင် ထိခိုက်ဆုံးရှုံးမှုများရှိခဲ့ပြီး လက်ရှိမှာ အရောင်းအဝယ်ရပ်တန့်နေသည့် ပုံစံဖြစ်နေကြောင်း ကြက်သွန်ဖြူပွဲရုံ ပိုင်ရှင် နန်းမိုးမိုးဝင်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ပွဲရုံက ဖွင့်တာတော့ ဖွင့်တယ်။ ရွာကလူတွေလဲ လာမရောင်းကြဘူး။ ဝယ်သမားတွေလဲ အခုဆို မဝယ်ဘူး။ ရပ်သွားတဲ့ ပုံစံမျိုးဖြစ်နေတယ်။” ဟု နန်းမိုးမိုးဝင်း က ပြောသည်။

ထို့ပြင် ယခင် ကာလများတွင် လိုင်းကားများ နှင့် ကုန်စည်ပို့ဆောင်မှု အလွယ်တကူ ပို့ဆောင် နိုင်သော်လည်း လက်ရှိမှာ လိုင်းကားပြေးဆွဲမှုနည်းသဖြင့် ပို့ကုန်များ နယ်သို့ပို့ရန် ခက်ခဲနေကြောင်း အင်းလေး ခရမ်းချဉ်သီး ပွဲရုံ မှ ကိုဖိုးလမင်းက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ခရမ်းချဉ်သီးက စထွက်ပြီ။ ခါတိုင်း ဒီချိန်ဆို ပုံမှန်ပို့လို့ရတာပေါ့။ အရင်က ၅ နယ် ပို့တာကို ခုက ၂ နယ်လောက်ပဲ ပို့ရတယ်” ဟု ခရမ်းချဉ်သီးပွဲရုံပိုင်ရှင် ကိုဖိုးလမင်း က ဆိုသည်။

COVID-19 ရောဂါ ပြန့်နှံ့မှုထိန်းချုပ်နိုင်ရန်အတွက် သျှမ်းပြည်နယ်တွင် သယ်ယူပို့ဆောင်ရေး ယာယီရပ်ဆိုင်းထားခြင်း နှင့် အခြေခံ လူသုံးကုန်များဖြစ်သော ဆိုင်ခန်းများသာ ဖွင့်လှစ်ထားသည်။

သို့သော် လက်ရှိအချိန်ထိ ပဲစင်းငုံ ၊ ပြောင်း နှင့် နှမ်း တို့ အရောင်းအဝယ် လုပ်နေကြသေးကြောင်း၊ ကုန်သည်များ ရိုက်ခတ်မှု မရှိသေးကြောင်း သျှမ်းတောင်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးအောင်ဇေ ကသျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ကျနော်တို့ ဒီလောကမှာတော့ ဘာမှမဖြစ်သေးဘူး။ တခြား သီးနှံတွေ ဘယ်လိုဖြစ်လဲဆိုတာ မပြောတတ်ဘူး” ဟု ဦးအောင်ဇေ က ပြောသည်။

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးခရိုင် သည် အဓိက အားဖြင့် ကုန်စိမ်းထွက်ကုန်များ ကို မြန်မာပြည်အနှံ့ တင်ပို့ ရောင်းချသည့် ပင်မ ကုန်စည်ဒိုင်များဖြစ်ပြီး၊ လက်ရှိမှာ COVID-19 ကြောင့် ပို့ဆောင်ရေး များခက်ခဲမှုကြောင့် ကုန်စည် စီးဆင်းမှုလည်း ခက်ခဲမှု ရင်ဆိုင်နေရပြီး စီးပွားရေးကျဆင်းနေကြောင်း လည်း သိရသည်။

COVID-19 ကြောင့် မြန်မာနိုင်ငံသာမက တကမ္ဘာလုံး စီးပွားရေး ကျဆင်းနေသည့် ကာလဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article