Saturday, April 20, 2024

COVID-19 နဲ့ သျှမ်းပြည်တော်ပြန် အခြေအနေ

Must read

ထိုင်းနိုင်ငံ မှ မြန်မာပြည်ကို ပြန်ရောက်သည့် အမျိုးသား ၂ ဦးထံ COVID-19 ကူးစက်မြန် အဆုတ်ရောင် ရောဂါ ရှိသည်ဟု ကျန်းမာရေး နှင့် အားကစားဝန်ကြီးက အတည်ပြုခဲ့သည်။

Photo by U Htun Maesai – တာချီလိတ်-မယ်ဆိုင်ဂိတ်တွင် သျှမ်းပြည်ပြန်ရန်တန်းစီနေသော ထိုင်းနိုင်ငံရောက်သျှမ်းပြည်သားရွှေ့ပြောင်းအလုပ်သမားများ

ထို အတည်ပြု ပြီးနောက်ပိုင်းတွင် သျှမ်းပြည် တခွင် နှင့် မြန်မာပြည်တဝှမ်းလုံးမှ လူထုများကြား ထိတ်လန့်မှု ရင်ဆိုင်နေရသည်။

လက်ရှိမှာ ထိုင်းနိုင်ငံမှ မြန်မာပြည်ကို မဲဆောက် – မြဝတီ နှင့် မယ်ဆိုင် -တာချီလိတ်ဘက်မှ ပြန်လာသည့် ဦးရေ ၄ သောင်းနီးပါး ရှိကြောင်း သိရသည်။

ပြည်ပ နိုင်ငံမှ သျှမ်းပြည်နယ် အတွင်း ပြန်လည်ဝင်ရောက်လာသူသည် မတ် ၂၉ ရက်ထိ ၁၀၅၆၂ ဦးရှိပြီး၊ သျှမ်းတောင် မှာ ၆၀၇၅ဦး၊ သျှမ်းမြောက် ၂၈၀၀ဦး၊ သျှမ်းအရှေ့တွင် ၁၆၈၇ ဦး တို့ ရှိပါတယ်။

ထိုင်းနိုင်ငံ မှ ပြန်လာသည့်သူ အများစု သည် မိမိဆန္ဒဖြင့် ကျေးရွာအနီး ကျောင်းများ၊ ဘုန်းကြီးကျောင်းများတွင် ၁၄ ရက်နေထိုင်ပြီး စောင့်ြ့ကည်ခံကြသည်။

“ ထိုင်းပြန်၊ တရုတ်ပြန်တွေကို ကျနော်တို့ ၁၄ ရက် စောင့်ကြည့်ပါတယ်။ ဒီမှာတော့ သူတို့စားသောက်တဲ့ ကိစ္စကို သူတို့ အိမ်ကလာပို့ကြပါတယ်” – ဟု ဆီဆိုင်မြို့ အောင်ချမ်းသာ ရပ်ကွက်မှ ဦးစံဝင်းမောင်က ပြောသည်။

Photo by ပင်လုံမြို့ နောင်လိုင်ကျေးရွာ ဒေသခံများ

ဆီဆိုင်မြို့ တွင် ထိုင်းနိုင်ငံမှပြန်လာသည့် ပြည်သူ ၄၀၀ ကျော်ရှိပြီး၊ ကျန်းမာရေးဌာန မှ တရက် ၂ကြိမ် ကျန်းမာရေး စောင့်ရှာက်မှု ပြုလုပ်ပေးသော်လည်း စားဝတ်နေရေးကို ကျေးရွာပြည်သူ (သို့မဟုတ်) အိမ်သားများက လာရောက်ပေးပို့ကြကြောင်း ဦးစံဝင်းမောင် က ဆိုသည်။

“ ကျနော်တို့ ဆီမှာတော့ ကိုယ်ထူကိုယ်ထ ကျေးရွာ က အလှူရှင်တွေပဲ။ အစိုးရ ကတော့ အစားအသောက်အတွက် ထောက်ပံ့တာ မရှိဘူး” ဟု ဦးစံဝင်းမောင် က ထပ်လောင်းပြောကြားသည်။

လက်ရှိမှာ ပြည်ပမှ နေရပ်ပြန် ပြည်သူများအတွက် အစိုးရ အနေဖြင့် ကူညီထောက်ပံ့မှုမျိုး၊ အစားအသောက် ထောက်ပံ့မှုမျိုးမရှိကြောင်း သျှမ်းပြည် ဒေသခံ များ က တပြိုက်နက်ပြောကြသည်။

“ နေဖို့ စားဖို့ ကတော့ အစိုးရ ဘာမှ လာမကူညီဘူး။ ကျနော်တို့ဆီဆိုင်မြို့ပေါ်က လူတွေတောင် ကိုယ်အစီအစဉ်နဲ့နေရတာ။ ကျေးရွာ ပြန်တဲ့သူဆိုရင် ပိုဆိုးတယ်” ဦးစံဝင်းမောင် က ပြောသည်။

ဆက်လက်ပြီး ပင်လောင်းမြို့နယ် တောင်းဗြောင်းကျေးရွာ တိုက်နယ်ဆေးရုံ မှဒေါက်တာ စန်းထူးအောင် က “ ကျောင်းမှာထားပါတယ်။ အစားအသောက်က အဓိက အလှူရှင်တွေပါပဲ” ဟု သျှမ်းသံတော်ဆင့် သို့ပြောသည်။

ပြည်ပမှ ပြန်လာသည့် ပြည်သူများကို မြို့ဝင်၊ထွက် နေရာများတွင် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပေးပြီး၊ ထိုသူများသွားသည့်နေရာကို ကောက်ခံကာ သက်ဆိုင်ရာကို အကြောင်းကြားပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းကို ပြုလုပ်ကြောင်း သျှမ်းပြည် တောင်ပိုင်း ပင်လုံ ဒေသခံ စိုင်းမိန်း က ပြောသည်။

“ ကျနော်တို့ မြို့ဝင်ထွက်နေရာမှာ ကျန်းမာရေးစစ်ဆေးမှုတွေလုပ်တယ်။ နိုင်ငံရပ်ခြားပြန်လာတဲ့သူ စာရင်းကောက်တယ်။ တန့်ယန်းပြန်မယ် မိုင်းကိုင်ပြန်မယ်ဆို ဒီကနေ မိုင်းကိုင်ကို ဘယ်နှစ်ယောက်သွားလိုက်တယ်ဆိုတဲ့ information ပေးတာမျိုးလုပ်တယ်” -ဟု စိုင်းမိန်း က လက်ရှိကြုံတွေ့နေရသည်ကို ပြောပြသည်။

နိုင်ငံခြားပြန်များကို ရပ်ကွက်အလိုက်ဆင်းစစ်ပြီး စောင့်ကြည့်အဖြစ်ထားပြီး မြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေ၊ ခရိုင်မြို့နယ် သက်ဆိုင်သည့် ကျန်းမာရေး ဝန်ထမ်းများ၊ ရဲများ နှင့် မီးသတ်များ ပူးပေါင်းဆောင်ရွက် ကြကြောင်း စိုင်းမိန်း က ထပ်လောင်းပြောသည်။

Photo Credit to Mg Mg(ဦးစံဝင်းမောင်) – ပြည်တော်ပြန် များ ကျန်းမာရေး စစ်ဆေးနေပုံ

“ သျှမ်းပြည် အစိုးရ ကူညီလား မေးရင် ကျနော်တို့က နိုင်ငံခြားပြန် စာရင်းတွေ ပို့ပေးလိုက်တယ်။ အရေးပေါ် ဘတ်ဂျက်ကို ခုထိ ချပေးတာမရှိဘူး” ဟု စိုင်းမိန်း ကဆိုသည်။

သျှမ်းပြည်နယ်အစိုးရ အနေဖြင့် ကျေးရွာ၊မြို့နယ် ကို ဆင်းကြည့်ခြင်းမရှိသည့်အတွက် ဒေသခံပြည်သူများက အစိုးရလုပ်ဆောင်မှုကို မစောင့်နိုင်ကြဘဲ ကိုယ့်အစီစဉ်ဖြင့် လုပ်ဆောင်နေရသည်ဟု သျှမ်းမြောက် သီပေါမြို့ ဒေသခံတွေက ပြောသည်။

“ ပြည်ပ က ပြန်လာတဲ့သူတွေ ဘယ်လို ဆောင်ရွက်နေလဲလို့ မေးရင် သူတို့က ဘာမှ ပြန်မတုန့်ပြန်ဘူး။ အခု ကျေးရွာက သူတို့အစီစဉ်နဲ့ပဲ အစားသောက်လှူကြတယ်။ စောင့်ကြည့်ကြတယ် ” လို့ သီပေါမြို့ က နန်းနန်း ကပြောသည်။

အစိုးရ သက်ဆိုင်ရာ အနေဖြင့် COVID-19 ပတ်သတ်ပြီး ပွင့်လင်းမြင်သာမှု မရှိကြောင်း၊ ဒေသအတွင်း COVID-19 မည်ကဲ့သို့ ဆောင်ရွက်နေသည် ကို ကောင်းမွန်စွာ ရှင်းပြမှု မရှိကြောင်းလည်း နန်းနန်းက ပြောသည်။

ယခုရက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ထိုင်းနိုင်ငံမှ ပြန်လာသည့် အမျိုးသား သည် COVID-19 အတည်ပြုလူနာ တဦး ထွက်ပေါ်လာပြီးနောက် သျှမ်းမြောက် ပြည်သူများ စိုးရိမ်မှု က အရင်ကထက် ပိုပြီးများလာကြကြောင်း လည်း သျှမ်းပြည် ပြည်သူများက ဆိုသည်။။


Photo by ဒေသခံ တဦး၊သီပေါမြို့နယ်တွင် တွေ့ရသည့် ကျေးရွာ တရွာ၊

“ အခု တရွာနဲ့ တရွာဝင်၊ထွက်လို့မရအောင် သွားလာလို့မရအောင် ပိတ်ထားတယ်။ ဒီတိုင်းလုပ်တာ ကောင်းတယ်လို့ ထင်တယ်” ဟု နန်းနန်း က ကျေးရွာအခြေအနေကို ပြောသည်။

မြန်မာနိုင်ငံတွင် COVID-19 အတည်ပြု လူနာ ထွက်ပေါ်လာပြီးနောက် မြန်မာနှင့် နယ်စပ် ထိလျက်ရှိသည့် တရုတ်ပြည် ယူနန် ပြည်နယ်သည် မြန်မာပြည်သူများကို ဝင်၊ထွက်ခွင့် ပိတ်လိုက်ကြောင်းသိရသည်။

ပြည်ပ မှ သျှမ်းပြည်သို့ပြန်ရောက်လာသူ ဦးရေ အကြမ်းဖျင်းအားဖြင့် ၂သောင်းကျော်ခန့်ရပြီး၊ လက်ရှိမှာ အိမ်၊ဆေးရုံတွင် စောင့်ကြည့်ခံဦးရေ သောင်းဂဏာန်းမပြည့်ကြောင်း သျှမ်းပြည် ကုသရေး နှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မှ ဒေါက်တာ နှင်းအိဖြူ က သျှမ်းသံတော်ဆင့်သို့ပြောသည်။

“အကြမ်းဖျင်း အရ ၂သောင်းကျော်ဝင်နေပြီလို့မှန်းရတယ်။ အိမ် မှာ ဆေးရုံ မှာစောင့်ကြည့်တာကတော့ သောင်းဂဏန်း မပြည့်သေးဘူး။ စာရင်းတွေ လိုက်ပြုစုတုန်းပဲ။ ဝင်လာတဲ့ ဦးရေ နဲ့ ထားထားတဲ့ ဦးရေ မကိုက်သေးဘူးဖြစ်နေတယ်။ ရှာဖို့တော့လိုနေတယ်” ဟု ဒေါက်တာ နှင်းအိဖြူ က ဆိုသည်။

ပြည်ပ မှ ပြန်လာသည့် ပြည်သူများကို သီးသန့်ခွဲထားပြီး စောင့်ကြည့်ခြင်းသည် ခွဲခြား ဆက်ဆံခြင်းမဟုတ်ကြောင်း ၊ ယခုကဲ့သို့ ပြုလုပ်ပေးခြင်းသည် ပြန်လာသည့်သူများကို ကာကွယ်ပေးသည်အနေဖြင့် ပြုလုပ်ပေးကြောင်း ဒေါက်တာ နှင်းအိဖြူ က ပြောသည်။

ပြည်ပ မှ သျှမ်းပြည် ပြန်လာသည့်သူများကို သက်ဆိုင်ရာမှ တောင်ကြီးမြို့ပေါ်တွင်ထားပြီး နေထိုင်ရန် နှင့် အစား အစာ စီစဉ်ပေး ထားသော်လည်း ပြန်လာသူများ က မိမိနေရပ်နှင့်နီးသည့်နေရာတွင်သာနေခြင်းကြောင်း ဒေါက်တာ နှင်းအိဖြူ က ဆိုသည်။

Photo by Mg Mg/ထိုင်းပြန် စောင့်ကြည့်ခံ ပြည်သူများကို ဆွေမျိုးများက ပစ္စည်းလာပေးနေသည့် ပုံ

“စားဝတ်နေရေး ကတော့ အစတုန်းက မြို့ ကြီးတွေမှာပဲ စုပြီး ထားမယ်ဆိုပြီးတော့ အများထားဖို့ စဉ်းစားကြတယ်။ ပြန်လာတဲ့သူတွေက မိသားစုနဲ့လည်း သိပ်မဝေး တဲ့နေရာမှာနေချင်တယ်။ ရပ်ရွာ ကျေးရွာ ထိပ်မှာ ဘုန်းကြီးကျောင်းတွေ စာသင်ကျောင်းတွေ မှာ ပို့ထားတယ်။ အစားကတော့ မိသားစုတွေ သူ့အစီစဉ်နဲ့ ပို့ပေးတာ ရှိတယ်” ဟု ဒေါက်တာ နှင်းအိဖြူ က ထပ်လောင်းပြောသည်။။

ထိုင်းနိုင်ငံမှ ပြန်လာသည့် လူထံမှ ခိုရိုနာ ဗိုင်းရပ်စ် တွေ့တာဖြစ်သည့်အတွက် ပြန်လာတဲ့သူအားလုံး ကို စောင့်ကြည့်ရန်လိုအပ်ကြောင်း၊ ပြန်လာတဲ့ သူတိုင်းလည်း သတင်းပေးပြီး စောင့်ကြည့်ခံရန် လိုအပ်ကြောင်း ဒေါက်တာ နှင်းအိဖြူက ရှင်းပြသည်။

Photo by Kyaw Zin Win/ Facebook

သျှမ်းပြည် အတွင်း ဧပြီ ၁ရက် ထိ COVID-19 စောင့်ကြည်လူနာ ၈၉ ဦးရှိပြီး၊ သံသယ လူနာ ၁ဦး၊ ပိုးမတွေ့သည့် လူနာ ၇၇ ဦး၊ ပိုးတွေ့လူနာ ၁ဦး နှင့် အဖြေစောင့် လူနာ ၁၂ဦးရှိကြောင်း သိရသည်။

“ ပြန်လာတဲ့သူတိုင်း သတင်းပေးပြီး စောင့်ရှောက်မှု ခံယူပါ။ ရောဂါ ရှိခဲ့ရင် စောစောသိ စောစောကု လို့ရပါတယ်” ဟု ဒေါက်တာ နှင်းအိဖြူ က တိုက်တွန်း ပြောဆိုလိုက်သည်။

သျှမ်းပြည် အစိုးရ အနေဖြင့် COVID-19 နှင့် ပတ်သက်ပြီး ပြည်သူများကို စနစ်တကျ စီမံခန့်ခွဲစေချင်ကြောင်း၊ လုပ်ဆောင်နေသည့် ကိစ္စများကိုလည်း ပွင့်လင်းမြင်သာမှု ဖြစ်စေချင်ကြောင်း သျှမ်းပြည် ပြည်သူများက ပြောသည်။

“သျှမ်းပြည် အစိုးရ အနေနဲ့ COVID-19 ကို အစကတည်းက ကိုင်တွယ်သင့်တယ်။ မဟုတ်ရင် မဖြစ်သင့်တာဖြစ်လာလိမ့်မယ်” သျှမ်းပြည် ပြည်သူများ က တညီတညွတ်တည်း ပြောကြသည်။

Leave a Comments

- Advertisement -spot_img

Latest article