Tuesday, May 7, 2024

တရုတ်နယ်စပ်ဂိတ်များ ပိတ်ပြီးနောက် မြန်မာအလုပ်သမား ၂၀၀ ကျော်မူဆယ်သို့ရောက်ရှိ

Must read

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် နယ်စပ်ဂိတ်ပိတ်ပြီဖြစ်သော်လည်း တရုတ်ပြည် မှ ပြန်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ၂၀၀ ကျော်ရှိနေကြောင်း သတင်းရရှိသည်။

Photo by မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မူဆယ်မြို့

ဧပြီ ၁ ရက်နေ့မှ စတင်ကာ မြန်မာ -တရုတ် နယ်စပ် မူဆယ်မြို့ နယ်အတွင်းရှိ ဂိတ်များ အားလုံး လူဝင်၊ထွက် ခွင့် တရုတ်နိုင်ငံဘက်မှ ပိတ်လိုက်သည်။

ထိုသို့ပိတ်လိုက်သည့်နောက် တရုတ်ပြည်တွင်းအလုပ်လုပ်နေသော မြန်မာ ရွှေ့ပြောင်းအလုပ်သမားများနေရပ်ပြန်ရန် အသီးသီး နယ်စပ်သို့ရောက်လာကြသည်။

တရုတ်နိုင်ငံ တွင် COVID-19 ကြေညာထားသည့် ခရိုင် မှလွှဲပြီး ပြန်လာသည့် မြန်မာအလုပ်သမားများ ကို ၁၄ရက် စောင့်ကြည့်သွားမည် ဖြစ်ကြောင်း မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး ပြန်ကြားရေး တာဝန်ခံ ကိုအယ်လ်စိုးထန်တူး က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

COVID-19 ကင်းစင်ကြောင်း ကြေညာသည့် ယူနန်ပြည်နယ် ကျယ်ဂေါင်၊ ရွှေလီ၊ ကျန်ဖုန်၊ မန်စီ၊ ရင်ကျန်းမှ ပြန်လာသူ များကို Home quarantine အဖြစ်သာ ထားရှိသွားမည် ဖြစ်ပြီး၊ တခြား ခရိုင်မှ လာသည့် သူများကို ၁၄ရက်စောင့်ကြည့်သည့် အစီအစဉ်ဖြင့် ထားကာ စောင့်ကြည့်သွားမည် ဟု ကိုအယ်လ်စိုးထန်တူး က ပြောသည်။

Photo by မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မူဆယ်မြို့

“ ဒီနေ့ ပြန်လာတဲ့ ၂၀၀ က COVID-19 ကင်းစင်တဲ့ နေရာကလာတဲ့အတွက် home quarantine ပဲ ထားတယ်။ အဲ့နေရာမဟုတ်ရင်တော့ ကျနော်တို့ ၁၄ရက်စောင့်ကြည့်သွားမယ်။ နေရာတွေ စီစဉ်ထားပြီးပြီ” ဟု ကိုအယ်လ်စိုးထန်တူး က ဆိုသည်။

နေရပ်ပြန်လာသည့် သူများ ၁၄ရက် စောင့်ကြည့်ရန် အတွက် နေစရာ၊ စားစရာအားလုံး ပြင်ဆင်ပြီးကြောင်းလည်း သိရသည်။

လွန်ခဲ့သည့် မတ် ၂၀ ရက်နေ့တွင် COVID-19 အတည်ပြုလူနာနှင့် ကားအတူစီးလာသည့် မူဆယ်ဒေသခံ အမျိုးသမီး ၂ဦးသည်လည်း COVID-19 မရှိသဖြင့် နေအိမ်သို့ပြန်ရကြောင်း သိရသည်။

သျှမ်းပြည် တွင် ဧပြီ ၃ရက်ထိ COVID-19 စောင့်ကြည့်လူနာ ၉၃ဦးရှိပြီး၊ ဆေးရုံတွင် စောင့်ကြည့်ကုသဆဲ လူနာ ၅၇ ဦးရှိကြောင်း၊ COVID-19 အတည်ပြု လူနာ ၁ဦးရှိသည်။

Leave a Comments

- Advertisement -spot_img

Latest article