Saturday, July 20, 2024

ကျောက်မဲမြို့မှ ထိုင်းပြန်အမျိုးသားတဦး COVID-19 တွေ့ရှိ

Must read

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့တွင် COVID-19 အတည်ပြု လူနာ အမျိုးသား တဦး တွေ့ရှိကြောင်း ယနေ့(မတ် ၃၀) ရက် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ကြေညာလိုက်သည်။

Photo by – Aung Kyaw Win Sein

ယနေ့ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ကြေညာချက်တွင် COVID-19 ပိုးရှိသူ ကျောက်မဲလူငယ် တဦး အပါအဝင် ၄ဦးတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

၎င်းနှင့်ပတ်သက်ပြီး ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဉာဏ်က – “ဟုတ်တယ်ဗျ အတည်ပြုပြီ။ ဒီကောင်လေးက ခိုမုံးအုပ်စုသားပါ။ သူက တတိယနှစ်ကျောင်းသားလို့သိရပါတယ်။ ပိုးစစ်ဖို့ပို့ထားတာအများကြီးကျန်ပါသေးတယ် ” – ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်မူ အဆိုပါကျောက်မဲ လူနာ အမျိုးသားသည် အသက် ၂၄နှစ်ရှိပြီး မတ် ၂၅ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ရောက်ရှိလာကြောင်း၊ တာချီလိတ်မြို့ တွင် ၂ည တည်းခိုခဲ့ပြီးမှ မတ်လ ၂၈ ရက် မန္တလေးမြို့သို့ လေယာဉ်ဖြင့်လာကြောင်း ထိုမှတဆင့်ကျောက်မဲသို့ ကိုယ်ပိုင်ကားဖြင့်ပြန်သွားကြောင်း ဆိုပါသည်။

Photo by Lin Htet Naing/Photo by Htet Linn Naing/ ကျောက်မဲမြို့တွင် ပင်လုံ လမ်းမကြီးမှ လွှဲပြီး တခြား မြို့ ဝင်လမ်းအားလုံးပိတ်ထား

မတ် ၂၈ ရက် ညပိုင်းတွင် အလွန်အမင်း အန်ခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများခံစားခဲ့ ရသဖြင့် ကျောက်မဲမြို့ ဆေးရုံသို့ပြသဖြင့် စောင့်ကြည့်လူနာ အဖြစ် သီးသန့်ထား ဆေးကုသခဲ့သည်။

ကျောက်မဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဉာဏ်က -“ အခု ပြည်ပမှာအလုပ်သွားလုပ်ပြီးပြန်လာတဲ့သူတွေကျောက်မဲမှာအများကြီးရှိပါတယ်။ အထက ကျောင်းမှာ ၁၀၀ ကျော်ရှိပါတယ်။ ဗိုင်းရပ်စ်ပိုးကူးစက်မှုကိုထိန်းချုပ်နိုင်ဖို့အတွက် အခုကျောက်မဲမှာ တင်းကျပ်စစ်ဆေးနေပါတယ်။ အဝင်အထွက် အပေါက်တခုဘဲထားရှိပါတယ်။” – ဟု သျှမ်းသံတော်ဆင့်အားဆက်ပြောပြသည်။

ကျန်းမာရေးဌာနထုတ်ပြန်သော COVID-19 အတည်ပြုလူနာ နောက်ထပ် ၃ ဦးမှာ ပြင်သစ်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွား များဖြစ်ကြသည်ဟု ဆိုပါသည်။ ၎င်းတို့အားပို့ဆောင်သည့် ဧည့်လမ်းညွှန်က ပိုးကူးစက်ကြောင်း မတ်လ ၂၈ ရက်နေ့က အစိုးရကြေငြာသဖြင့် အဆိုပါ ဧည့်သည် ၄ ဦးကို ဟိုတယ်တခုတွင် ထိန်းသိမ်းထားကာ ပိုးဆက်လက်စစ်ဆေး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုသူများနှင့် အနီးကပ်ထိတွေ့ဆက်စပ်မှုရှိသူများကို ရှာဖွေ ဖော်ထုတ်ပြီး အသွားအလာ တားမြစ် ပိတ်ပင် ကာ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ဆောင်နေကြောင်း သိရသည်။

ယမန်နေ့တွင်လည်း ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ မြဝတီသို့ ပြန်လာသည့် အမျိုးသားတဦး COVID-19 တွေ့ရှိခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၁၄ဦးရှိသွားပြီဖြစ်ကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article