ထိုင်းနိုင်ငံ အရေးပေါ် အရ တာချီလိတ်နယ်စပ်ဂိတ်အားလုံးပိတ်

0

ထိုင်းနိုင်ငံ အရေးပေါ် အခြေအနေ အရ တာချီလိတ် နယ်စပ်ဂိတ်အားလုံး ယနေ့ညနေ ၅နာရီ စတင်ပိတ်လိုက်ကြောင်း သတင်းရရှိသည်။

ယခင်တွင် မြန်မာ – ထိုင်း နယ်စပ် ချစ်ကြည်ရေးတံတား အမှတ်(၁) တံတားတွင် တရားဝင် နိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူများကို မတ် ၂၅ ရက် ညနေ ၅ နာရီအထိ တာချီလိတ်သို့ ဖြတ်သန်း ခွင့်ပေးမည်ဟု ထိုင်းအာဏာပိုင်များက ကြေငြာခဲ့သည်။

Photo by U Htun Maesai/ ယနေ့ မနက် ပိုင်း ထိုင်းနိုင်ငံ မယ်ဆိုင်မှ မြန်မာပြည် တာချီလိတ်သို့ပြန်မယ့် သူများ

သို့သော်လက်ရှိမှာ အရေးပေါ် ကြေညာချက် အရ ယနေ့(မတ် ၂၄) ညနေ ၅နာရီတွင် စတင်ပိတ်လိုက်သည်။

“ အရေးပေါ် ကြေညာချက် အရ မနက်ဖန် ပေးမထွက်တော့ပါဘူး။ ဒီနေ့ ည ၅နာရီ ထိပဲ ပေးထွက်တယ်။ အခု တောင် တံခါးပိတ်သွားပါပြီ” ဟု တာချီလိတ် ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ မြန်မာ-ထိုင်း ဆက်ဆံရေး တာဝန်ခံ ဦးထွန်း (မယ်ဆိုင် ) က သျှမ်းသံတော်ဆင့်သို့ပြောသည်။

မြန်မာ -ထိုင်း နယ်စပ် ချစ်ကြည်ရေး တံတားများကို မတ် ၂၃ ရက်တွင် ပိတ်ရန် နှစ်ဖက် နိုင်ငံ၏ သက်ဆိုင်ရာ ဌာန မှ ထုတ်ပြန်ကြေညာခဲ့သည်။


Photo by U Htun Maesai/ ယနေ့ မနက် ပိုင်း ထိုင်းနိုင်ငံ မယ်ဆိုင်မှ မြန်မာပြည် တာချီလိတ်သို့ပြန်မယ့် သူတဦး

သို့သော် မတ် ၂၃ ရက် မနက်ပိုင်း တံတားဖြတ်ကူးရန်မမှီလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀၀ ကျော် နယ်စပ်ဂိတ်သို့ ရောက်ရှိလာသဖြင့် နှစ်နိုင်ငံ ညှိနှိုင်းမှု ကာ တာချီလိတ်သို့ဝင်ခွင့်ပြုခဲ့သည်။

အလားတူ ယနေ့ မတ် ၂၄ ရက်မနက်ကလည်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၉၉ ဦး တာချီလိတ်မြို့သို့ ထပ်မံ ဝင်လာပြီး၊ တာချီလိတ်ဘက်မှလည်း ထိုင်းနိုင်ငံသား ၂၃ ဦးကို မယ်ဆိုင် ဘက်ပြန်ပို့ ပေးကြောင်း သိရသည်။

“နယ်စပ်တွေ ဒီညနေ ၅နာရီ မှာ အားလုံးပိတ်လိုက်ပါပြီ” ဟု ဦးထွန်း (မယ်ဆိုင်) ကဆိုသည်။

ထိုင်းနိုင်ငံတွင် COVID-19 ကူးစက်ခံရသည့် သူ ၈၇၂ ဦးရှိပြီး သေဆုံးသူ ၄ဦးရှိကြောင်း ထိုင်းအစိုးရ ထုတ်ပြန်ချက် အရသိရသည်။

မြန်မာနိုင်ငံတွင်လည်း COVID-19 ကူးစက်ခံရသည့် အမျိုးသား ၂ဦးရှိကြောင်းလည်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ယမန်ည ၁၁ နာရီ ၄၅ မိနစ်တွင် ကြေညာလိုက်သည်။

ထို့ပြင် ယမန်နေ့ကလည်း ထိုင်းနိုင်ငံအကျဉ်း ထောင်အသီးသီးမှ ရက်စေ့လွှတ်လာသည့် မြန်မာနိုင်ငံသား ၉၂ ဦးအား မြန်မာဘက်သို့ ထိုင်းအာဏာပိုင်များလွှဲပေးရာ ၁၁ ဦးမှာ အပူချိန်မြင့်နေသဖြင့် COVID-19 သံသယ စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်ထားသည်။

ကျန်သည့် ၈၁ ဦးကိုလည်း ၁၄ ရက် သီးခြား စောင့်ကြည့်လူနာ အဖြစ်ထားခဲ့သည်။

ထိုစောင့်ကြည့်လူနာများကို ယနေ့ မနက် ပိုင်း ကျန်းမာရေး ဌာန မှ ကိုယ်အပူချိန် သွားရောက်စစ်သည့် အခါ အမျိုးသား တဦး ကိုယ်ပူချိန် ၃၈ ဒီဂရီ စင်တီဂရိတ် ထက်ကျော်သဖြင့် COVID-19 စောင့်ကြည့် လူနာအဖြစ် ဆေးရုံသို့ ပို့လိုက်ကြောင်း တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောသည်။

“ မနေ့ကတော့ COVID-19 စောင့်ကြည်လူနာ ၁၁ဦးပါ။ ဆေးရုံမှာ ထားတယ်။ ဒီနေ့ တဦးထပ်တိုးလာလို့ စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်ထားတယ်။ သူတို့က ထောင်ကနေ လွှတ်လာတဲ့သူတွေလေ။ နေမကောင်းတာ။ ဒါပေမယ့် စောင့်ကြည့်ရမယ့် တာဝန်ရှိတယ်လေ” ဟု ဦးမြင့်နိုင်က ဆိုသည်။

တာချီလိတ်ဒေသခံ များအနေဖြင့် မလိုအပ်ဘဲ အိမ်အပြင်မထွက်ကြရန် ခရီးမသွားကြရန် လည်း ဦးမြင့်နိုင် က တိုက်တွန်းပြောဆိုလိုက်သည်။

Leave a Comments

SHARE