တပ် ခတ်ထားသည့်ခြံစည်းရိုး ဖျက်ဆီးမှုဖြင့် ရပ်ကျေး အုပ်ချုပ်ရေးမှူးနှင့် တောင်သူ အမှုဖွင့်ခံရ

0

အစိုးရတပ်မတော် ခတ်ထားသည့် ခြံစည်းရိုးကို ဖျက်ဆီးသည်ဟုဆိုကာ ရပ်ကျေး အုပ်ချုပ်ရေးမှူးနှင့် တောင်သူ တို့အား တပ်မှ စွပ်စွဲပြီးအမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

 

Photo by ဦးစံဝင်းမောင်၊ ကျေးရွာလမ်းကို တပ်မှ ခြံခတ်ထားသည့် ပုံ

လွန်ခဲ့သည့် မတ် ၆ ရက်က သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ကျော်ကျေးရွာ အုပ်စု ကောင်တရွိုးရွာ လမ်းကို အစိုးရ တပ်မှ ခြံစည်းရိုးလာခတ်သဖြင့် ကျေးရွာ ပြည်သူများ သွားလာရခက်ခဲမှု ရင်ဆိုင်ခဲ့ရသည်။

ထိုခြံစည်းရိုးခတ်သည့် ကိစ္စနှင့် ပတ်သက်ပြီး မတ် ၉ ရက်နေ့တွင် နောင်ကျော် ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ပင်စုံ အုပ်ချုပ်ရေးမှူး၊ မြကန်သာ အုပ်ချုပ်ရေးမှူး၊ အောင်ချမ်းသာ အုပ်ချုပ်ရေးမှူး ၄ ဦး တို့ သွားရောက်ကြည့်ရှုခဲ့သည်။

“ ရွာသားတွေ အသုံးပြုနေတဲ့ လမ်းကို တပ်က ခြံစည်းရိုးလာခတ်တယ်။ ကျနော်တို့ သွားကြည်တုန်းက ခြေမြန်တပ်ရင်း ခမရ ၄၂၃ နဲ့ ခမရ ၄၂၄ က ဗိုလ်မှူးအဆင့်ရှိသူတွေလာပါတယ်။ သူတို့ကတော့ တိုင်းမှူးက လုပ်ခိုင်းတာလို့ပြောပါတယ်” ဟု အမှုဖွင့်ခံထားရသည့် အောင်ချမ်းသာ အုပ်ချုပ်ရေးမှူး ဦးစံဝင်းမောင် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

အဆိုပါ နေရာသည် ၁၉၉၆ ခုနှစ်က အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ်(၁) စစ်ဗျူဟာ မှ သိမ်းဆည်းထားသည့် နေရာဖြစ်ပြီး၊ ဆီဆိုင်မြို့ အတွင်း အခြေစိုက်သည် ခမရ ၄၂၃ တပ်ရင်းက ခြံစည်းရိုးခတ်ထားခြင်းဖြစ်ကြောင်း၊ ခမရ ၄၂၄ က အောင်ချမ်းသာ အုပ်ချုပ်ရေးမှူး နှင့် တောင်သူ တဦးကို အမှုဖွင့်ထားခြင်းဖြစ်ကြောင်းသိရသည်။

Photo by ဦးစံဝင်းမောင်၊ ကျေးရွာလမ်းကို တပ်မှ ခြံခတ်ထားသည့် ပုံ

“ရွာသားတွေက ၁၀ ပေ လောက် သွား၊လာလို့ ရအောင် ခြံစည်းရိုးခတ်ထားတာကို ဖယ်လိုက်တာပါ။ ဖျက်ဆီးတာလည်းမဟုတ်ဘူး။ ဖယ်ထားတဲ့ သစ်တွေတောင် ပုံပေးထားသေးတယ်” ဟု ဦးစံဝင်းမောင် က ပြောသည်။

လက်ရှိ ခမရ ၄၂၄ မှ ဗိုလ်မှူး နိုင်ကျော်ဇင် အမှုဖွင့်ထားသည့် ပုဒ်မ များမှာ ပုဒ်မ ၃၅၃(တာဝန် ဝတ္တရား နှောင့်ယှက်မှု) ၊ ပုဒ်မ ၄၂၉ (ဆဲဆိုမှု) ၊ ပုဒ်မ ၄၂၇ (အကျိုးဖျက်ဆီးမှု ) တို့ ဖြစ်ကြောင်းသိရသည်။

“ ပုဒ်မ ၂ခုက ရဲအရေးပိုင်မှုတွေပါ။ နောက်တခုက ဆဲဆိုရမယ့်သူဘေးနားတယောက်မှ မရှိဘူး။ ရွာသားတွေက ဘယ်သူကို ဆဲရမှာလဲ” ဟု ဦးစံဝင်းမောင် က ပြောသည်။

ခမရ ၄၂၄ စွဲဆိုထားသည့် အမှုကို ဆီဆိုင်ရဲစခန်းမှ မတ် ၁၃ရက်နေ့တွင် အောင်ချမ်းသာ အုပ်ချုပ်ရေးမှူး ဦးစံဝင်းမောင် နှင့် တောင်သူ အရေး ဆောင်ရွက်သူ ဒေါ်ချိုချိုဝင်း တို့ ထံ အကြောင်းကြားခဲ့ကြောင်း သိရသည်။

“ ကျမကို ၁၄ ရက် မနက် ၉ နာရီ မှာ ရဲစခန်းက ဖုန်းဆက်ခေါ်တယ်။ တပ်က အမှုဖွင့်ထားတယ်ဆိုတာ ပြောလာတယ်။ နောက် အဲ့နေ့ တပ်က ခြံစည်းရိုးခတ်တာသွားကြည့်တယ်။ရွာသားတွေ အကူအညီပေးရအောင် သွားတယ်။ ဘာကြောင့် တရားစွဲလည်းဆိုတာ မသိဘူး” ဟု တောင်သူများကို ကူညီဆောင်ရွက်ပေးနေသည့် ဒေါ်ချိုချိုဝင်း က ပြောပြသည်။

ပုဒ်မ ၃ခု ဖြင့် အမှုဖွင့်ထားသည့်အပေါ် ဆက်လက်ပြီး အမှုရင်ဆိုင်သွားမည် ဟုလည်း ဒေါ်ချိုချိုဝင်း က ပြောသည်။။

ဆက်လက်ပြီး ဦးစံဝင်းမောင် က “ ကျနော်တို့ ဘာမှ မမှားဘူး။ ဘယ်သူနဲ့ မှလည်း ညှိစရာမလိုဘူး။ တရားရုံးမှာ အမှန်ပဲ ပြောပြီး ရင်ဆိုင်မယ်” ဟု ဖြည့်စွတ်ပြောသည်။

အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် အမှတ်(၁) သည် လွန်ခဲ့သည် ၁၉၉၆ ခုနစ်တွင် တောင်သူများပိုင်ဆိုင်သည့် မြေယာများကို သိမ်းဆည်းထားပြီး လက်ရှိ အချိန်ထိ စီမံကိန်း တစုံတရာမှ ဖော်ဆောင်ခြင်းမရှိကြောင်း ဒေသခံ များပြောပြချက် အရသိရသည်။

“တာဝန်အရ သွားတဲ့ အုပ်ချုပ်ရေးမှူးကို ဒီလို တရာစွဲဆိုနေရင် သာမာန်ပြည်သူဆိုရင် ဘယ်လောက် ထိအောင် ဆက်လက်ပြီး မတရားမှူတွေဖြစ်နေလဲ” ဟု ဦးစံဝင်းမောင် က ထပ်လောင်းပြောဆိုလိုက်သည်။

Leave a Comments

SHARE