ဘာဝနာတရားပွားများသည့်ဂူအနီး သစ်မခုတ်ဖို့အမဲမလိုက်ဖို့ မိုင်းဖုန်းဆရာတော် မေတ္တာရပ်ခံ

0

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်း မိုင်းဖုန်းဆရာတော် ဝဇီပိတ် အဓိဌာန် သုံးနှစ်ဖြင့် ဘာဝနာတရား အားထုတ်ကျင့်ကြံနေထိုင်ရာ ဓမ္မဟိန်း အမည်ရ မိုင်းကျက်ဂူတော် ပရဝုဏ်အနီး သစ်တောများမခုတ်ဖို့၊ တောရိုင်း တိရစ္ဆာန်အား အမဲလိုက်ခြင်း ပစ်ခတ်သတ်ဖြတ်ခြင်းမပြုဖို့ မိုင်းဖုန်းဆရာတော်က မေတ္တာရပ်ခံစာ တစောင် ရေးသားဖြန့်ဝေလိုက်သည်။

Photo Credit to Owner-မိုင်းဖုန်းဆရာတော်ရေးသားသောမေတ္တာရပ်ခံစာနှင့် ဆရာတော် အရှင်ဉာဏသီရိ မြန်မာဘာသာပြန်ထားသောစာ

မိုင်းဖုန်းဆရာတော် ဘုရား၏ မေတ္တာရပ်ခံစာကို ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၂၂ ရက် ၂၀၂၀ က အနီး အနားတွင်နေထိုင်သည့် ရွာသားများ၊ အာဏာပိုင်များထံ ပေးပို့ခဲ့သည်ဟု စာအားမြန်မာဘာသာသို့ ဘာသာပြန်ပေးသည့် တာချီ လိတ်မြို့ မဟာဗောဓိကျောင်းမှ ဆရာတော် အရှင်ဉာဏသီရိက မိန့်တော်မူသည်။

“ဂူအနီးအနားမှာ ရွာ ၃ ရွာရှိတယ်။ တောကောင်တွေကို အမဲလိုက်တာ၊ သားငါးဟင်းအဖြစ်ပြု လုပ်တာ က ရွာသားတွေရဲ့ သဘာဝပါပဲ။ မိုင်းဖုန်းဆရာတော် တရားလာပြီးအားမထုတ်ခင်ကတည်းက လုပ် နေကြတာ။ ဆရာတော်ဘုရား ဂူတွင်း ၀င်ပြီး တရားအားထုတ်ခါနီးတုန်း ကလဲ မေတ္တာရပ်ခံထားတယ်။ အခု လဲ နောက်တခါပေါ့။ တချို့ရွာသားတွေ မကြားမသိသေးတာလဲဖြစ်မယ်။” – ဟု ဆရာတော် အရှင်ဉာဏသီရိက မိန့်တော်မူသည်။

Photo Credit-မိုင်းကျက်ဂူအတွင်း တရားဘာဝနာပွါးများအားထုတ်နေသော မိုင်းဖုန်းဆရာတော် ခူးဝါးဝန်းစုမ့်

မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရ ၏ မေတ္တာစာတွင် ဓမ္မဟိန်းလိုဏ်ဂူတော် ပတ်ဝန်းကျင် ၃ မိုင် အတွင်း သစ်တော သစ်ပင်များ ခုတ်ဖြတ်ခြင်း၊ တောမီးရှို့ခြင်း မပြုဖို့၊ ထို့အတူ ပရဝုဏ် အတွင်း မှီတင်းကျက်စားနေသည့် တောရိုင်းတိရိစ္ဆာန်များအား အမဲလိုက်ခြင်း ပစ်သတ်ခြင်း မပြုဖို့ မေတ္တာရပ်ခံခြင်းဖြစ်သည်။

လက်ရှိမှာ ကမ္ဘာလောကကြီး ဘယဘေးကပ်ဆိုက်နေကြောင်း၊ တစ်ကမ္ဘာလုံး ရောဂါ ကူးစက်ပြီး သေကြေနေသောကြောင့် ရွာသူရွာသားများအနေဖြင့် ကုသိုလ်ကောင်းမှုပြုလုပ်ဖို့မမေ့လျော့ကြရန်နှင့် ဘုရားဝတ်ပြုရှိခိုးခြင်း၊ မေတ္တာ ပို့သခြင်း ၊ ဘာဝနာပွါးခြင်းများတို့ များများပြုလုပ်ရန် မိုင်းဖုန်းဆရာတော် မေတ္တာစာလွှာဖြင့် မိန့်ကြားတော်မူသည်။

မိုင်းဖုန်းဆရာတော်ဘုရားကြီးသည် သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် မိုင်းကျက်ဂူအတွင်း ၂၀၁၉ ဧပြီလ မှ ၂၀၂၂ ခု ဧပြီလ အထိ ၀ဇီပိတ် တရားအားထုတ် မည်ဟု အဓိဌာန်ဝင် ထားပြီး မေတ္တာဘဝနာ တရား ပွားများနေပါသည်။ ဆရာတော်ဘုရားသည် မေတ္တာဘဝနာကြိုးကုတ် ပွားများရာတွင် စံပြပုဂ္ဂိုလ်ဖြစ်သည်သာမက တရုတ်နိုင်ငံ၊    အန္ဒိယနိုင်ငံ၊ ပူတန်၊ နီပေါ ၊ ထိုင်း၊ လောဝ် စသည့် အင်ဒိုချိုင်းနားကျွန်းဆွယ်နိုင်ငံများအထိ အထူးထင်ရှားလူသိများသည့် နယ်စည်းမခြား သာသနာပြု ကြွချီတရေားဟောတော်မူသည့် ဆရာတော်တပါးဖြစ်ပါသည်။

(ယိင်းယိင်း ရေးသားပေးပို့သည်)

Leave a Comments

SHARE