လူနာတင်ယာဉ်များ ရေပူဂိတ် ပိတ်ချိန် ဖြတ်သန်း ခွင့်ပေးစေလို

0

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် အတွင်းရှိ ရေပူ စစ်ဆေးရေး ဂိတ်တွင် ညအချိန် အရေးပေါ် လူနာ ဖြတ်သန်းသွားလာခွင့်မပြုသည့် ကိစ္စ လူမှု ကယ်ဆယ်ရေးအဖွဲ့ များ ကန့်ကွက်ကြကြောင်း သတင်းရရှိသည်။

ရေပူ စစ်ဆေးရေး ဂိတ်

ရေပူဂိတ်သည် လားရှိုးမြို့ နှင့် သိန္နီကြားရှိ စစ်ဆေးရေး ဂိတ်ဖြစ်ပြီး၊ မနက် ၆နာရီ မှ ည ၉ နာရီ ခွဲ ထိသာဂိတ် ဖြတ်သန်းခွင့်ပေးသည်။

ထို ဖြတ်သန်းခွင့် ရသည့်အချိန် ကျော်လွန်ပါက အရေးပေါ် လူနာကားများပါ ဖြတ်သန်းခွင့်မပေး သည့် အပေါ် လားရှိုးမြို့ နှင့် သိန္နီမြို့ ရှိ လူမှု ကယ်ဆယ်ရေး ပရဟိတ အဖွဲ့ များ က ကန့်ကွက်ကြကြောင်း သိရသည်။

Photo by စိုင်းဖ/ ညရေပူစစ်ဆေးရေး ဂိတ်ပိတ်သဖြင့် လူနာအား ခက်ခက်ခဲခဲ သယ်ဆောင်ကာ ဖြတ်နေရသည့် ပုံ

ယခု လ ၈ ရက်နေ့ မနက် အစောပိုင်းက ကားတိမ်းမှောက်သဖြင့် ဘယ်လက်ကျိုး၊ ဘယ်ဒူးကျိုး ဒဏ်ရာရသည့်သိန္နီမြို့ခံ လူနာတဦးသိန္နီ ဆေးရုံ တွင် ဆေးကုသမှုခံယူနေရာမှ မန္တလေး ဆေးရုံသို့ လွှဲပြောင်းဆေးကုလိုကြောင်း လူနာရှင်ဘက်မှ အနှိုင်းမဲ့ ကုသိုလ် လူမှု ကူညီရေး အသင်း (သိန္နီ) ကို ချိတ်ဆက်ခဲ့သည်။

“ ကျနော်တို့ လူနာ ဆန္ဒ အရ မန္တလေး ဆေးရုံ ကို လိုက်ပို့ဖို့ လားရှိုး လူမှုကူညီရေး အသင်းကို လွှဲပေးဖို့လုပ်တယ်။ ကားချိန်းတဲ့အချိန်မှာ ရေပူဂိတ်ကို ဖြတ်ရတယ်။ အဲ့မှာ ရေပူဂိတ်က လူနာပါလည်း ဖြတ်သန်းခွင့်မပေးဘူး” ဟု အနှိုင်းမဲ့ ကုသိုလ် လူမှု ကူညီရေးအသင်း (သိန္နီ) မှ စိုင်းဖ က သျှမ်းသံတော်ဆင့် သို့ပြောသည်။

ရေပူ စစ်ဆေးရေး ဂိတ်

အဆိုပါလူနာတင် ယာဉ်အား ရေပူ စစ်ဆေးဂိတ်မှ ဖြတ်သန်းခွင့်မပေးသဖြင့် လူနာ တင် တွန်းလှည်းဖြင့်သာ ဂိတ်ဖြတ်သန်းခဲ့ရကြောင်း စိုင်းဖ က ပြောသည်။

လုံခြုံရေးအရ ရေပူ စစ်ဆေးဂိတ်ကို ည ၉ နာရီ ခွဲတွင် ပိတ်သည် ကို လက်ခံကြောင်း၊ သို့သော် အရေးပေါ် လူနာ၊ ဆေးကုသမည့် လူနာ ပါသည့် လူနာတင်ယာဉ်များအား ဖြတ်သန်း ခွင့်ပေးသင့်ကြောင်းလည်း လူမှုကယ်ဆယ်ရေး အဖွဲ့များက ပြောဆိုသည်။

“ ရေပူဂိတ် က လုံခြုံရေး အရ ပိတ်တာတော့ နားလည်ပါတယ်။ ဒါပေမယ့် လူနာတွေ ပါလာရင် တော့ ဖြတ်သန်းခွင့်ပေးစေချင်တယ်။ ဖွင့်ပေးစေချင်တယ်၊ မွေးလူနာ၊ သေရေး ရှင်ရေး လူနာဆိုဘယ်လိုလုပ်မလဲ” ဟု လားရှိုး မြို့ မှ ဒေသခံ တဦးဖြစ်သည့် စိုင်းဝင်းမြင့် က ပြောသည်။

ရေပူ စစ်ဆေးရေး ဂိတ်သည် ၂၀၁၇ ခုနှစ် နောက်ပိုင်းမှ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး အဆိုပါ ဂိတ်တွင် စစ်ဆေးရေး ပေါင်းစုံ ထိုင်ကာ တရားမဝင် ကုန်သွယ်ရေး များ၊ မူးယစ်ဆေးဝါးများအား အထူးစစ်ဆေးခဲ့ပါသည်။

Leave a Comments

SHARE