ဘန်ကောက်မြို့လယ်တွင် သေနတ်ရမ်းပစ်ခတ်သူအားရဲများဖမ်းဆီး

0

ထိုင်းနိုင်ငံဘန်ကောက်မြို့လယ်တွင် ယနေ့မနက်အာရုဏ်ဦးကတည်းက သေနတ်ရမ်းတမ်းပစ်ခတ်နေသောလူတဦးအား တာဝန်ရှိရဲများကဖမ်းဆီးခဲ့သည်။

Photo Credit to Thairat Online- ဘန်ကောက်မြို့တွင်း သေနတ်ရမ်းပစ်ခတ်မှုဖြစ်ပွါးသည့် နေရာတွင်ရဲများဝင်ရောက်ဝိုင်းရံထားပုံ

သေနတ်ပစ်ခတ်သူသည်အသက် ၄၈ နှစ်အရွယ် အမျိုးသားတဦးဖြစ်ပြီး ၎င်းနေထိုင်ရာ ကျူလား ၁၀ လမ်းရှိ အားကစားဝတ်စုံများရောင်းသည့်ဆိုင်တွင် သေနတ်အချက်ပေါင်း ၄၀ ထက်မနည်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

၎င်းသည်မနက် ၄ နာရီကတည်းက သေနတ်စတင်ပစ်ခတ်ခြင်းဖြစ်ပြီး တာဝန်ရှိရဲများ အာဏာပိုင်များက ဝင်ရောက်ဖြောင်းဖျခေါ်ယူပြောဆိုရာ မနက် ၁၀ နာရီခွဲအချိန်တွင် သေနတ်ပစ်သူအားဖမ်းဆီးထိန်းသိမ်းနိုင်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြထားသည်။

သေနတ်ပစ်ခတ်သူအမျိုးသားအား ရဲများက ထိန်းသိမ်းမေးမြန်းနေပုံ

၎င်းနှင့်နီးစပ်သည့် အသိုင်းအဝိုင်းက – ၎င်းသည်ငွေကြေးနှင့်ပတ်သက်ပြီး  စိတ်ရှုပ်ထွေးမှုဖြစ်ပေါ်သဖြင့်ထိုသို့ သေနတ်ရမ်းတမ်းပစ်ခတ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း – ပြောဆိုနေသော်လည်း လက်ရှိတွင် သေနတ်ပစ်ခတ်သူအား ထိုင်းရဲများက စစ်ဆေးနေဆဲဖြစ်သဖြင့် လက်ရှိနံနက် ၁၁ နာရီအထိ တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

အဆိုပါသေနတ်ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရမှုတော့မရှိခဲ့ပေ။

ထိုင်းနိုင်ငံတွင်  ငွေကြေးပြသနာကြောင့်ဟုဆိုကာ လူစည်ကားရာအရပ်တွင် ထိုသို့သေနတ်ပစ်ခတ်မှုမှာ ယခု ၂ လအတွင်းယခုတကြိမ်အပါအဝင် ၃ ကြိမ်ဖြစ်ပေါ်ခဲ့ပြီးဖြစ်သည်။

ဇန်နဝါရီလ ၉ ရက်နေ့က ထိုင်းနိုင်ငံ လုပ်ဘူရီမြို့ရှိ ရိုဘင်ဆန်စင်တာအတွင်းရှိရွှေဆိုင်တဆိုင်အား ကျောင်းအုပ်တဦး ဝင်ရောက်သေနတ်ပစ်ခတ်ကာ ရွှေများဓါးပြတိုက်ယူစဉ် စင်တာအတွင်းမှ လူ ၃ ဦး(ကလေးငယ်တဦးအပါအဝင်) သေဆုံးခဲ့ပြီးအများအပြားဒဏ်ရာရရှိခဲ့သည်။

ဖေဖော်ဝါရီလ ၈ ရက်နှင့် ၉ ရက်နေ့ကလည်း ခိုရတ်မြို့မှ စစ်သားတဦး ငွေကြေးပြသနာ၊ တပ်အတွင်း ခေါင်းပုံဖြတ်ခံရမှုပြသနာများကြောင့်မကျေနပ်ဟုဆိုကာ တပ်တွင်းလက်နက်သိုလှောင်ရုံမှ သေနတ်များဖြင့် ရပ်ရွာအတွင်းနှင့် ခိုရတ်မြို့ရှိ တာမီနာ ၂၁ ဈေးဝယ်စင်တာအတွင်းဝင်ရောက်ပစ်ခတ်သဖြင့် လူ ၃၀ ကျော်သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ၎င်းအား  စစ်တပ် အထက်အမိန့်ဖြင့် ပစ်သတ်ကာ အသေဖမ်းဆီးခဲ့သည်။

 

Leave a Comments

SHARE