ပြည်ထောင်စုနေ့ ဒေါ်အောင်ဆန်ုးစုကြည် ပင်လုံ သွားမည်

0

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် ကျင်းပမည့် ၇၃နှစ်မြောက် ပြည်ထောင်စုနေ့ ကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် ဟု သတင်းရရှိသည်။

Photo by Myanmar State Counsellor Office

ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့ (ဖေဖော်ဝါရီ ၁၁)ရက် တွင် တောင်ကြီးမြို့ သို့ ရောက်ရှိပြီး၊ ဖေဖော်ဝါရီ ၁၂ရက် ပြည်ထောင်စုနေ့ ကို သမိုင်းဝင် သည့် ပင်လုံမြို့သို့ သွားမည်။

ပင်လုံမြို့သည် ပြည်ထောင်စု နေ့ ဖြစ်ပေါ်လာရန် အတွက် ပင်လုံစာချုပ် လက်မှတ်ရေးထိုးသည့် နေရာဖြစ်သည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် သည် ပြည်ထောင်စုနေ့ တွင် ပင်လုံမြို့ ရှိ ဒေသခံ ပြည်သူများ နှင့် တိုင်းရင်းသားပြည်သူများကို တွေ့ဆုံပွဲ ပြုလုပ်သွားမည် ဟု သိရသည်။

“ ဒီနေ့ ညတော့ တောင်ကြီးမှာ အိပ်မယ်။ မနက်ဖန် ပင်လုံ သွားမယ်။ ပင်လုံမှာ မနက် ၁၀နာရီ ကနေ ၃နာရီထိပါ။ ပင်လုံ ကျောက်တိုင် စိုက်ထူခဲ့တဲ့ နေရာမှာ ဒေသခံ ပြည်သူနဲ့ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံ ပွဲပြုလုပ်ပါမယ်” ဟု ဒေါ်အောင်ဆန်း စုကြည် ခရီးစဉ်တွင် လိုက်ပါလာသည့် သူတဦးထံ သိရသည်။

Photo by Myanmar State Counsellor

လွန်ခဲ့သည့် ၂၀၁၇ ခုနစ် ဖေဖော်ဝါရီ ၁၂ရက် ပြည်ထောင်စုနေ့ တွင် လည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ပင်လုံမြို့ တွင် ပင်လုံ ငြိမ်းချမ်းရေး စကားဝိုင်း ကို ပြုလုပ်ခဲ့ပြီး၊ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့် ခေါင်းဆောင် များ၏ မိသားစုဝင်များနှင့်လည်း တွေ့ဆုံခဲ့သည်။

“ ပင်လုံ ခရီးစဉ်က ဒေါ်အောင်ဆန်းစုကြည် အတွက် ဒုတိယ အကြိမ်ပါ။ ဒီတကြိမ်ကတော့ထွေထူး တော့ရှိမယ်မထင်ဘူး။ လာမယ့် ရွေးကောက်ပွဲ အတွက် မဲဆွယ်တဲ့သဘောပဲ ကျနော်မြင်ပါတယ်” ဟု ပင်လုံမြို့ ဒေသခံ လူငယ် စိုင်းစွမ် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ပင်လုံမြို့ တွင် ပြုလုပ်မည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပွဲသည် အာဏာရ ပါတီ အစိုးရ က ဦးဆောင် ကျင်းပသည့် အခမ်းအနားဖြစ်ကြောင်း၊ လက်ရှိ အခမ်းအနား ကျင်းပရေး ကြီးကြပ်ရေးကော်မတီဝင်နေရာတွင် ဒေသခံပြည်သူများ ဝင်ရောက်ကြည့်ရှုခြင်းမရှိကြောင်းလည်း စိုင်းစွမ် ကပြောသည်။

“ ဒီအခမ်းအနားက အစိုးရ ဦးစီးလုပ်တာ။ သူတို့စီစဉ်တာ။ အရင်တခါတုန်းကတော့ ပြည်ထောင်စု အလံ နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အလံ ပဲ သုံးသွားတယ်။ ဒီတခါ တိုင်းရင်းသားအားလုံး အလံ ပါတင်ပေးဖို့ ကျနော်တို့ တောင်းဆိုထားပါတယ်” ဟု စိုင်းမိန်း က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အတွက် သက်ဆိုင်ရာ အာဏာပိုင်များက တောင်ကြီး၊ လွိုင်လင်၊ ပင်လုံ တွင် ပြေးဆွဲသည့် ယာဉ်များ ရပ်ဆိုင်းပေးရန်လည်း စာထုတ်ပြန်ထားသည်။

ထို့ပြင် ပြည်ထောင်စုနေ့တွင် အစိုးရ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်အဖြစ်သတ်မှတ်ထားသော်လည်း ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်ရှိသဖြင့် ပညာရေး ဝန်ကြီးဌာန မှ ကျောင်းသူ၊ ကျောင်းသားများကို အရပ်သားဝတ်စုံဖြင့် ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆိုရန် နှုတ်ဖြင့် ပြောဆိုလာသည်ဟုလည်း ကြားသိထားရသည်။

မကြာမီ အရေးကြီး ပုဂ္ဂိုလ် လာမည်ဖြစ်သဖြင့် ပင်လုံဒေသခံများနေထိုင်သည့် အိမ်ရှေ့တွင် ထုံးများ၊အမှိုက်များ၊ မြက်များ ရှင်းထားရန်လည်း ပင်လုံမြို့ နယ် စည်ပင်သာယာရေး ဌာန က ဖေဖော်ဝါရီ ၆ ရက်စွဲဖြင့် စာပို့ခဲ့သည်။

“ အခု အစိုးရ လုပ်နေတာက အရင် အတိုင်းပဲ။ ဘာမှ မပြောင်းလဲဘူး။ တအိမ်တယောက် မလာမနေရ ဆိုတာ က အရင်တုန်းက အတိုင်းပဲ” ဟု စိုင်းမိန်း က ဆိုသည်။

လက်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ ဦးဆောင်ပြီး ကျင်းပသည့် ပြည်ထောင်စုနေ့ သည် တိုင်းရင်းသားအားလုံး လိုလားမျှော်လင့်နေသည့် ပြည်ထောင်စု အစစ်အမှန် မဟုတ်သေးကြောင်း လည်း ပင်လုံဒေသခံများက မှတ်ချက်ချလိုက်သည်။

“ ကျနော်တို့ လိုချင်တဲ့ ပြည်ထောင်စုနေ့ က အခုထိ မရသေးဘူး” ဟု စိုင်းမိန်းက ပြောလိုက်သည်။

Leave a Comments

SHARE