သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နေ ရဟန်းပျိုတပါးအား ၁၂ ဉီးမြောက် သုစန္ဒီ လူငယ်ခေါင်းဆောင်ဆု ရှင် အဖြစ် ဆုအပ်နှင်းရေးကော်မတီက ရွေးချယ် ပေးအပ်(ဆက်ကပ်) လိုက်သည်ဟုသိ ရသည်။

အခမ်းအနားအား ထိုင်း-သျှမ်း နယ်စပ် မယ်ဆိုင်မြို့၌ ဇန္နဝါရီလ ၉ ရက် နံနက် ၉ နာရီ မှ ၁၂ နာရီအထိ ကျင်းပရာ ဆုအပ်နှင်းရေးကော်မတီ အပါအဝင် တက်ရောက်အားပေး သူ ၅၀ ကျော်ရှိသည်ဟု သိရသည်။
ဆုအပ်နှင်းသည့်အခမ်းအနားတွင် သုစန္ဒီ ဆုပေးအပ်ရေးအတွက် တည်ထောင်သူ (သီပေါ စော်ဘွား စဝ်ကြာဆိုင်၏ မဟာဒေဝီ) စဝ်သုစန္ဒီမှ ပေးပို့သော သဝဏ်လွှာကို ကျိုင်းတုံ – မောက်မယ် စော်ဘွားနွယ် စဝ်ယိင်းဖစ်ဖား က ဖတ်ပြခဲ့သည်။

“ပညာရေးဆိုတာ သျှမ်းပြည်သူပြည်သားတွေအတွက်တန်ဖိုးမဖြတ်နိုင်တဲ့ ဆုလာဘ်ကြီးဖြစ်ပါတယ်။ အရှင်ဘုရားလဲ သီရီလင်္ကာနိုင်၊ ထိုင်းနိုင်ငံတွေမှာ ပညာသွားရောက်ဆည်းပူးပြီး ဇာတိမြေပြန် စာသင်ကျောင်းတွေထူထောင်၊ လိုအပ်တဲ့ ကျောင်းအသုံးအဆောင်တွေပံ့ပိုး၊ လူငယ်တွေပညာရေးအလင်းရောင်ရဖို့ ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့တဲ့ စံပြလူငယ်ခေါင်းဆောင် အဖြစ် တပည့်တော်မ အနေနဲ့ အထူးဂုဏ်ယူ မိပါတယ်။ သီပေါ စော်ဘွားကြီး စဝ်ကြာဆိုင် နဲ့ တပည့်တော်မ တို့ဟာလည်း ပညာရေးဟာ သျှမ်းလူထု အတွက် အင်မတန် အရေးကြီးတယ်လို့လဲ မြင်မိပါတယ်” – ဟု ဆိုသည်။
အခမ်းအနားသို့ ဆုအပ်နှင်းရေးကော်မတီဝင်များဖြစ်ကြသည့် စဝ်ယိင်းဖစ်ဖား ၊ ဒေါက်တာဝစ် နှင့် နန်းချမ်တောင်းတို့အပြင် ဆုရှင် ၁၂ ဉီးအနက် – အရှင် သီရိဓမ္မ၊ စိုင်းရှဲန်ဖန်း၊ ဆရာမ နန်းလာ၊ နန်းနွမ်းဟွမ်၊ စိုင်းကောန်းဆိုင်၊ ဆရာစိုင်းပေတ တို့ တက်ရောက်သည်။
အများအတွက် ကိုယ်ကျိုးစွန်က အနစ်နာခံသည့် သျှမ်းလူငယ်များအား သီပေါစော်ဘွားကြီး၏ မဟာဒေဝီ စဝ်သုစန္ဒီက ၂၀၀၈ မှ စ၍ “သုစန္ဒီ” ဆု တနှစ်တယောက် ရွေးချယ် အပ်နှင်း လာခဲ့ ပါသည်။

သီပေါစော်ဘွား စဝ်ကြာဆိုင် ၏ မဟာဒေဝီ စဝ်နန်းဆုစန်ဒီ (သုစန္ဒီ) ခေါ် အင်ဂါဆားဂျင့်သည် လက်ရှိ တွင် အမေရိကန်နိုင်ငံတွင်နေထိုင်လျှက်ရှိနေပါသည်။ စော်ဘွားကြီး စဝ်ကြာဆိုင်မှာမူ ၁၉၆၂ ခုက ဗိုလ်ချုပ်နေ၀င်း ဉီးဆောင်သည့် ဗမာစစ်တပ် အာဏာသိမ်းစဉ် ဖမ်းဆီးခေါ်ဆောင်သွား ခဲ့သည် မှာ ယနေ့တိုင် ရှာမတွေ့ခဲ့ပေ။ တပ်မတော် အသိုင်းအဝိုင်း သတင်းအရ ရိုက်နှက်ခံရမှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိကာ ထိုစဉ် ကတည်းက အကျဉ်းထောင်တွင် နတ်ရွာစံသွားခဲ့ပြီဟု ပြောဆိုကြသည်။












Leave a Comments